အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ရန် စေလွှတ်လိုက်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ရှေ့ပြေးအဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ဧပြီလဆန်းပိုင်းတွင် ရန်ကုန်မြို့၌ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ABSDF တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးရာတွင် လိုအပ်ချက်များ ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် ရှေ့ပြေးအဖွဲ့အဖြစ် ABSDF တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဦးမြင့်ဦး ဦးဆောင်သော ၆ ဦးအဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး အစီစဉ်များ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အဖွဲ့ ဒုတိယ ဥက္ကဌ ဦးမျိုးဝင်း ကပြောသည်။
“ငြိမ်းချမ်းရေးခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေကို သူတို့ စလုပ်နေကြပါပြီ၊ ဒီနေ့ မနက်အထိတော့ ဘားအံမြို့မှာပဲ ရှိပါသေး တယ်။ တွေ့ဆုံဆွေးနွေးပွဲကတော့ ရန်ကုန်မှာလုပ်မှာပါ”ဟု ဦးမျိုးဝင်း က ဧရာဝတီသို့ ပြောသည်။
ABSDF ရှေ့ပြေးအဖွဲ့သည် ထိုင်း-မြန်မာ နယ်စပ်မှတဆင့် ဗုဒ္ဓဟူးနေ့က ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
ABSDF ကိုယ်စားလှယ်အဖွဲ့နှင့် ဒု ဗိုလ်မှူးကြီးဟောင်း စောခင်စိုးအပါအဝင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဖေဖော်ဝါရီ ၉ ရက်နေ့က အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသေးသည်။
အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဆွေးနွေးရာတွင် ကိုယ်ပိုင် ပြဌာန်း ခွင့်နှင့် နယ်မြေသတ်မှတ်ရေးများကို ဆွေးနွေးခဲ့ကြသော်လည်း ABSDF ကမူ ၎င်းတို့အခြေခံဆွေးနွေးမည့် အချက်များကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။
သို့သော် ABSDF နှင့် ဆက်နွယ်ပြီးအကျဉ်းကျနေသော အကျဉ်းသားများ အပါအဝင် နိုင်ငံအတွင်း အကျဉ်းထောင် အသီးသီးတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် အစိုးရနှင့် ဆွေးနွေးသွားမည်ဟု ဦးမျိုးဝင်း က ပြောဆိုသည်။
ရန်ကုန်မြို့တွင် အစိုးရနှင့်ဆွေးနွေးကြမည့်အချိန်တွင် ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေရှ်နှင့် အိန္ဒိယ နယ်စပ်ဒေသများတွင် အခြေ စိုက် သည့် ABSDF အဖွဲ့ခွဲများမှ ကိုယ်စားလှယ်များလည်း လိုက်ပါသွားကြမည်ဟု သိရသည်။ တွေ့ဆုံဆွေးနွေးမည့် နေ့ရက်နှင့် အချိန် တို့ကို သတ်မှတ် ထားနိုင်ခြင်းမရှိသေးကြောင်း ဦးမျိုးဝင်းက ဆက်ပြောသည်။
“ကျနော်တို့နဲ့ဆက်နွယ် အကျဉ်းကျနေတဲ့ ရဲဘော်တွေအပါအဝင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ အတွက်လည်း ဆွေးနွေးသွားဖို့ ရှိပါတယ်။ ဆွေးနွေးမယ့်အချက်တွေကိုတော့ ရှေးပြေးအဖွဲ့ပြန်ရောက်မှပဲ ထုတ်ပြန်ပေးနိုင်မှာပါ”ဟု ၎င်းက ဆိုသည်။
၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ABSDF ကို စတင် တည်ထောင်ခဲ့ပြီး နယ်စပ်ဒေသများတွင် အခြေစိုက်ကာ ဒီမိုကရေစီ အ ရေး၊ လူ့အခွင့်အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် အတွက် အစိုးရ အဆက်ဆက်အား ဆန့်ကျင် တော်လှန်ခဲ့သည်မှာ ၂၃ နှစ် ကျော် ရှိပြီ ဖြစ်သည်။
ABSDF နှင့်အတူ လက်တွဲတိုက်ပွဲဝင်ခဲ့ကြသည့် ကရင်အမျိုးသား အစည်းအရုံး KNU က ယခုနှစ်ဇန်နဝါရီနှင့် မတ်လပိုင်းများ၌ အစိုးရနှင့် အပစ်ခတ်ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးကြပြီးဖြစ်သည်။ တချိန်တည်းတွင်ပင် ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရတို့အကြား အပစ်မရပ်နိုင်သေးတော်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်နေလျက် ရှိသည်။