အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ် စည်းရုံးရေး ခရီးစဉ်များတွင် တွေ့ကြုံရသော အခက်အခဲများနှင့် ပတ်သက်ပြီး ဖော်ပြသည့်သတင်းများကို စာပေစိစစ်ရေးက တင်းကျပ်ကြောင်း ပြည်တွင်း သတင်းဂျာနယ်များက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တနင်္ဂနွေနေ့က စစ်ကိုင်းတိုင်းခရီးစဉ်တွင် အားကစားကွင်းအတွင်းဟောပြောရန် လျှောက်ထားသော် လည်း မရရှိသဖြင့် မြစ်ကမ်းစပ်သဲသောင်ပြင်ပေါ်တွင် ဟောပြောခဲ့ရမှုကို သစ္စာဂျာနယ်ကရေးသားခဲ့ရာ စာပေစိစစ်ရေးက အပြည့်စုံ ဖော်ပြခွင့် မပြုဟု ဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးသောင်းထိုက် က ပြောပြသည်။
“ဒေါ်စု ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ကွင်းမရလို့ သဲကွင်းမှာကျင်းပရတယ်ဆိုတာကို ကွင်းမရဘူးဆိုတဲ့ စကားလုံးတွေကို ဖြုတ်တာ” ဟု ဦးသောင်းထိုက်က ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် ဖေဖော်ဝါရီလလယ်ပိုင်း ဖျာပုံခရီးစဉ်မှစ၍ လှည်းကူး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေး၊ စစ်ကိုင်း၊ မိတ္ထီလာ၊ တံတားဦး၊ နေပြည်တော် စသည့် ဒေသများ၌ဟောပြောရန် ကွင်းပြင်လွတ်များ ငှား ရမ်းရာတွင် အာဏာပိုင်များက ဟန့်တားမှုပြုလုပ်ခဲ့သည့် သတင်းများကိုလည်း စာပေစိစစ်ရေးက ဖြတ်တောက်မှုများပြုလုပ်ခဲ့ သည် ဟု ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာများက ပြောဆိုကြသည်။
ဒေါ်အောင်ဆန်းစုကြည် မန္တလေး မဲဆွယ်စည်းရုံးရေး ခရီးစဉ်အကြောင်း ရေးသားထားသည့် ဆောင်းပါးတပုဒ် ဆိုင်းငံ့ခြင်းခံခဲ့ရ သကဲ့ သို့ ပြည်ပအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) သတင်းဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်နှင့် အင်တာဗျူး ကဏ္ဍကိုလည်း စိစစ်ရေးက ဖော်ပြခွင့်မပြုခဲ့ဟု ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
အလားတူ နေပြည်တော်ရှိ မြို့နယ် လေးခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လေးဦး၏ မဲဆန္ဒနယ်မြေများ၌ ပါတီ ဆိုင်းဘုတ်များ ဖျက်ဆီးခြင်းခံရမှုများအပါအဝင် အာဏာပိုင်များက ခြိမ်းခြောက်မှုများကို ရေးသားခဲ့သော်လည်း စာပေစိစစ်ရေးက အပုဒ်လိုက် ဖြတ်တောက်ခြင်းများရှိသည်ဟုလည်း ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်သတင်းများ ဖော်ပြခွင့် ပိတ်ပင်ခံရမှုအများဆုံး ဂျာနယ်များထဲတွင် မြန်မာပိုစ့်ဂျာနယ်နှင့် ပြည်မြန်မာ ဂျာနယ်တို့လည်း ပါဝင်ကြောင်း သိရသည်။
ထို့အပြင် ဂျာနယ်များက တင်ပြသည့် တခြားသော သတင်းနှင့် ဆောင်းပါးများကို အပုဒ်လိုက်ဖြတ်တောက်ခြင်းများပြုလုပ်သကဲ့သို့ ခေါင်းစဉ်နှင့် စာပိုဒ် တချို့ကိုလည်း စိစစ်ရေးက ၎င်းတို့အာဘော်အတိုင်းပြုပြင်ရေးသားကြောင်း အယ်ဒီတာများက ပြောဆိုသည်။
“ကျနော်တို့က ဆင်းရဲမွဲတေလို့သုံးထားတာကို သူတို့က ဆင်းရဲနွမ်းပါး လို့သုံးတယ်။ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားလို့ သုံး ထားတာကို သူတို့က ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူလို့ ပြောင်းလိုက်တယ်။ တချို့ ကျနော်တို့ဆီက ဆောင်းပါးတွေ ဆိုရင် အပိုဒ်လိုက်ကို သူတို့အာဘော်အတိုင်းပြင်ရေးတာတွေ လုပ်တယ်”ဟု ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာ တဦးက ဧရာဝတီ သို့ပြောသည်။
Open News Journal အယ်ဒီတာချုပ် ဦးသီဟစောကလည်း“ပယ်တာဖြုတ်တာတွေ ရှိတာပေါ့။ အပတ်စဉ်တိုင်းကို ရှိတယ်။ ခေါင်း စဉ်တွေ၊ စာပိုဒ်တွေ လိုက်ပြင်တာက အစလုပ်တယ်”ဟု ပြောသည်။
စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး ထောက်ပြရေးသားထားသည့် ဝါရင့်သတင်းစာဆရာကြီး လူထု စိန်ဝင်း ၏ “မရဲတရဲနဲ့ ရေးကြည့်လိုက်တာပါ”အမည်ရှိ Weekly Eleven ဂျာနယ်တွင် ဖော်ပြသည့် ဆောင်းပါးကိုလည်း စိစစ်ရေးက ခွင့်မပြုခဲ့ပေ။
ထိုဆောင်းပါးတွင်“သတင်းသမားတို့ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေ ဆိုတာလည်း သတင်းသမားတွေကိုယ်တိုင် ဆွေးနွေးတိုင်ပင်ရေးဆွဲရမှာ ဖြစ်တယ်။ ဆရာဝန်တွေအတွက် ကျင့်ဝတ်ကို ဆရာဝန်မဟုတ်သူတွေကို ရေးခိုင်းလို့မဖြစ်ပါဘူး။
ဆရာဝန်တွေ ကိုယ်တိုင်ရေးမှ အဓိပ္ပာယ် ရှိပါတယ်။ အဲဒါကြောင့် လုံး၀ လွတ်လပ်တဲ့ သတင်းစာဆရာ အသင်းတို့၊ သတင်းထောက် အသင်းတို့ ပေါ်ထွက်လာဖို့ အရင်ဆုံး လုပ်ရပါမယ်။ ဒါကိုမလုပ်ဘဲနဲ့ သတင်းမီဒီယာ ကျင့်ဝတ်စည်းကမ်း ရေးဆွဲတာ ဖြစ်ဖြစ်၊ မီဒီယာဥပဒေ ပြ ဌာန်းတာဖြစ်ဖြစ်၊ အောင်မြင်လာဖွယ် မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်လို သတင်းသမား စစ်စစ်မျိုးမှ လက်ခံနိုင်မှာ မဟုတ် လို့ပါ”ဟု ပါရှိသည်။
မက်လ ၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် သမ္မတ ဦးသိန်းစိန်က အစိုးရ သက်တမ်းတနှစ်ပြည့် မိန့်ခွန်းပြောကြားရာတွင် “စတုတ္ထမဏ္ဍိုင်များအနေနဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို မျှမျှတတ ထိန်းကျောင်းဆောင်ရွက်သွားနိုင်စေ ဖို့ အမျိုးသား စာနယ်ဇင်း ကောင်စီ ကို ဖွဲ့စည်းထူထောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ထည့်သွင်း ပြောကြားထားသည်။