ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်နေပါပြီလို့ ဆိုတဲ့ မစပ်စုတို့ မြန်မာနိုင်ငံမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ်တွေမှာ ဟောပြောခွင့်နေရာ ရဖို့ ခက်ခဲတာ၊ သူ့ရဲ့ ယာဉ်တန်း အစိုးရ လူကြီးမင်းများနေထိုင်ရာ နေပြည်တော်တဝိုက် လမ်းခရီးမှာ ခဲနဲ့ပစ်ခံရတာတွေ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံအနှံ့ “လူပင်လယ်” ဖြစ်ခဲ့တဲ့ ဒေသ အများအပြားကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် စည်းရုံးခဲ့တုန်းကတောင် ဘာမှမဖြစ်ခဲ့ဘဲ အခု နေပြည်တော်နဲ့ အနီးတဝိုက်ကျမှ ဖြစ်ခဲ့တာပါ။
ဒီလိုသာဆိုရင်တော့ တခြား လွှွတ်တော်အမတ်လောင်းများရဲ့ စည်းရုံးရေးခရီးစဉ်တွေရော အဆင်မှ ပြေပါ့မလား။
ဒါ့ထက် နိုင်ငံရေးပါတီတွေကို အစိုးရ ရုပ်သံနဲ့ ရေဒီယိုသတင်းဌာနတွေမှာ ဟောပြောခွင့်ပေးထားပါတယ်။ မတ်လ ၁၄ ရက်နေ့မှာ ထုတ်လွှင့်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တချို့ကို ဆင်ဆာဖြတ်ပါတယ်။ စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုကင်းမဲ့ပုံ၊ ပြည်သူတွေကိုချုပ်ချယ်ဖို့ ဥပဒေပြဋ္ဌာန်းခဲ့ပုံတွေ ဖြတ်လိုက်တာ တဲ့။
ရုပ်သံရိုက်ကူးရေးအတွက် နေပြည်တော်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာမယ်ဆိုရင်လည်း မြန်မာ့အသံ ဝန်ထမ်းများထွက်ပြီး မကြိုဆိုရဘူး ဆိုပြီး ညွှန်ကြားချက် ထုတ်ထားတယ် တဲ့။
ကဲ … အခုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးတပုဒ်ဖြစ်တဲ့ ရာမယန ဆောင်းပါးက မတ်လ ၁၈ ရက်နေ့မှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှာ ပေးအပ်မယ့် အမျိုးသား သတင်းဆု ရရှိဖို့ အလားအလာ ရှိနေပါတယ်။
“အဲ့ဒီဆောင်းပါးက ဆန်ခါတင် ၅ ဆုထဲမှာပါပါတယ်။ News Watch ဂျာနယ်မှာရေးထားတာပါ” လို့ ဆုရွေးချယ်ရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းငြိမ်းက ဧရာဝတီကို ပြောပါတယ်။
ဒီဆုတွေအတွက် ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာပြည် စာနယ်ဇင်းတွေမှာ ဖော်ပြခဲ့တာတွေထဲက စိစစ်ရွေးချယ်ခဲ့တာပါ။
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကိုယ်တိုင် ဆုပေးပွဲ အခမ်းအနား တက်ရောက်ပြီး ဆုချီးမြှင့်မှာဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါး ဆုရ မရဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါပြီ။ ဆုရမယ် ဆိုရင်တော့ ဆုပေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
ဦးကျော်ဆန်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆုပေးပွဲ စင်မြင့်ပေါ်မှာ ဆုတံဆိပ် တက်ရောက် ချီးမြှင့်ပေးမလား ဆိုတာကတော့ မကြာမီ လာမည် မျှော် … လို့ပဲ ပြောရတော့မှာ ဖြစ်ပါတယ်။
သင်္ကြန်မှာ သံချပ်ပြန်ထိုးမယ်
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ရောက်တဲ့အချိန်မှာ ကျင်းပလေ့ရှိတဲ့ အတာသင်္ကြန်ပွဲကြီးလည်း နီးကပ်လာပါပြီ။
ယခင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်မှာဆိုရင် နှစ်တနှစ်အတွင်း တိုင်းပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စတာတွေကို အပြုသဘောဆောင်တဲ့ သံချပ်တွေထိုးပြီး သင်္ကြန်ကားကြီးတွေနဲ့ လှည့်လည်ကပြ အသုံးတော်ခံကြတာ သင်္ကြန်ရဲ့ အနှစ်သာရ အမှတ်တရ တခုပါပဲ။ သင်္ကြန်ဟာ ပျော်စရာကောင်းတဲ့ ကာလတခု ဖြစ်ခဲ့ပါတယ်။
ဒါတွေဟာ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရများ လက်ထက်မှာ တိမ်မြှုပ် ပျောက်ကွယ်လာခဲ့တာ ဒီနှစ် သင်္ကြန်ကာလမှာ ပြန်လည် ဖော်ထုတ်ခွင့်ရတော့မယ်လို့ ရန်ကုန်မြို့မှာ ထုတ်ဝေတဲ့ Messenger ဂျာနယ်မှာ ဖော်ပြထားပါတယ်။
“သံချပ်အဟောင်းတွေကိုပဲ ပြန်လုပ်မှာပါ။ လတ်တလော current ဖြစ်နေတဲ့ အသစ်ကို လုပ်ပြချင်ပါတယ်။ ဒါပေမဲ့ လုပ်ခွင့်မရမှာ၊ မပေးမှာကြောက်လို့ အရင်ရှိပြီးသား အဟောင်းတွေကိုပဲ နောက်လူငယ်တွေကို သင်္ကြန်မှာ ဒီလို ရိုးရာယဉ်ကျေးမှုတွေ ရှိခဲ့ပါလားဆိုတာကို ပြချင်လို့ပါ” ဆိုပြီး သင်္ကြန် သံချပ်ကားများ အစီအစဉ် ခွင့်ပြုချက်ရအောင် ကြိုးပမ်းခဲတဲ့ လူရွှင်တော် မေတ္တာက ဧရာဝတီကို ပြောပါတယ်။
၁၉၇၀ ကျော်မှ ၁၉၈၇ အထိ ရှိခဲ့တဲ့ သံချပ်အဟောင်းများထဲမှာလည်း ကုန်ဈေးနှုန်းအကြောင်း၊ မော်တော်ကားအကြီးတွေက ကားအသေးတွေကို ကားလမ်းမပေါ်မှာ ဗိုလ်ကျတယ် ဆိုတဲ့အကြောင်း အဲ့ဒီလို ဗိုလ်ကျတာ နိုင့်ထက်စီးနင်းလုပ်တာ မကောင်းဘူးဆိုတဲ့ အကြောင်းတွေ၊ လူတွေ အကျင့်စရိုက်ပျက်ပြားတာဟာ ဘာကြောင့် ဆိုတာတွေကို တင်ဆက်မယ်လို့ သူက ဆိုပါတယ်။
“တနှစ်မှာ ၃၆၅ ရက်၊ ဝါထပ်ရင် ၃၆၆ ရက် အဲ့ဒီလို ရက်ထဲမှာရှိနေတဲ့ မြန်မာတပြည်လုံးရဲ့ သတင်း အတို အထွာတွေဟာ သင်္ကြန်မှာ အကုန်လုံး သိရအောင် လူတွေအတွက် ရယ်စရာအဖြစ် တင်ပြရင်း မကောင်းတဲ့ အကျင့် စာရိတ္တတွေကို ကောင်းအောင်၊ မကောင်းတဲ့စိတ်ဓာတ်တွေကို ကောင်းအောင်၊ ခိုးစားနေတဲ့သူတွေ ခိုးမစားအောင် လက်ညှိုးထိုးပြချင်တယ်” လို့ မေတ္တာက ပြောပါတယ်။
ကဲ … တိုင်းပြည်ရဲ့ လိုအပ်ချက်တွေ၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ကို အပြုသဘောဆောင် ပြောကြားချက်တွေ သယ်ဆောင်လာမယ့် သင်္ကြန်သံချပ်ကားတွေ ပြန်လာတော့မယ် … တဲ့။
ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော်အတွင်း ပြည်ပရောက် မြန်မာပြည်သားတွေကပဲ လွတ်လွတ်လပ်လပ် သံချပ်ထိုးနိုင်ခဲ့ပါတယ်။ အိန္ဒိယရောက် မြန်မာတွေဆို နှစ်တိုင်းလိုလို သံချပ်ကို ခွေထုတ်၊ စီဒီထုတ်ခဲ့ပါတယ်။ အခုတော့ ပြည်တော်ပြန်တွေ ခေတ်စားနေချိန်မှာ သံချပ်လည်း ပြန်တော်ပြန်ခွင့်ရပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။