ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့်ရက် နီးကပ်လာပြီ ဖြစ်သော်လည်း မဲပေးနိုင်သူများ စာရင်းတွင် သေဆုံးပြီးသူများ ပါဝင်နေခြင်း ကဲ့သို့သော မူမမှန်သည့်ဖြစ်စဉ်များ ဖြစ်ပေါ်လျက် ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird နှင့် ယမန်နေ့က တက္ကသိုလ် ရိပ်သာလမ်းနေအိမ်တွင် တွေ့ဆုံပြီးနောက် သတင်းစာ ရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ဝေဖန်ခြင်းဖြစ်သည်။
“ပုံမှန်မဟုတ်တဲ့ မူမမှန်မှုဆိုတာက ရွေးကောက်ပွဲ မဲပေးနိုင်သူတဲ့စာရင်းတွေမှာ သေဆုံးထားပြီးတဲ့သူ စာရင်းတွေပါဝင်နေပြီး သူတို့တွေက လာမယ့် ဧပြီ ၁ ရက်နေ့ ရွေးကောက်ပွဲတွေမှာ မဲပေးရမလို ဖြစ်နေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် ထုတ်ပြန်သည့် မဲပေးနိုင်သူ စာရင်းများတွင် သေဆုံးသွားသူများ၊ ပြောင်းရွှေ့သွားသူများ ပါဝင်နေခြင်း၊ အသက်ပြည့်သူများ၊ သက်ရှိထင်ရှား ရှိနေသူများ မပါဝင်ခြင်း၊ တချို့သူများ၏ အမည်များ အကြိမ်ကြိမ် ထပ်၍ ပါဝင်နေခြင်း စသည်တို့ ဖြစ်ပေါ်နေကြောင်း ပြောဆိုဝေဖန်မှုများ ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ် ရွေးကောက်ပွဲနှင့် စီးပွားရေးပိတ်ဆို့မှု လျှော့ပေါ့ဖယ်ရှားရေး အဆက်အစပ်နှင့် ပတ်သက်၍ “ရွေးကောက်ပွဲ တရားမျှတယ်ဆိုတာက ရွေးကောက်ပွဲ ကျင်းပတဲ့နေ့တခုတည်းကို ပြောတာမဟုတ်ပါဘူး။
မဲပေးနိုင်တဲ့သူ စာရင်းတွေမှာ ပုံမှန်မဟုတ်တာတွေ အများကြီးဖြစ်ပျက်နေပါတယ်။ ကျမတို့အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို တခုခုလုပ်ဖို့်၊ အရေးယူလုပ်ဆောင်ဖို့ ပြောဆိုထားပါတယ်။ စီးပွားရေးပိတ်ဆို့မှုအရေးနဲ့ ပတ်သက်လို့ မစဉ်းစားခင် ရွေးကောက်ပွဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ အနီးကပ်စောင့်ကြည့်စေချင်ပါတယ်” ဟု ဆိုသည်။
ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် တရားမျှတမှုမရှိလျှင် ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်သွားပြီဟုဆိုနိုင်ပြီး နိုင်ငံတကာကလည်း ကူညီရန် ရှိသည်များကို ပြန်လည်စဉ်းစားကြလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောသည်။
လတ်တလောတွင် ပြည်တွင်း သတင်းလွတ်လပ်ခွင့် မရှိသေးဘဲ အစိုးရပိုင် ရုပ်သံမီဒီယာမှ ထုတ်လွှင့်မည့် မဲဆွယ်စည်းရုံးမှု မိန့်ခွန်းကို ပြန်ကြားရေးဝန်ကြီးဌာနသို့ တင်ပြထားရသည်ဟု ဆိုသည်။
“ကျမရဲ့ တီဗီကထုတ်လွှင့်မယ့် မဲဆွယ်စည်းရုံးတဲ့ မိန့်ခွန်းကိုလည်း ပြန်ကြားရေးဝန်ကြီးဌာန၊ စိစစ်ရေးကို တင်ပြထားရတယ်။ ကျမအနေနဲ့ သတင်းလွတ်လပ်ခွင့် မရှိသေးဘူးဆိုတဲ့ ပြောဆိုချက်အပေါ်မှာ သဘောတူတယ်။
ကျမတို့ လုံးဝလွတ်လပ်တဲ့ သတင်းဆက်သွယ်ရေးစနစ် မရှိသေးပါဘူး။ ဒါကို ကျမ သဘောတူတယ်။ ဒါကလည်း ကျမတို့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့စေခဲ့တဲ့ အချက်တချက်ပါပဲ။ ဒီလို လွတ်လပ်ခွင့်တွေရဖို့ ကျမတို့ဆက်ပြီး အလုပ်လုပ်သွားရပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ကနေဒါ နိုင်ငံခြားရေးဝန်ကြီးကမူ ရွေးကောက်ပွဲသန့်ရှင်းမှု ရှိ မရှိ အမေရိကန်၊ ဥရောပအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်အတူ အနီးကပ် ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊ နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအရာရှိများ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲ သန့်ရှင်းမျှတလိမ့်မည်ဟု အပြုသဘော ရှုမြင်ကြောင်း ပြောသည်။
ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားဆုကိုလည်း ပေးအပ်ခဲ့သည်။