ရွှေဝါရောင် လှုပ်ရှားမှု ဦးဆောင် သံဃာတော် တပါးဖြစ်သော အရှင်ဂမ္ဘီရသည် အာဏာပိုင်များ၏ ဒုတိယအကြိမ်ခေါ်ယူစစ်ဆေး ခံခဲ့ရပြီး ယမန်နေ့ည ၉ နာရီခန့်က ပြန်လည်လွတ်မြောက်လာသည်။
“ညက လွတ်လာတယ်”ဟု အရှင် ဂမ္ဘီရက ဧရာဝတီကို ပြောသည်။
မတ်လ ၆ ရက်နေ့ည ၁၀ နာရီကျော်က ရန်ကုန်တိုင်း မြောက်ဒဂုံမြို့သစ်ရှိ မောင်နှမတော်သူ မခင်သူဌေးနေအိမ်၌ သတင်းသုံး နေစဉ် အရှင်ဂမ္ဘီရနှင့် ညီဖြစ်သူ ကိုလွင်မောင်မောင်၊ ကိုထွန်းထွန်းဦး တို့ကို အထူးရဲ အရာရှိတဦးနှင့်အဖွဲ့က လာရောက်ခေါ် ဆောင်သွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲ အထူး သတင်းတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ နံနက် ၄ နာရီခန့်အထိ စစ်မေးခဲ့ကြောင်းလည်း သိရသည်။
အရှင် ဂမ္ဘီရ၏ညီဖြစ်သူ ကိုလွင်မောင်မောင်က“ဟိုမှာ သူတို့ မေးတာကတော့ ကချင်ပြည်နယ် ခရီးစဉ်ကိုမေးတာ။ ကချင် ပြည် နယ်ကို ဘာလုပ်ဖို့သွားတာလဲ သူတို့က မေးတာ။ ဦးပဉ္ဇင်းက ပြန်ပြောလိုက်တာက ကချင်ပြည်နယ်ခရီးစဉ်က စစ်ဘေးဒုက္ခသည် တွေကို သွား ကူညီတာပေါ့။ ဗီဒီယို မှတ်တမ်းတွေလည်း ရှိတယ်ပေါ့။ ခင်ဗျားတို့ ကြည့်လို့ရတယ်ဆိုပြီး ဖြေခဲ့ပါတယ်”ဟု ပြောသည်။
အရှင် ဂမ္ဘီရနှင့် သံဃာတပါးတို့သည် လွန်ခဲ့သည့် ရက်သတ္တပတ်က ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး စစ်ဘေးကြောင့် မငြိမ်း ချမ်းသည့် အပြစ်မဲ့ ပြည်သူများကို စာနာသည့်အတွက် သွားရောက်လှူဒါန်းခြင်းဖြစ်သည်ဟုလည်း သူက ဆိုသည်။
“ကျနော်တို့ကို စစ်မေးတာတော့ ကောင်းကောင်းမွန်မွန်ပါဘဲ။ မအိပ်ခဲ့ရတာဘဲ ရှိတာပါ”ဟု ကိုလွင်မောင်မောင်က ဆက်ပြော သည်။
အရှင်ဂမ္ဘီရသည် ၂၀၀၇ ခုနှစ်ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနောက်ပိုင်း ထောင်ဒဏ် ၆၃ နှစ်ချမှတ်ခံရပြီး သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇန်နဝါရီလ ၁၃ ရက်နေ့က မြောင်းမြ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။
အကျဉ်းထောင်က ပြန်လွတ်မြောက်လာပြီးနောက် အရှင်ဂမ္ဘီရသည် ယခင်စစ်အစိုးရက ချိတ်ပိတ်ထားသည့် ရန်ကုန်မြို့ရှိ မဂ္ဂင် ကျောင်းတိုက်ကို သော့ဖျက်ဝင်ရောက် သီတင်းသုံးနေထိုင်ခဲ့သည်။ ထိုသို့ ပြုလုပ်သည်မှာ အပြစ်ရှိသည်ဟု ဆိုပြီး နိုင်ငံ တော် သံဃ မဟာနာယက အဖွဲ့(မဟန)က ဆင့်ခေါ်သည်ကို သွားရောက်ခြင်း မရှိသည့်အတွက် အာဏာပိုင်များက ဖေဖော်ဝါရီလဆန်း၌ ပထမအကြိမ် ခေါ်ယူ၍ မဟန ဆရာတော်ကြီးများထံ ပို့ဆောင်ခဲ့သည်။
ထိုစဉ်က ဝိနည်းနှင့်အညီနေထိုင်မည်ဖြစ်ကြောင်း ခံဝန်လက်မှတ်ရေးထိုးခဲ့ပြီး သင်္ကန်း ပြန်လည်ဝတ်ခွင့်ကိုမူ လက်မှတ် မထိုး ခဲ့ဘဲ ကျန်ရှိ နိုင်ငံရေးအကျဉ်းသား သံဃာတော်များ ပြန်လွှတ်ပေးရေး ပါဝင်သည့် တောင်းဆိုစာ တစောင်ကိုလည်း မဟန ဆရာတော်ကြီးများထံ အရှင် ဂမ္ဘီရက တင်ပြခဲ့သည်။
ထို့အပြင် အရှင်ဂမ္ဘီရသည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်သော အားနည်းချက်များကိုလည်း လူသိရှင်ကြား ဝေ ဖန် ထောက်ပြသည်။
“သံဃ မဟာနာယကနဲ့ ဦးပဉ္ဇင်းက နားလည်မှုရထားပြီးသား၊ ဘာမှ ပြဿနာမရှိဘူးဆိုတာကိုလည်း ပြော ခဲ့တယ်”ဟု ကိုလွင် မောင်မောင်က ဆိုသည်။
ဖေဖော်ဝါရီ ၁၉ ရက်က နိုင်ငံပိုင် သတင်းစာများတွင် အရှင်ဂမ္ဘီရအား ဓမ္မစက်ဖြင့်ဆိုဆုံးမ၍ မရတော့သောကြောင့် အာဏာ စက်ဖြင့် အရေးယူတော့မည်ဟု ထုတ်ပြန်ခဲ့သည်။
ယင်းနောက်ပိုင်းတွင် အရှင်ဂမ္ဘီရ သည် ကချင်ပြည်နယ် ခရီးစဉ်ကို သွားရောက်ခဲ့ခြင်း ဖြစ်သည်။