ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) က ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ်ပွဲ တက်ရောက်ရန် လူ တဦးလျှင် တနေ့ ကျပ် ၃၀၀၀ ပေး၍စည်းရုံးမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိသည်။
ပါတီကိုယ်စားလှယ်လောင်း တဦးလျှင် ကျပ် သိန်း ၅၀ ထုတ်ပေးပြီး အောင်နိုင်ရေးအတွက် ထိုသို့ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်လာ ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ အသိုင်းအဝိုင်းက ပြောသည်။
“ဗဟိုကနေ ပါတီ ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆွယ်စရိတ် ထုတ်ပေးထားတယ်၊ သက်ဆိုင်ရာ မြို့နယ် ပါတီရုံးခွဲတွေ က လည်း တတ်နိုင်သလောက် ငွေကြေးရော စိတ်ဓာတ်ပိုင်းဆိုင်ရာရော ကိုယ်စားလှယ်လောင်းအတွက် ဖြည့်ဆည်းပေးကြဖို့ လူကြီး တွေက ညွှန်ကြားထားပါတယ်”ဟု ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ တာဝန်ရှိသူ တဦးကလည်း ပြောဆိုသည်။
ထို့အပြင် အစိုးရဝန်ကြီးတချို့ကလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းများအတွက် အထူးမဲဆွယ်ပွဲများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ်မှ အရွေးချယ်ခံမည့် ကြံ့ခိုင်ရေးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်လဲ့လဲ့အေး အတွက် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဦးအောင်ကြည်က မဲဆွယ်ပေးလျက်ရှိကြောင်း ဒေသခံ တဦးက ပြောပြသည်။
“ဦးအောင်ကြည်ကိုယ်တိုင် ဖဆပလ ရပ်ကွက်မှာ သက်ကြီးကန်တော့ပွဲ နာမည်တပ်ပြီး ဒေါ်လဲ့လဲ့အေးအတွက် မဲဆွယ်သွားတယ်။ သက်ကြီးရွယ်အိုတွေကို ငွေကြေးနဲ့ ကန်တော့ပြီး ဒေါ်လဲ့လဲ့အေးကို မဲထည့်ပေးဖို့ မဲဆွယ်တယ်”ဟု မင်္ဂလာတောင်ညွှန့် ဒေသခံက ပြောသည်။
ဦးအောင်ကြည်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွှန့်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပြီး ပြည်ထောင်စု ဝန်ကြီးတာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။
အစိုးရဝန်ကြီး တဦးအနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်ချိန်တွင် ယခုကဲ့သို့ ပါတီနိုင်ငံရေးအတွက် မဲဆွယ်စည်းရုံးရေး ပြုလုပ်ခြင်းမှာ ဥပဒေနှင့် မညီကြောင်း ပြည်တွင်းရှိ နိုင်ငံရေးသမား တဦးက ပြောသည်။
“အစိုးရဝန်ကြီးဆိုတာက ပြည်သူ့ဝန်ထမ်းဖြစ်သွားပြီ။ ပါတီနိုင်ငံရေးကို လုပ်လို့မရဘူး။ ပါတီကိုယ်စားလှယ်လောင်းအတွက် မဲဆွယ် တာမျိုး တကယ်ကို မလုပ်သင့်ဘူး။ ဥပဒေအရလည်း ငြိတယ်။ ဝန်ကြီး ဆိုတဲ့ ရာထူးအရှိန်အဝါ သုံးပြီး ပါတီ အတွက် မဲဆွယ်တာ က လည်း နိုင်ငံပိုင်ပစ္စည်းကို သုံးတာပဲ”ဟု နိုင်ငံရေးသမား တဦးဖြစ်သူ ဒေါက်တာ စောနိုင်က ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ကြံ့ခိုင်ရေး ပါတီအတွက် အစိုးရ ဝန်ကြီးများ မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့သည်။
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် နိုင်ငံ့ဝန်ထမ်း မဟုတ်သူများသာ ပါတီ တည်ထောင်ခွင့်၊ စည်းရုံးခွင့် ရှိကြောင်း နှင့် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ် ၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ် စေ ရယူသုံးစွဲသည်ကို တွေ့ရှိပါက ပါတီမှတ်ပုံတင်ကို ဖျက်သိမ်း၍ ပါတီကိုလည်း ဖျက်သိမ်းရမည်ဟု ပြဌာန်းထားသည်။
မရမ်းကုန်းမြို့နယ် ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် အငြိမ်းစား ညွှန်ကြားရေးမှူး ဦးရဲထွဋ်ကလည်း မဲဆွယ်စည်းရုံးရေး ကားဖြင့်လှည့်လည်ရန် လူတဦးလျှင် နေ့စား ကျပ် သုံးထောင်ပေး၊ ထမင်းကျွေးစနစ်ဖြင့် ခေါ်ယူ အသုံးပြုကြောင်း သိရှိရသည်။
“တချို့တနေ့လုပ်တနေ့စားတွေက ထမင်းလည်းစားရမယ်၊ ပိုက်ဆံလည်းရတယ်ဆိုတော့ လိုက်သွားကြတာ၊ ရပ်ကွက်ပြည်သူတွေ ကတော့ ကြံ့ဖွံ့က ခေါ်တာကို စိတ်သိပ်မဝင်းစားကြဘူး၊ သူတို့တနေ့ ၃၀၀၀ ပေးခေါ်ထားတဲ့ လူတွေကတောင် ရွေးကောက်ပွဲကျင်း ပတဲ့နေ့ ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်မယ် ပြောနေကြတယ်”ဟု မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက်သား တဦးက ပြောသည်။
ကြံ့ခိုင်ရေးပါတီသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက မရမ်းကုန်းမြို့နယ်၌ အိမ်ဂရန်များချထားပေးမည်ဟုဆိုပြီးကြားဖြတ် ရွေးကောက်ပွဲ အတွက်တရားမဝင် မဲဆွယ်စည်းရုံးမှု ပြုလုပ်ခြင်းများ ရှိခဲ့သည်။
ရပ်ကွက်အားလုံးတွင် အိမ်ဂရန်များရရှိရန် ဆောင်ရွက်ပေးမည်ဟုဆိုပြီး အိမ်အရောင်းအဝယ်စာချုပ်၊အိမ်ထောင်စု စာရင်း၊ အိမ်ပိုင် ရှင်၏ နိုင်ငံသားစိစစ်ရေးကတ် အပါအဝင် လိုအပ်သောအချက်အလက်စာရွက်စာတမ်းများကို တောင်းခံကြောင်း၊ ဒီဇင်ဘာ၂၁ ရက် နေ့မှ၂၂ ရက်နေ့အထိ ရပ်ကွက် ကြံ့ခိုင်ရေးပါတီရုံးတွင် လာလျှောက်ကြရန်လည်း ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက လိုက်လံနှိုးဆော်မှုများ ပြုလုပ်ခဲ့သည်။
ယင်း အိမ်ဂရန်ထုတ်ပေးမည့် အစီအစဉ်ကို နောက်ပိုင်းတွင် ပြန်လည် ရုပ်သိမ်းခဲ့သည်ဟု သိရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ကြံ့ခိုင်ရေး ပါတီသည် လမ်းခင်းခြင်း၊ ငွေထုတ်ချေးများဖြင့် မဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်မဲရယူခြင်း များ အပါအဝင် ဥပဒေနှင့်မညီသော နည်းလမ်းများဖြင့် ရွေးကောက်ပွဲအနိုင်ရခဲ့ကြောင်း ပြည်တွင်း နိုင်ငံရေးပါတီများက တရားဝင် ထုတ်ပြန်ပြောဆိုခဲ့ကြသည်။
ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီက လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာလုံးတွင် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီသည် ၁၉၉၃ ခုနှစ်ကစတင်၍ လူမှုရေးအသင်းအဖြစ် တည်ထောင်ခဲ့ပြီးနောက်၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေး ပါတီ အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။