အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် မော်လမြိုင်မြို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ဟောပြောရန် မြို့နှင့် ၅ မိုင်ခန့်ဝေးသည့်သွေးသောက်ကျေးရွာ အားကစား ကွင်းတွင်သာ ခွင့်ပြုကြောင်း သတင်းရသည်။

မူလက မြို့ဧရိယာအတွင်းရှိသံလွင်ဥယျာဉ်၌ ပြုလုပ်ရန်တင်ပြသော်လည်း အာဏာပိုင်များက အဆင့်မြင့်ဥယျာဉ်တည်ဆောက် နေ သည်ဟုဆိုကာ ခွင့်မပြုခြင်းဖြစ်ကြောင်း NLD မှ မော်လမြိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင် မည့် ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က ပြောသည်။
“အဆင့်မြင့်ဥယျာဉ်တည်ဆောက်မှု အစပျိုးတဲ့ကာလမို့လို့ မပေးတာပါလို့ အကြောင်းပြန်တယ်၊ ဘာအစမှ မပျိုးရသေးပါဘူးဆိုတာ တမြို့လုံးသိပါတယ်”ဟု ၎င်းကဆိုသည်။
သံလွင်ဥယျာဉ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုလည်းရှိပြီး ကျယ်ဝန်းကြောင်း၊ မြို့လူထုလာရောက်ရန်လည်း လွယ်ကူကြောင်း၊ မော်လမြိုင်လူထုမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် တက်ကြွနေကြောင်း ဒေါ်ခင်ဌေးကြွယ်က ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မနက်ဖြန် နံနက် ၈နာရီခန့်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ကျိုက်ထိုမြို့ရှိ စိမ်းလဲ့တင် ဟိုတယ်တွင် ခေတ္တနားနေပြီးမှ မော်လမြိုင်မြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်ခင်ဌေးကြွယ်က ဆက်လက်ပြီး လတ်တလော၌ မော်လမြိုင် မဲဆန္ဒနယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းများ ကွာဟမှုဖြစ် ပေါ်နေကြောင်း၊ တချို့မှာ အိမ်ထောင်စုဇယားတွင်ပါဝင်သော်လည်း မဲပေးမည့်စာရင်းတွင်မပါကြောင်း၊ သေဆုံးသူများကို မဲပေးခွင့် ရှိသူ စာရင်းတွင် ပါဝင်မှုများရှိနေကြောင်းလည်း ပြောပြသည်။
“မှတ်ပုံတင်နံပါတ်က တူတယ်၊ နာမည်လွဲတယ်။ အဖေနာမည် လွဲတယ်၊ တခုမဟုတ်တခုလွဲနေတာ အများကြီးပဲ၊ အဲဒါတွေကို ပြင် ဆင်ဖို့ အချိန်ကလည်း ပေးထားတာနည်းတယ်”ဟု သူက ဆိုသည်။
ထိုသို့ မှားယွင်းနေသည့် မဲပေးခွင့်ရှိသူစာရင်းကို ရွေးကောက်ပွဲဥပဒေအရ ပြန်လည်ပြင်ဆင်ရန် မတ်လ ၁ရက်နေ့မှ ၇ရက်နေ့အထိ သတ်မှတ်ပေးထားသော်လည်း အချိန်နည်းပါးကြောင်း၊ လာမည့် ၂၁ရက်နေ့အထိ ရက်တိုးပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တောင်းဆိုထားကြောင်း NLD ပါတီက ပြောသည်။
ယခုကောက်ယူထားသည့် မဲစာရင်းများသည် ၂၀၁၀ ရွေးကောက်ပွဲကို အခြေခံပြီး ကောက်ယူထားသည့် မဲစာရင်းများ ဖြစ်ကြောင်း သိရသည်။
အလားတူ မဲပေးနိုင်သူစာရင်းကွာဟမှုများမှာ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြိုနယ်နှင့် မန္တလေးတိုင်း မဟာအောင်မြေ နယ်မြေ၊ ပြင်ဦးလွင်မြို့နယ်၊ ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်တချို့တွင်လည်း ဖြစ်ပွားနေကြောင်း NLD ဥပဒေအထောက်အကူပြုအဖွဲ့မှ ရှေ့နေ ဦးလှမျိုးမြင့်ကလည်း ပြောဆိုသည်။
“သန်းခေါင်စာရင်းမှာ လူတထောင်လောက် မွေးသက္ကရာဇ်တွေ အကုန်တူနေတာတွေ၊ သေတဲ့လူစာရင်းကို မဖျက်ဘဲ ထည့်ထား တာတွေကို အထင်အရှား တွေ့နေရတယ်”ဟု ၎င်းက ပြောသည်။
ထိုသို့ မှားယွင်းမှုများကို NLDအနေဖြင့် ဥပဒေကြောင်းအရ တရားဝင်ကန့်ကွက်ရန် စီစဉ်ထားကြောင်း၊ ယမန်နေ့က ပြု လုပ်သည့် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၄၈ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာတွင် အဆိုပါ ဖြစ်ရပ်များသည် တရား မျှတသည့် ရွေးကောက်ပွဲဖြစ်လာရန် အဟန့်အတားများဖြစ်သည်ဟု ပြောဆိုကြကြောင်း လည်း ဦးလှမျိုးမြင့်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာတနိုင်ငံလုံးသို့ ဆက်တိုက်ဆိုသကဲ့သို့ မဲဆွယ်စည်းရုံးရေး ခရီးများထွက်နေရာ မန္တလေး၊ စစ်ကိုင်း၊ တံတားဦး၊ နွားထိုးကြီး၊ နေပြည်တော်၊ တောင်ငူ စသည့် မြို့ကြီးများသို့ ရောက်ရှိရာတွင် ဒေသခံလူထုက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။