ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောချက် အပါအဝင် ဒီမိုကရက်တစ် နိုင်ငံရေးပါတီများ၏ ရေဒီယို၊ ရုပ်သံများမှ ဟောပြောမည့် အကြောင်း အရာများအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖြတ်တောက် ပယ်ချမှုများ ပြုလုပ်နေကြောင်း သိရ သည်။
“မြန်မာနိုင်ငံက စစ်အစိုးရ အဆက်ဆက်မှာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့ပုံတွေ၊ ပြည်သူတွေကို ချုပ်ချယ်ဖို့ ဥပဒေတွေ ပြဋ္ဌာန်း ခဲ့ပုံကိစ္စတွေ တင်ပြမယ့် စာသားတွေကို အာဏာပိုင်တွေက ပြောကြားခွင့်မပြုဘူး”ဟု RFA မြန်မာပိုင်းအစီအစဉ်သို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့သည်။
၎င်းက“ဥပဒေစိုးမိုးရေး မရှိခဲ့တာပေါ့နော်။ နောက်ပြီးတော့ အဲဒီ စစ်အစိုးရ အဆက်ဆက်က ဥပဒေတွေကို ပြည်သူတွေကို နှိပ် ကွပ်ဖို့ သုံးခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ပတ်သက်လို့ အဲဒီစာ တပိုဒ်တော့ ဖြတ်တာပါ”ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ပါတီ၏ မူဝါဒရေးရာများနှင့် ပတ်သက်၍ ပို့ချမည့် မူကြမ်းအား ကော်မရှင်ထံတင်ပြခဲ့ရာ၌ ဥပဒေ ပြင်ဆင်ရေး ကိစ္စများပါဝင်သည့်အတွက် ဖြတ်တောက်ခံရကြောင်း၊ ထိုစာပိုဒ်အား ပြန်လည်ရေးသားပြီး ကော်မရှင်ထံ ထပ်မံ တင်ပြထားကြောင်း NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်း က ဧရာဝတီ ကိုပြောသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ မူဝါဒများ၌ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံသားများ၏ အခြေအနေကွာဟနေမှုကို နှှိုင်းယှဉ်ပြထား ကာ မိမိတို့နိုင်ငံ၏ လိုအပ်ချက်များအား ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းသည့် အကြောင်းအရာများ ထည့်သွင်းရေးသား ခဲ့ရာ အားလုံးကို ကော်မရှင်က ပယ်ချခဲ့ကြောင်း ပါတီ ဥက္ကဋ္ဌ ဦးသုဝေ က ဧရာဝတီ ကို ပြောသည်။
“မွေးကင်းစ ကလေးကနေ အသက်အရွယ်အိုမင်းပြီး သေဆုံးတဲ့အထိ အခွင့်အရေး ရရှိတာတွေ၊ ကျန်းမာရေး၊ ပညာရေး က အစ ပြုပြင်ဖို့ လိုအပ်တယ် ဆိုတာကို သူတို့ရဲ့ မူဝါဒနဲ့ မကိုက်ညီဘူး ဆိုပြီး ပယ်ချလိုက်တယ်”ဟု ဦးသုဝေ က ဆိုသည်။
ကော်မရှင်က ခွင့်ပြုနိုင်မည့် မူဝါဒများဖြင့် ထပ်မံတင်ပြထားကြောင်း၊ ကော်မရှင်၏ လုပ်ရပ် အပေါ် နားလည်ရ ခက်ခဲကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှမှု ရှိမရှိကိုလည်း စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) ပါတီကမူ ၎င်းတို့၏ မူဝါဒများနှင့် ပတ်သက်၍ ဖြတ်တောက်ခံရမှု မရှိဟု ဆိုသည်။
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများက မဲဆွယ်ဟောပြောနေကြကာ၊ လစ်လပ် နေရာ ၄၈ နေရာအတွက် နိုင်ငံရေးပါတီ ၁၇ ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။
နိုင်ငံရေးပါတီများသည် မိမိတို့ဟောပြောလိုသည့် မူဝါဒ သဘောထား လုပ်ငန်းစဉ်များကို စာမျက်နှာ ၇ မျက်နှာဖြင့် အနည်းဆုံး ၇ ရက် ကြိုတင်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရမည်ဖြစ်သည်။ ထိုတင်ပြချက်အား လိုအပ်သလို စိစစ်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ညှိနှှိုင်း၍ ခွင်ြ့ပုခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင်၏ ထုတ်ပြန်ချက်၌ ရေးသားထားသည်။ ပါတီ တခုအတွက် ၁၅ မိနစ် ဟောပြောချိန် ရမည်ဖြစ်သည်ဟုလည်း ဆိုသည်။
နိုင်ငံရေးပါတီ တခုခု၏ စည်းရုံးဟောပြောမှုသည် တပ်မတော်၏ ဂုဏ်သိက္ခာထိခိုက်ခြင်း၊ ဖွဲ့စည်းပုံဥပဒေနှင့် တည်ဆဲဥပဒေများ အား လိုက်နာလေးစားမှု မရှိခြင်း၊ လူမျိုးရေး၊ ဘာသာရေး လူပုဂ္ဂိုလ် တဦးဦး၏ ဂုဏ်သိက္ခာ ထိခိုက်စေခြင်း၊ ငြိမ်းချမ်းစွာ ပညာ သင်ကြားရေးကို ထိခိုက်စေခြင်း စသည်တို့အား ကျူးလွန်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဖေဖော်ဝါရီ ၁၆ ရက်က ထုတ်ပြန်သည့် ကြေညာချက်က ဆိုသည်။
ထို စည်းကမ်းသတ်မှတ်ချက်အား မလိုက်နာသည့် ပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရလည်း အရေးယူခံရ မည်ဖြစ်ပြီး ပါတီလည်း ဖျက်သိမ်း ခံရနိုင်သည်။
ယင်း ရေဒီယို၊ ရုပ်သံ ဟောပြောခွင့်ဆိုင်ရာ ကြေညာချက်သည် ယခင် နအဖ စစ်အစိုးရ လက်ထက်၂၀၁၀ ရွေးကောက်ပွဲ ကြေ ညာချက်နှင့် ထပ်တူ ဖြစ်သည်။
နအဖ စစ်အစိုးရ ဦးဆောင်ကျင်းပသည့်၂၀၁၀ ရွေးကောက်ပွဲ၌ ရေဒီယို၊ ရုပ်မြင်သံကြားများမှ ဟောပြောကြမည့် ဒီမိုကရက် တစ် ပါတီ အများစု၏ တင်ပြသည့် အချက်အလက်များ ပယ်ဖျက်ခံရမှုများ ရှိခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါတီများ ရေဒီယိုနှင့် ရုပ်သံ ဟောပြောမှု အစီအစဉ်ကို မတ် ၇ ရက်နေ့က တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ(တစည)နှင့် လားဟူ အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီတို့၏ ဟောပြောမှုဖြင့် စတင်ခဲ့သည်။