မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သဘာဝ ရေကန်တခု ဖြစ်သော ရှမ်းပြည် တောင်ပိုင်းရှိ အင်းလေးကန်အတွင်း ရေအဆိပ်သင့်မှု မြင့်မားလာနေခြင်းကို ကာကွယ်ရေး၊ရေကောင်းရေသန့် ရရှိရေးနှင့် ဒေသခံတို့ကို ပညာပေးရေးများ အရေးတကြီး လိုအပ်နေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ဆိုသည်။
“ရေမသန့်လို့ ကျန်းမာရေး ပြဿနာဖြစ်တာတွေ၊ အဲဒီရေသောက်မိလို့ အစာအဆိပ်သင့်သလို ဖြစ်တဲ့ဖြစ်ရပ်တွေ တွေ့နေ၊ ကြားနေရတယ်။ ကန်ထဲက ရေတွေဟာ သောက်သုံးဖို့ မသင့်တော့လောက်အောင် ညစ်ညမ်းနေတယ်။ တချို့ ဧရိယာတွေမှာဆိုရင် ငါး၊ ဟင်းသီးဟင်းရွက်တွေမှာပါ ဓာတုအဆိပ်တွေ တွေ့နေရတယ်” ဟု သစ်တော၊ သယံဇာတ၊ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) မှ ဦးအုန်းက ပြောသည်။
အင်းလေးကန်၏ အဓိက စိုက်ပျိုးရေးလုပ်ငန်းဖြစ်သော ကျွန်းမျောစိုက်ခင်းများတွင် ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများ အလွန်အကျွံ အသုံးပြုမှုတို့မှာ အင်းလေးကန်ရေ ညစ်ညမ်းရသည့် အဓိက အကြောင်းရင်းများဖြစ်၍ ဓာတ်မြေသြဇာအစား သဘာ၀ မြေသြဇာကို အသုံးပြုရေးအတွက် ဒေသခံများကို ပညာပေး စည်းရုံးရန် လိုအပ်နေကြောင်း ဦးအုန်းက ဆိုသည်။
အင်းလေးဒေသခံများ၏ အညစ်အကြေးစွန့်မှုစနစ်များ၊ လူနေမှုပုံစံများကိုလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်နေသည်ဟုလည်း ၎င်းက ပြောသည်။
ဦးအုန်းက “အိမ်က ရေပေါ်မှာပဲဆိုတော့ အမှိုက်တွေ၊ အညစ်အကြေးတွေစွန့်လည်း ဒီရေထဲပဲ၊ သောက်သုံးတော့လည်း ဒီရေပဲ။ နောက်ပြီး ယုတ်စွအဆုံး လူသေရင်တောင် ရုပ်အလောင်းကို ကျွန်းမျောနဲ့ မြှုပ်တာတွေ ရှိနေသေးတော့ လူဦးရေ တိုးလာတဲ့အခါ ဒီအလေ့အထတွေက ဒုက္ခပေးလာတယ်။ ဒီအလေ့အထတွေကို ကျနော်မကြိုက်ဆုံးပဲ။ အချိန်နောက်မကျခင် ဒါတွေ ပြုပြင်ပြောင်းလဲဖို့ ပညာပေးဖို့တွေ အရေးကြီးနေတယ်” ဟု ဆိုသည်။
အင်းလေးကန်ဒေသခံများအနက် ငွေကြေးတတ်နိုင်သူများမှာ သောက်ရေသန့်များ ဝယ်ယူသောက်သုံးနိုင်သော်လည်း အများစုမှာမူ ကန်တွင်းရေကိုသာ အားထားနေရသည်ဟု သိရသည်။
ငါးလုပ်ငန်းဦးစီးဌာန၏ ဖေဖော်ဝါရီလထုတ် အစီရင်ခံစာတရပ်ကလည်း အင်းလေးကန်ရေ၏ ရှိသင့်သည့် သန့်စင်မှု pH ပမာဏမှာ ရှိသင့်သည်ထက် မြင့်မားလာနေမှုကြောင့် ဒေသတွင်းရှိ ငါးမျိုးစိတ်များရှင်သန်မှုနှုန်း ကျဆင်းလာသည်ဟု ဖော်ပြသည်။
အင်းလေးကန်ရေ၏ pH ပမာဏသည် ညောင်ရွှေမှ အင်းလေးကန်သို့အဝင် မြောင်းဝကြီးတွင် ၈.၉၊ ရေလယ်ဗိုလ်တဲတွင် ၉.၆၊ ကေလာတွင် ၈.၄၊ မိုင်းသောက်ဧရိယာတွင် ၉.၁၊ နန့်ပန်ဧရိယာတွင် ၈.၉၊ အင်းပေါခုံဧရိယာတွင် ၉.၃၊ ဖောင်တော်ဦးဘုရား ဝန်းကျင်တဝိုက်တွင် ၉ ရှိနေကြောင်း အစီရင်ခံစာက ဆိုသည်။
သောက်သုံးရန် သင့်တော်သော ရေ၏ သန့်စင်မှု pH ပမာဏမှာ ၇ ဖြစ်သည်။
နွေရာသီ ရောက်ခါနီးအချိန်တွင် အင်းလေးကန်၏ နေရာအချို့တို့၌ ရေပမာဏ လျော့နည်းလာခြင်း၊ ရေခန်းခြောက်လာခြင်းများ စတင်ကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုသည်။
ရေပမာဏ ဆိုးရွားစွာ လျော့ကျလာပါက ရေထုညစ်ညမ်းမှု ပိုများလာပြီး သောက်သုံးရေအခက်အခဲများ ကြုံလာရမည်ကို ပညာရှင်များက စိုးရိမ်နေကြသည်။
“ရေနည်းသွားရင်တော့ ရေညစ်ညမ်းတာတွေ အထူးဖြစ်လာမယ်။ ရေက သုံးလို့မရအောင် ဖြစ်မယ်ဆိုရင် ကန်ထဲမှာနေတဲ့ လူသိန်းချီပြီး ရေအငတ်ဘေး ကြုံရနိုင်တယ်။ ဒီလိုဖြစ်လာရင် ရေချိုရေသန့်ကို ဒီဒေသက လူတွေ ရနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာက အရေးကြီးနေတယ်။ ဒါကို အဓိက အလေးပေးလုပ်ဖို့ လိုနေတယ်” ဟု သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ NGO တခုဖြစ်သည့် EcoDev ၏ အမှုဆောင် ဒါရိုက်တာ တဦးဖြစ်သူ ဦးဝင်းမျိုးသူက ပြောသည်။
အင်းလေးကန်သို့ လာရောက်လည်ပတ်လေ့လာသည့် ပြည်တွင်းပြည်ပ ခရီးသွားအရေအတွက် တိုးလာသကဲ့သို့ ကန်တွင်းရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များ တိုးပွားလာခြင်းကြောင်း ကန်တွင်း အညစ်အကြေး ကျရောက်မှု ပမာဏများလာခြင်းသည်လည်း ကန်ရေညစ်ညမ်းရသည့် အကြောင်းရင်းတရပ်ဖြစ်ကြောင်း ပညာရှင်များက ထောက်ပြသည်။
“ခရီးသွားလုပ်ငန်းက ဒေသတွင်း ဝင်ငွေအခွင့်အလမ်း၊ စီးပွားရေးအခွင့်အလမ်းတွေ ဖြစ်စေတာ မှန်ပေမယ့် တဖက်ကလည်း ခရီးသွား ဧရိယာများလာ၊ ကန်ဧရိယာကလည်း နည်းလာနေတော့ အညစ်ကြေးတွေများ များလာမယ်။ ဒေသခံတွေကိုချည်း ပညာပေးနေလို့ မရဘူး။ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေကို ခရီးသွားဇုန်လိုမျိုး သတ်သတ်မှတ်မှတ်ထားဖို့၊ သင့်တော်တဲ့ ဥပဒေအကြောင်းအရာနဲ့ ထိန်းပြီးလုပ်ဖို့၊ အစိုးရပိုင်းက ပါဝင်ဖို့လည်း လိုနေတယ်” ဟု ဦးဝင်းမျိုးသူက ဆိုသည်။
၎င်းကဆက်လက်၍ “အရေးတကြီး လုပ်ရမှာတွေကတော့ အများကြီးပဲ။ အခု ကျနော်တို့ လုပ်နေတဲ့ အတိုင်းအတာလောက်နဲ့ကတော့ ဆင့်ပါးစပ် နှမ်းပက်နေရသလို ဖြစ်နေတယ်။ အဖက်ဖက်က ကူညီထောက်ပံ့မှုတွေ လိုနေတယ်” ဟု ပြောသည်။
အင်းလေးကန် ညစ်ညမ်းလာခြင်းမှာ လူဦးရေတိုးလာခြင်း၊ ဟိုတယ် စားသောက်ဆိုင်များ များလာခြင်း၊ ခရီးသွားလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများလာခြင်းတို့ကြောင့် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနှင့် သစ်တောဝန်ကြီး ဦးဝင်းထွန်းက ယမန်နှစ် စက်တင်ဘာလအတွင်းက လွှတ်တော်တွင် တင်ပြခဲ့သေးသည်။
ပြီးခဲ့သည့် ၂၀၁၀ နွေရာသီအတွင်းက အပူချိန်မြင့်မားမှုနှင့် မုတ်သုန်အဝင် နောက်ကျခြင်းတို့ကြောင့် နိုင်ငံတဝန်း မိုးခေါင် ရေရှားမှုများဖြစ်ပေါ်ခဲ့ပြီး အင်းလေးကန်ရှိ ဖောင်တော်ဦးဘုရား ဝန်းကျင်ဒေသများတွင် ရေခန်းခြောက်မှု ဆိုးဝါးစွာ ဖြစ်ပေါ်ခဲ့သေးသည်။
ကမ္ဘာ့ရာသီဥတု ပူနွေးလာမှု၏ အကျိုးဆက်ဒဏ်ခံရသည့် ဒေသတခုဖြစ်သော အင်းလေးကန်၏ ရေဝေရေလဲ ဒေသများဖြစ်သော အောင်ပန်း၊ ကလော၊ ပင်းတယ စသည့် ဒေသများတွင် သစ်တောပြုန်းတီးမှုများက ကန်ရေပမာဏ လျော့နည်းစေသော အကြောင်းရင်းတရပ်ဖြစ်၍ သစ်တောများ ထိန်းသိမ်းမှု လုပ်ဆောင်ရန်လည်း လိုအပ်နေသည်ဟု သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်းတွင်ရှိသော အင်းလေးကန်သည် ကျွန်းမျောစိုက်ခင်းများ၊ ရေပေါ်ဈေး၊ ဖောင်တော်ဦးဘုရား၊ လှေကို ခြေဖြင့်လှော်သော အင်းသူအင်းသားများ၊ ရေကန်တွင်း တည်ဆောက်ထားသော ခြေတံရှည်အိမ်များ စသည့် စိတ်ဝင်စားဖွယ်ရာများဖြင့် နိုင်ငံခြားသား ခရီးသွားများအပြင် ပြည်တွင်း ဘုရားဖူးများကိုပါ ဆွဲဆောင်နိုင်သည့် အထင်ကရ နေရာ ဒေသတခုဖြစ်သည်။