မြန်မာနိုင်ငံသည် လာမည့် နှစ်အနည်းငယ် အတွင်း အာရှတိုက်၏ စီးပွားရေး မျက်နှာစာတွင် ရောက်ရှိလာ နိုင်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Payap University မှစီးပွားရေး ပညာရှင် ဒေါက်တာ သိန်းဆွေက ပြောကြားလိုက်သည်။

“မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးရေးဆိုင်ရာ စွမ်းဆောင်ရည်တွေရှိပြီး အာရှမှာ မြန်မာဟာ နောက်ထပ် ထိပ်တန်း စီးပွားရေးမျက်နှာစာကို ရောက်လာနိုင်တယ်”ဟု ဒေါက်တာသိန်းဆွေက ဆိုသည်။
ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ချင်းမိုင် တက္ကသိုလ်တွင် ကျင်းပရာ ဦးဆောင်ဆွေးနွေးသူ တဦးဖြစ်သည့် ဒေါက်တာ သိန်းဆွေက ထို့ကဲ့သို့ ပြောခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်ကြောင်း၊ လူကြောင့်သာ ဆင်းရဲနေကြောင်းနှင့် သယံဇာတကျိန်စာသင့် နေသည်ဟု ဆိုသော ယခင်အစိုးရအဆက်ဆက် သယံဇာတကိုသာရောင်းချပြီး တိုင်းပြည်ဝင်ငွေရရေး အားကိုးခဲ့ပုံ၊ ရင်းနှီးမြုပ်နံှမှုအခြေအနေ၊ မြန်မာနှင့် အာဆီယံ ဒေသတွင်း တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ စသဖြင့် နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုအခြေ အနေများကိုလည်း ထည့်သွင်းဆွေးနွေးသည်။
တရုတ်၊ ထိုင်းနှင့် စင်ကာပူတို့သည် အဓိက မြန်မာတွင် ရင်းနှီးမြုပ်နှံသူများ ဖြစ်ပြီး အဓိကအားဖြင့် ရေနံ၊ သဘာ၀ ဓာတ် ငွေ့၊ ရေအား လျှပ်စစ်၊ အထည်ချုပ်၊ သတ္တုမိုင်းလုပ်ငန်းနှင့် နိုင်ငံခြား ခရီးသွား လုပ်ငန်းများ လုပ်ကိုင်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်လာမှုကြောင့်လည်း ရင်းနှီးမြုပ်နှံလိုသူများ တိုးပွားလာကြောင်း ဒေါက်တာ သိန်းဆွေက ဆိုသည်။
သို့သော် နိုင်ငံခြား ရင်းနှှီးမြုပ်နှံမှုဆိုင်ရာ အားကောင်းခိုင်မာသည့် ဥပဒေများ ပြန်ဌာန်းသွားရန် လုပ်ဆောင်ရမည် ဖြစ်ပြီး တရား ဥပဒေစိုးမိုးရေး ဖြစ်စဉ် အရေးကြီးကြောင်း၊ ရုပ်ပိုင်း အခြေခံ အဆောက်အအုံ ကျယ်ပြန့်စွာတည်ဆောက် ရေး၊ ဘဏ်စနစ် ခိုင်မာမှု ပါဝင်သည့်၊ ဘဏ္ဍာငွေကြေးဆိုင်ရာ အာမခံနိုင်သည့် အခင်းအကျင်းမျာသည် အရေးကြီးကြောင်း သူက ပြောသည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ လက်ရှိ စနစ်တွင် လိုအပ်ချက်များရှိနေသေးပြီး လာဘ်ပေးလာဘ်ယူ မှုများ တိုက်ဖျက်ခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းထား ကိစ္စ၊ အခွန်ဆိုင်ရာကိစ္စ စသည်တို့သည် စိန်ခေါ်မှုများအဖြစ် ရှိနေသေးကြောင်း ဒေါက်တာ သိန်းဆွေက ထောက်ပြသည်။
မတ်လ ၁ ရက်က အစိုးရသက်တမ်း တနှစ်ပြည့် ပြောကြားသော သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင်“ကျနော်တို့အစိုးရ လက် ထက် မှာ နိုင်ငံတော် အခြေအနေနဲ့ ကိုက်ညီတဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင် မက်ခရို စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ရေတိုရေရှည် လုပ်ငန်းစဉ်တွေချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက် နေတာပဲ ဖြစ်ပါတယ်”ဟု ထည့်သွင်း ပြောဆိုထားသည်။
အစိုးရသစ်က ယခင် အမေရိကန် ၁ ဒေါ်လာ ၆ ကျပ် ပြား ၄၀ နှင့် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် နိုင်ငံခြားငွေလဲလှယ်မှု နှုန်း ထားကို လာမည့် ဧပြီ ၁ ရက်နေ့မှ စတင်ကာ နှုန်းရှင်အဖြစ် သတ်မှတ်ပြောင်းလဲမည်ဖြစ်ကြောင်း၊ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၈၀၀ ဝန်းကျင် ထိန်းသိမ်းထားနိုင်ရန် နည်းလမ်းများ ရှာဖွေနေကြောင်း သတင်းများတွင် ဖော်ပြသည်။
ထိုသို့ စီးပွားရေး တိုးတက်ပြောင်းလဲနိုင်ရန် နိုင်ငံ တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်ကြောင်း လေ့လာသူများကလည်းပြောဆိုကြ သည်။
ဆွေးနွေးပွဲ၌ ဦးဆောင်ဆွေးနွေးသူ တဦးဖြစ်သည့် Burma Partnership အဖွဲ့မှ မခင်ဥမ္မာက ပြုပြင်ပြောင်းလဲမှုများသည် အောက်ခြေအဆင့်အထိ သက်ရောက်မှု မရှိသေးကြောင်း၊ တိုင်းရင်းသား ဒေသများတွင် ယခုအထိ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေပုံနှင့် စစ်ပွဲများဖြစ်နေကြောင်း၊ လက်တွေ့ အပြောင်းအလဲ တခုလုံးအတွက် လိုအပ်နေသည့် အဓိက အချက် ၃ ချက် ကို ထောက်ပြ ပြောဆိုသည်။
“ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို အသိအမှတ်ပြုပြီး ခြွင်းချက်မဲ့ လွှတ်ပေးဖို့လိုတယ်။ နိုင်ငံလုံး ဆိုင်ရာ ကျယ်ကျယ်ပြန့်ပြန် ငြိမ်းချမ်းရေး ရဖို့ အတွက် လုပ်ဆောင်ဖို့လိုတယ်။ အဓိပ္ပာယ်ပြည့်ဝပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုကို လွှတ်တော်ပြင်ပက လုပ်ဆောင်ဖို့လိုတယ်”ဟု သူက ဆိုသည်။
ထိုင်းနိုင်ငံအခြေစိုက် ဗဟု အဖွဲ့မှ ဦးအောင်နိုင်ဦးကလည်း ၁ နှစ်တာ အတွင်း မြန်မာ့ ပြောင်းလဲမှုသည် မြန်ဆန်ကြောင်း၊ အပေါ်ယံဟု မယူဆကြောင်း ပြောဆိုသည်။
“ကျနော်တို့မှာ ဥပဒေချမှတ်လိုက်ပေမယ့် ချက်ချင်း အလုပ်မဖြစ်တာတွေ ရှိတယ်။ ဖွဲ့စည်းပုံက ပေးထားပေမယ့် ဖွဲ့ စည်းပုံက ဟာကို လုပ်ရမှန်းမသိတာတို့၊ မလုပ်တတ်တာတို့ မလုပ်ရဲတာတို့ စတဲ့အရင်က စနစ်တွေက ရှိနေသေးတယ် လေ။ ကျနော်တို့ နိုင်ငံ ပြောင်းလဲဖို့က အနည်းဆုံး အနှစ် ၂၀ လောက်ကြာမယ်”ဟု ဦးအောင်နိုင်ဦးက ဆိုသည်။
The Nation သတင်းစာမှ Mr. Supalak ကလည်း မခင်ဥမ္မာ ဆွေးနွေးချက်များကို ထောက်ခံလိုက်ပြီး ၎င်း၏ မြန်မာ ခရီးစဉ် အသစ်တွင်ပြောင်းလဲမှုဆိုင်ရာ တချို့ကို သတိထားမိခဲ့ပုံနှင့် ထိုင်းနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာများကို လေ့လာ သင်ခန်းစာယူနိုင်ရေး ဆွေးနွေးတင်ပြသွားသည်။
အဆိုပါ Burma Now Assessing the Reforms အမည်ရ ဆွေးနွေးပွဲတွင် Reforms in Burma: Overview of New Political and Economic Dynamics ခေါင်းစဉ်ဖြင့် ဒေါက်တာ သိန်းဆွေ က ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ဦးအောင်နိုင်ဦးက An Exile’s Personal Interpretation of Burma’s Reforms Upon Returning Home ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မခင်ဥမ္မာက Examining Changes in Burma from an Activist’s Perspective ခေါင်းစဉ် ဖြင့် လည်းကောင်း၊ The Nation သတင်းစာမှ Mr Supalak Ganjanakhundee Implications of Burma’s Reforms for Thailand and the Region ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးသွားခဲ့ကြသည်။
ဆွေးနွေးပွဲသို့ တက်ရောက်သူ ၈၀ ခန့်ရှိပြီး အများစုမှာ အနောက်နိုင်ငံများနှင့် ထိုင်းနိုင်ငံတို့မှ စိတ်ဝင်စားသူများဖြစ်သည်။