ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် အစိုးရတို့ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရေးအပါအဝင်အချက် ၃ ချက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။
KNPP အတွင်းရေးမှူး (၁) ခူးဦးရယ် ဦးဆောင်သည့် KNPP ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရဖက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သောအဖွဲ့တို့ တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးစခန်းများ ထားရှိရေးနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမည့် အချိန်၊ နေ့ရက်၊ နေရာတို့ ညှိနှိုင်းရန် သဘောတူညီခဲ့ကြသည်။
“နှစ်ဖက် အပစ်အခတ် ရပ်စဲမယ်ဆိုတဲ့ သဘောတူညီချက် ရခဲ့ပါတယ်။ ကျနော်တို့ တောင်းဆိုထားတဲ့ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲဖို့တော့ သမ္မတဆီ တင်ပြပေးမယ် ပြောတယ်” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် KNPP ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် ခူးဒယ်နီယယ်က ဧရာဝတီသို့ ပြောသည်။
လေ့လာစောင့်ကြည့်သူ နိုင်ငံတကာအဖွဲ့အစည်းများ ပထမဦးဆုံး တက်ရောက်ခွင့်ရခဲ့သည့် KNPP နှင့် အစိုးရတို့၏ ဆွေးနွေးပွဲတွင် တပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲကြောင်း ကြေညာပေးရန်၊ KNPP အား မတရားသင်း ကြေညာခြင်းမှ ဖျက်သိမ်းပေးရန်နှင့် အပစ်အခတ် ရပ်စဲပြီးနောက် ၆ လအတွင်း နိုင်ငံရေးဆွေးနွေးမှု စတင်ရန် အပါအဝင် အချက် ၂၀ ကို KNPP ဖက်မှ တောင်းဆိုခဲ့သည်။
အစိုးရကိုယ်စားလှယ်အဖွဲ့က အချက်တချို့ကို မူအားဖြင့် သဘောတူညီခဲ့သော်လည်း ကရင်နီ ပြည်နယ်အတွင်း စစ်ဆင်ရေးများအားလုံး ရပ်ဆိုင်းရန်၊ အစိုးရတပ်များ ထပ်မံတိုးချဲ့ခြင်း မပြုလုပ်ရန်နှင့် အပစ်အခတ် ရပ်စဲပြီး ရက်ပေါင်း ၆၀ အတွင်း အစိုးရတပ်များ ပြန်လည် ရုပ်သိမ်းပေးရန်၊ ပြည်နယ်အတွင်း စစ်ရေးလေ့ကျင့်မှုများနှင့် စစ်သင်တန်းကျောင်းများ တည်ဆောက်နေမှု ရပ်တန့်ထားရန် စသည့်အချက်များကို သမ္မတဦးသိန်းစိန်ထံ ပြန်လည် တင်ပြပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
“အချက် ၂၀ ထဲမှာ ကျနော်တို့ အဖွဲ့အစည်းနဲ့ သက်ဆိုင်တာ ၉ ချက်လောက်ပဲ ပါမယ်။ အဲဒီထဲက ၄ ချက်က သူတို့ ဆုံးဖြတ်ချက် ချလို့ မရသေးဘူး။ သူတို့ သဘောမတူတဲ့အချက်တွေက ကျနော်တို့အတွက် အဓိကကျတဲ့ အချက်တွေပါပဲ” ဟု KNPP ဗဟိုကော်မတီဝင်လည်းဖြစ်သူ ခူးဒယ်နီယယ်က ပြောသည်။
ထိုအချက်များအားလုံးကို ထပ်မံပြုလုပ်မည့် ပြည်ထောင်စုအဆင့် အစည်းအဝေးတွင် ဆွေးနွေးသွားရန် နှစ်ဖက် ကိုယ်စားလှယ်များ သဘောတူညီခဲ့ကြသော်လည်း အစည်းအဝေး ကျင်းပမည့်ရက်ကိုမူ မသတ်မှတ်ရသေးကြောင်း သိရသည်။
“ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချက်တွေကို တင်ပြပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက် တိတိကျကျနဲ့ သဘောတူညီချက်တွေ မရသေးတဲ့အတွက် သိပ်တော့ အားမရဘူး” ဟု KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က ပြောသည်။
သို့သော် တခြားအဖွဲ့များ မရရှိခဲ့သည့် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများ ရှေ့မှောက်တွင် ဆွေးနွေးခွင့် ရခဲ့သည့်အတွက် အားရမိကြောင်း ၎င်းက ဆက်ပြောသည်။
ယမန်နေ့ ဆွေးနွေးပွဲသို့ လေ့လာစောင့်ကြည့်သူအဖြစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ဟန်တန် ဖက်ဒ်၊ ရန်ကုန်မြို့ ဗြိတိသျှသံရုံး ဒုတိယအတွင်းဝန် မစ္စတာ ဂျိုးဖစ်ရှန်နှင့် ရန်ကုန်မြို့ အမေရိကန်သံရုံး ကောင်စစ်ဝန် မစ္စတာ အန်ဒရူး ဝက်ဘ်စတာတို့ တက်ရောက်ခဲ့ကြသည်။
အစိုးရနှင့် KNPP တို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဒုတိယအကြိမ် တွေ့ဆုံခဲ့စဉ်က နိုင်ငံတကာအဖွဲ့အစည်းများ လေ့လာနားထောင်ခွင့်ပေးရန် တောင်းဆိုခဲ့သည့်အတွက် ၎င်းတို့ ၃ ဦးကို တက်ရောက်ခွင့် ပေးခဲ့ခြင်းဖြစ်သည်ဟု ဦးအောင်မင်းက ပြောဆိုကြောင်း သိရသည်။
ယမန်နေ့က ဆွေးနွေးပွဲသို့ ရောက်ရှိလာသည့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွင် ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ စက်မှုဝန်ကြီး ဦးစိုးသိန်းနှင့် သယ်ယူ ပို့ဆောင်ရေးဝန်ကြီး ဦးဉာဏ်လင်းအောင် စုစုပေါင်း ဝန်ကြီး ၆ ဦးအထိ ပါဝင်သည်။
“ဝန်ကြီး ၆ ယောက်စလုံးက အချက်အလက်တွေ အပေါ်မှာ အားလုံးတာဝန်ယူတယ်။ သူတို့ဘက်က မှားတယ်ဆိုရင်လည်း ဥပဒေအကြောင်းအရ တရားစွဲဖို့အထိ ပြောပါတယ်” ဟု ခူဒယ်နီယယ်က ပြောသည်။
KNPP နှင့် အစိုးရတို့သည် အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတို့တွင် ထိုင်းနိုင်ငံ၌ ပဏာမအဆင့် နှစ်ကြိမ် တွေ့ဆုံခဲ့ကြသည်။
KNPP သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သော်လည်း ၃ လ အကြာ ဇွန်လ ၂၉ ရက်နေ့တွင် ပျက်ပြယ်သွားခဲ့သည်။