ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို နိုင်ငံတော် ပုန်ကန်မှု၊ မတရား အသင်း ဆက်သွယ်မှု ပုဒ်မများဖြင့် လာမည့်အင်္ဂါနေ့တွင်စီရင်ချက်ချရန် အင်းစိန်ထောင် တရားရုံးက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
သေဒဏ် (သို့) တသက်တကျွန်း အပြစ်ပေးနိုင်သော နိုင်ငံတော်ကို စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်မှု ပုဒ်မ ၁၂၂/၁ နှင့် ထောင်ဒဏ် ၃ နှစ် အပြစ်ပေးနိုင်သော မတရားအသင်း ပုဒ်မ ၁၇/၁ တို့ဖြင့် အင်းစိန် အထူးတရားရုံးက ယနေ့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပဒိုမန်းငြိမ်းမောင်၏ရှေ့နေ ဦးကြီးမြင့် က ပြောပြသည်။
“အင်္ဂါနေ့ကို အပြီးသတ် အမိန့်ချမှတ်မယ်။ ဒီနေ့လျှောက်လဲချက် ပေးရတယ်”ဟု ဦးကြီးမြင့် က ဧရာဝတီသို့ ပြောသည်။
ယနေ့ နှစ်ဘက်လျှောက်လဲချက်ပေးရာတွင် တရားလိုဖြစ်သူ အစိုးရဘက်က အမိန့်ချမှတ်နိုင်ရန် ဆွဲဆိုချက်နှင့် ပတ်သက်၍ အင်တာနက်တွင်တွေ့ရှိရသော ပဒိုမန်း ငြိမ်းမောင်၏ ရာထူးတာဝန်နှင့် လုပ်ကိုင်ဆောင်ရွက်မှုများ၊ ကာယကံရှင်ကိုယ်တိုင် ထွက် ဆိုချက်များကို ကိုးကားတင်ပြသွားသည်ဟု ဆိုသည်။
“ပဒိုမန်းငြိမ်းမောင်ကို စစ်တဲ့အခါ၊ အပြန်အလှန်မေးတဲ့အခါကြတော့ သူဟာ KNU ဗဟိုကော်မတီဝင် ဆိုတာမှန်တယ်။ သူဟာ သူ့လူမျိုးတွေအတွက် ခုခံစစ်ပွဲတိုက်ရတယ်။ အဲဒီလိုမှ မတိုက်ဘူးဆိုရင် ကရင်လူမျိုးတွေပြုတ်လိမ့်မယ်။ လ့ူ့အခွင့် အရေးတွေချိုးဖောက်ခံနေရတယ်။ ဒါကြောင့် ခုခံတိုက်ပွဲဆင်နွှဲနေရတယ်ဆိုပြီး အဲဒီအကြောင်းတွေ ထွက်ဆို တယ်ခင်ဗျ”ဟု ဦးကြီးမြင့် က ပြော သည်။
အစိုးရဘက်မှ စွပ်စွဲချမှတ်သော ဥပဒေပုဒ်မများနှင့်ပတ်သက်ပြီး မူလက သမ္မတ ဦးသိန်းစိန်၏ ခွင့်ပြုမိန့်ဖြင့် ချမှတ်ရမည် ဖြစ် သော်လည်း သမ္မတ အမိန့်စာ တွဲလျက်မပါရှိဘဲ ပြည်ထဲရေးဝန်ကြီး တဦးတည်း၏ လက်မှတ်ထိုးထားမှုဖြင့် တရားစွဲဆိုခြင်း ဖြစ် သကဲ့သို့ KNU ကိုပစ်မှတ်ထားစွဲဆိုခြင်းမှာလည်း တရားမျှတမှု မရှိကြောင်း ရှေ့နေ ဦးကြီးမြင့်ကလည်း ပြန်လည်လျှောက်လဲချက် ပေးခဲ့သည်ဟု သိရသည်။
“KNU ကနေခွဲထွက်သွားတဲ့အဖွဲ့တွေ ၄-၅ ဖွဲ့ရှိတယ်၊ အဲဒီအဖွဲ့တွေကြတော့ ငြိမ်းချမ်းရေးယူထားတယ်ဆိုပြီး လက်နက်တွေကိုင် ထားတယ်။ သူတို့လည်းပဲ တော်လှန်ရေး လုပ်ခဲ့တဲ့အဖွဲ့အစည်းတွေပဲ သူတို့ကြတော့ အပြစ်မပေးဘူး။ ဘာမှမလုပ်ဘူး။ အစိုးရနဲ့ လက်တွဲနေတယ်။ အဲဒါကြောင့်မို့ KNU တခုတည်းကို ဒီလို အပြစ်ပေးမယ် ဆိုရင်တော့ ဒါ တရားမျှတမှု မရှိဘူး။ အဲဒီလို လျှောက် လဲချက်ပေးခဲ့ပါတယ်”ဟု သူက ဆိုသည်။
အသက် ၇၀ ရှိပြီဖြစ်သော ပဒိုမန်းငြိမ်းမောင်ကို ချမှတ်သော ဥပဒေ ပုဒ်မများသည် မြန်မာနိုင်ငံကို အင်္ဂလိပ် စိုးမိုးခဲ့သည့် ကိုလိုနီ ခေတ်က ပြဌာန်းခဲ့သည့် ဥပဒေများ ဖြစ်သည်ဟု ရှေ့နေ ဦးကြီးမြင့် က ပြောပြသည်။
ပဒိုမန်းငြိမ်းမောင် အင်းစိန်ထောင်တွင်း ရှိနေစဉ် KNU နှင့် အစိုးရတို့ ငြိမ်းချမ်းရေးလက်မှတ်ထိုးနိုင်ရန်အတွက် မီးရထားဝန်ကြီး ဦးအောင်မင်း က လူလွှတ်စေခိုင်းကာ အကြံဉာဏ်တောင်းယူခဲ့မှုများ ပြုလုပ်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် လွှတ်ပေး မည်ဟု ပြောဆိုခဲ့ပြီး နှစ်ဘက်သဘောတူ လက်မှတ်ထိုးနိုင်ခဲ့သော်လည်း ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းအပေါ် စိတ်ထိခိုက်မှုဖြစ်နေ ကြောင်း ဦးကြီးမြင့်က ပြောသည်။
“အရင်က သူ့ကို ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ အစိုးရက ကူညီပါ။ သူ့ကို ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် လွှတ်ပေးမယ် ဆိုပြီး တရားမစွဲဘူးပြောပြီးတော့ ကတိဖျက်ပြီး အခုလိုလုပ်လိုက်တဲ့အပေါ်မှာ။ အစိုးရဘက်က သူ့ကိုလိမ် လိုက်ပြီ၊ အလိမ်ခံရပြီဆိုပြီး စိတ်မကောင်းဖြစ်နေတာ။ လူလည်း ပိန်သွားတယ်”ဟု ၎င်းက ပြောဆိုသည်။
ပဒိုမန်းငြိမ်းမောင်အား ယနေ့တွေ့ဆုံရာတွင် စိတ်ပုံမှန် မတွေ့ရှိရဘဲ သံသယဝင်စရာ ဆန္ဒစောနေခြင်းကို တွေ့မြင်ရပြီး“အမှုအမြန် ဆုံးပြီးဖို့ ပြစ်ဒဏ်ချရင်လည်းမြန်မြန်ချအောင် ကျုပ်အကုန်ဝန်ခံတယ်”ဟု ပြောဆိုခဲ့ကြောင်း ဦးကြီးမြင့်က ပြောသည်။
ယခုလ အစောပိုင်းက KNU နှင့် ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ပြည်ထောင်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ တွေ့ဆုံရာတွင် KNU က ၎င်းတို့နှင့် ဆက်နွယ် အကျဉ်းကျနေသူများကို ပြန်လွှတ်ပေးရန် တောင်း ဆို ခဲ့သည်။
ပဒို မန်းငြိမ်းမောင်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လ၂၄ ရက်နေ့က စတင်ပျောက်ဆုံးသွားပြီးနောက် တရုတ်ပြည် ကူမင်းလေဆိပ်မှ တဆင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး နိုင်ငံကူးလက်မှတ်တွင် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟု ဆိုကာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမဝင် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်း ဆက်သွယ်မှုများဖြင့် ဖမ်းဆီးအရေးယူ ခံခဲ့ရသည်။
ထို့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီကို တစ်ပေါင်းတည်း ကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံ တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့သည်။
လွတ်မြောက်ရန်၂၂ ရက် အလို ပြီးခဲ့သည့် ဇန်နဝါရီ၂ ရက်နေ့တွင် မတရားသင်း ကြေညာထားသည့် KNU ဗဟိုကော်မတီဝင် ဖြစ် သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂/၁ နှင့် မတရားအသင်း ပုဒ်မ ၁၇/၁ တို့ဖြင့်ထပ်မံစွဲချက် တင် တရားစွဲခဲ့သည်။
KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC)တွင်လည်း ပဒိုမန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။
ပဒိုမန်းငြိမ်းမောင်အနေဖြင့် နောက်တကြိမ် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင်သာ မျှော်လင့်နိုင်ကြောင်း ရှေ့နေ ဦးကြီး မြင့် က ပြောဆိုသည်။