သမ္မတဦးသိန်းစိန်က ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲသည် သန့်ရှင်းလွတ်လပ် မျှတမှုရှိမည်ဟု အာမခံလိုက်ကြောင်း နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရေး မက်ခူလီက ပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင်တွေ့ဆုံအပြီး ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကြားဖြတ်ရွေးကောက်ပွဲ သန့်ရှင်းမျှတမယ်လို့ အာမခံချက်တွေ သမ္မတကြီး၊ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် မြန်မာအစိုးရ အရာရှိတွေဆီက ရရှိထားပါတယ်။ ရွေးကောက်ပွဲက သန့်ရှင်းမျှတ လွတ်လပ်မယ်ဆိုရင် လက်ခံမယ်ဆိုတာကို ကျနော် မနေ့က နေပြည်တော်မှာ သမ္မတကြီးအပါအဝင် အစိုးရအရာရှိတွေနဲ့ တွေ့ဆုံတုန်းက ပြောခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ သန့်ရှင်းမျှတလွတ်လပ်ဖို့ဆိုတာ လုပ်စရာတွေ အများကြီးရှိပါတယ်” ဟု မစ္စတာ မာရေး မက်ခူလီက ဆိုသည်။
“ကျနော်လာတဲ့ခရီးစဉ်က နယူးဇီးလန်အစိုးရကိုယ်စား လာရောက်တာဖြစ်ပြီး မြန်မာ့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ ကျနော်တို့ရဲ့ စိတ်ဝင်စားမှုကို ပြဖို့ဖြစ်သလို ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရဖို့ မျှော်လင့်ပါတယ်။ ဒီရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းအတွက် အင်မတန်မှ အရေးကြီးတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်” ဟု မစ္စတာ မက်ခူလီက ဆက်လက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က “နယူးဇီလန်က ကျမနှစ်သက် သဘောကျတဲ့နိုင်ငံတွေထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။ နိုင်ငံသေးတခုဖြစ်ပေမယ့် အခြေအနေတွေကို နားလည်သဘောပေါက်မှုတွေက နိုင်ငံကြီးတွေထက် သာပါတယ်။ ကျမတို့နိုင်ငံက နိုင်ငံကြီးတခု မဟုတ်သလို၊ နိုင်ငံသေးတခုလည်း မဟုတ်ပါဘူး။ ကျမတို့ နိုင်ငံမှာ ဖြေရှင်းဖို့ ပြဿနာတွေ အများကြီးရှိပါတယ်။ နယူးဇီလန်အနေနဲ့ ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှု လမ်းကြောင်းမှာ မိတ်ဆွေကောင်းတဦးအနေနဲ့ ဆက်လက်ကူညီသွားမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။
မစ္စတာ မက်ခူလီသည် သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လွှတ်တော်ဥက္ကဋ္ဌများနှင့်လည်း ခရီးစဉ်အတွင်း တွေ့ဆုံခဲ့သည်။