မကြာသေးမီက ပြည်တွင်းပြည်ပမှာ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ပြောဆိုနေတာက မြန်မာပြည်ကြီး အကြွေးတင်နေတယ် ဆိုတဲ့အကြောင်းအရာပါပဲ။
သယံဇာတ အများအပြား ထွက်နေတဲ့ မြန်မာနိုင်ငံကြီးဟာ ပြည်ပကြွေးမြီ ဒေါ်လာ ၁၁ ဘီလီယံကျော် တင်နေတယ် တဲ့။
ဦးနေဝင်း အစိုးရ နဲ့ နအဖ စစ်အစိုးရ ချေးယူခဲ့တဲ့ အကြွေးစာရင်းကို အခု သူတို့ရဲ့ နောက်ပေါက် တမတ်သားအစိုးရက ပထမဆုံး သတင်းထုတ်ပြန်လိုက်ခြင်းပါ။
ဒီလို ပွင့်ပွင့်လင်းလင်းသတင်းထုတ်ပြန်ပေးတာကိုပဲ ကျေးဇူးတင်ရမလား၊ ဒီလို သတင်းမျိုးကို မကြားရရင် အကောင်းသားလို့ ပြောရမလား ဆိုပြီး မြန်မာပြည်သူတွေအကြား အံ့သြ အပြစ်တင် ဝမ်းနည်းသံတွေကတော့ မိုးလုံး ညံနေပါတော့တယ်။
သြော် … ဟို ကျေးဇူးရှင်အစိုးရတွေဟာ တိုင်းသူပြည်သားတွေအတွက် အမွေတွေ ချန်ထားခဲ့တာပါလား၊ ဒီလောက် အကြွေးတင်ရလောက်အောင် တိုင်းပြည်နဲ့ လူထုအတွက် ဘာတွေများ သုံးခဲ့လို့လဲ ဆိုပြီး ပြောသူတွေကလည်း ပြောကုန်ကြပါပြီ။
ရှေးဘုရင်မင်းများလက်ထက်မှာ တိုင်းသူပြည်သားတွေက သူတို့မှာ တင်နေတဲ့ အကြွေးတွေကို အရှင်မင်းကြီး ဆပ်ပေးဖို့ အသနားခံကြအခါမှာ ဘုရင်ကြီးက “ဘာမှ မစိုးရိမ်လေနဲ့။ ဖြေရှင်းပေးတော်မူမယ်” ဆိုတဲ့ စကားနဲ့အညီ “ကြွေးတင် ရှင်ဘုရင်ဆပ်” ဆိုတဲ့ စကားပုံတရပ် ရှိခဲ့ဖူးပါတယ်။
ကဲ မစပ်စုတို့ မြန်မာနိုင်ငံရဲ့ အရှင်မင်းကြီးများကရော ဘယ်ရောက်သွားပါလိမ့်။ တိုင်းသူပြည်သားတွေကရော ဘယ်မှာများသွားရောက် အသနားခံ တောင်းဆိုကြရပါလိမ့်မလဲလို့ တွေးတောစရာဖြစ်နေပါပြီ။
တချို့တွေကလည်း ယခင် စစ်အစိုးရနဲ့ နီးစပ်တဲ့အရှိန်တွေကြောင့် တိုင်းပြည်ရဲ့ အဓိက စီးပွားရေး အခန်းကဏ္ဍတွေကို ရရှိထားကြတဲ့ ဦးတေဇ (Htoo Trading Company)၊ ဦးဇော်ဇော် (Max Myanmar Group) မိုက်ကယ်မိုးမြင့် (Myint & Associates Group)၊ ဇေကမ္ဘာ ဦးခင်ရွှေ (Zaykabar Company)၊ ဦးအိုက်ထွန်း (Olympic Construction Company)၊ ဦးဌေးမြင်(Yuzana Company)၊ ဦးထွန်းမြင့်နိုင် (Asia World Company) စတဲ့ စတဲ့ ကမ္ဘာ့ အချမ်းသာဆုံးစာရင်းများတောင် ဝင်နေမလား မသိနိုင်တဲ့ နာမည်ကြီး စီးပွားရေးသမားကြီးတွေကများ စုပေါင်းပြီး ဒီအကြွေးတွေကိုများ ဆပ်ပေးလိုက်ရင်.. ဆိုတဲ့ အသံတွေကလည်း ထွက်လာပါတော့တယ်။
စပ်မိလို့ ပြောရရင် မြန်မာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အဆိုတော် သရုပ်ဆောင် မင်းသမီးများကို ပိုက်ဆံထောင်တန် အုပ်လိုက် ဆုချီးမြှင့်နေတဲ့ ဓာတ်ပုံတွေ ဖေ့ဘုတ် စာမျက်နှာတွေပေါ် မကြာသေးမီက ရောက်လာတာနဲ့ ပတ်သက်ပြီး ဖြေရင်းချက်တောင် ထုတ်လိုက်ရပါသေးတယ်။
ဇေကမ္ဘာ ဦးခင်ရွှေကလည်း လွတ်ငြိမ်းချမ်းသာခွင့်ရနေတဲ့ စစ်ထောက်လှမ်းရေးချုပ်ဟောင်း ဦးခင်ညွန့် အလုပ်လက်မဲ့ ဖြစ်နေရှာတယ် ဆိုပြီး အလုပ်အကိုင် ပေးထားပါတယ်။ ဒါဟာ ကျေးဇူးဆပ်လိုက်တာပါလို့ ဆိုပါတယ်။
အဲ့ဒီလို သဒ္ဓါတရား ကျေးဇူးတရားများ နားလည် သိတတ်လှတဲ့ မြန်မာပြည်ရဲ့ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင်ကြီးများကရော မြန်မာပြည် တင်နေတဲ့ အကြွေးတွေ ဆပ်ပေးလိုက်ရင် ကောင်းလေမလားလို့ မစပ်စုနဲ့အတူ ပြည်သူတွေလည်း တွေးမိကြမယ် ထင်ပါတယ်။
အခုတော့ “ကြွေးတင်ရှင်ဘုရင်ဆပ်”ဆိုတဲ့ စကားပုံလေးက “ကြွေးတင် ပြည်သူဆပ်” ဆိုပြီး ပြောင်းသွားလေတော့မလားလို့ စိုးရိမ် ပူပန်ရင်း..။
ခင်ဗျားပါးစပ် ဆက်ပိတ်ထား
မြန်မာ့ရုပ်ရှင်အစည်းအရုံးဟာ NGO လို ရပ်တည်ရမယ်၊ အစိုးရနဲ့မဆိုင်တဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်သွားမယ် ဆိုပြီး မြန်မာ့ရုပ်ရှင်လောကသားတွေ တကြော်ကြော် တောင်းဆိုနေရာကနေ မတ်လ ၁၂ ရက်နေ့ နောက်ပိုင်းမှာ အစည်းအရုံးရဲ့ နာယက၊ အမှုဆောင်သစ်တို့ကို စိတ်ကြိုက် ရွေးချယ်တင်မြှောက်ခွင့် ရခဲ့ပါတယ်။
ဒီကိစ္စကို မြန်မာ့ရုပ်ရှင်လောကသားတွေနဲ့ ရုပ်ရှင်လုပ်ငန်း ဖေဖော်ဝါရီလ ၂၉ ရက်နေ့က တွေ့ဆုံ ညှိနှိုင်းခဲ့တာပါ။
“အခုလို လုပ်လိုက်တဲ့အခါမှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ချုပ်ကိုင်မှု မပါတော့ဘူး။ နောက် … မဲရွေးတဲ့အခါမှာ ရွေးကောက်တဲ့ အခါမှာ မပါဘူးလို့ ပြောထားပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ရုပ်ရှင်လုပ်ငန်းရဲ့ အုပ်စီးမှု မပါတော့ဘူးပေါ့။ အရင်ကတော့ အနုပညာသည်က တခုခုပြောလိုက်ရင် ခင်ဗျားပါးစပ် ပိတ်ထား၊ ထိုင်ဆိုရင် ထိုင်ရတဲ့ အခြေအနေမျိုး မရှိတော့ဘူးပေါ့” လို့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ဧရာဝတီကို ပြောခဲ့ပါတယ်။
သူပြောသလို “ခင်ဗျားပါးစပ် ပိတ်ထား” ဆိုတဲ့အခြေအနေ မရှိတော့ဘူးလို့ ယူဆရတာပေါ့လေ။
စောစောက ပြောသလို စိတ်ကြိုက် လုပ်ခွင့် ပေးလိုက်ရာကနေ ပြန်ကြားရေးဌာန ဦးဆောင်ညွှန်မှူး၊ ရုပ်ရှင်လုပ်ငန်း ဦးဆောင်ညွှန်မှူး တို့က ရွေးကောက် တင်မြှောက်ရာမှာ ပါဝင် လုပ်ဆောင်သွားမယ် လို့ မတ်လ ၂ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ပြောသွားပြန်ပါပြီ။
ရုပ်ရှင်လောကသားတွေမှာတော့ ဝမ်းနည်းရမလို ဝမ်းသာရမလိုနဲ့ အပြောင်းအလဲ မြန်လှချည်လားရယ်လို့ ပြောဆိုကုန်ကြပါပြီ။
“နိုင်ငံတိုးတက်ကောင်းမွန်အောင် လုပ်နေတဲ့လူ နဲ့ နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်းကို နောက်ပြန်ဆွဲနေတဲ့လူ နှစ်ခု ရှိရင်တော့ ကောင်းတာလုပ်တဲ့လူကိုပဲ ဦးစားပေးလိမ့်မယ်လို့ ကျနော်တို့ မြန်မာတွေက ယုံကြည်တယ်ဗျ” လို့ မောင်မျိုးမင်းက ဆိုလိုက်ပါတယ်။
အခုတော့ ရုပ်ရှင်လောကသားတွေ စိတ်ကြိုက် လွတ်လပ်စွာ ရွေးကောက် တင်မြှောက်ခွင့်ရဖို့ တောင်းဆိုထားတာပါ ဆိုမှ ပြန်ကြားရေးနဲ့ ရုပ်ရှင်လုပ်ငန်းကပဲ ကြီးကြပ် လုပ်ကိုင်မယ်လို့ ချက်ချင်း စိတ်ပြောင်းသွားပြန်တော့ “ခုတမျိုးတော်ကြာတမျိုး” လို့ ပြောတာထက် ၊ “ခုတမျိုး ခုတမျိုး” လို့ ဆိုရင် ပိုပြီး သင့်တော်မယ် ထင်ပါတယ်။