အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အရွေးချယ်ခံမည့် ကော့မှူးမြို့နယ် ဝါးဘလောက်သောက် ကျေး ရွာ တွင် မဲပေးခွင့်ရှိသူ လူဦးရေ ၅၀၀ ခန့် မဲစာရင်းတွင် မပါဝင်ဘဲဖြစ်နေကြောင်း ကော့မှူးမြို့နယ် NLD ကထုတ်ဖော်ပြောဆို လိုက်သည်။
ကော့မှူးမြို့၏ အရှေ့ဘက် ၉ မိုင်ခန့်အကွာတွင်ရှိသော ဝါးဘလောက်သောက် ကျေးရွာတွင် မဲပေးခွင့်ရှိသူ ၄၉၀ ကျော် မဲစာရင်းတွင် မပါရှိဘဲ မဲစာရင်းတွင် ပါဝင်သူတချို့မှာလည်း အသက်မပြည့်သူ၊ ပျောက်ဆုံးနေသူနှင့် သေဆုံးသူများ ပါဝင်နေကြောင်း ကော့မှူး မြို့နယ် NLD မဲအောင်နိုင်ရေးအဖွဲ့ တာဝန်ရှိသူ ဦးမြင့်သိန်း က ဧရာဝတီသို့ ပြောပြသည်။
“ဝါးဘလောက်သောက်မှာတင် ၅၀၀ လောက်ဖြစ်နေတယ်။ ကျန်တဲ့မြို့ပေါ်ရပ်ကွက်တွေနဲ့ နယ်ကရွာတွေမှာလည်း မဲပေးခွင့်ရှိသူ က မပါဘဲ မဲပေးခွင့်မရှိသူက ပါလိုပါ။ အဲဒါမျိုးတွေ မနည်းဘူးဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လစ်လပ်နယ်မြေများရှိ မဲဆန္ဒရှင်စာရင်းကို ဖေဖော်ဝါရီလ၂၉ ရက်က ထုတ်ပြန် ထားရာ တွင် မဲပေးခွင့်မရှိသေးသော အသက်မပြည့်သေးသူများ၊ သေဆုံးသူများပါဝင်နေပြီး မဲပေးခွင့်ရှိသူများမှာ မဲစာရင်းတွင် မပါဝင်မှုများ ဖြစ်နေကြောင်း သိရသည်။
ကော့မှူးမြို့ပေါ်ရှိ ရပ်ကွက် ၇ ခုနှင့် မြို့နယ်တွင်းရှိ ကျေးရွာပေါင်း ၆၄ ရွာတွင်လည်း ယင်းကဲ့သို့ ကြုံတွေ့နေရသည်ဟု ကော့မှူး NLD ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်(ကြံ့ခိုင်ရေးပါတီ) မိသားစုများ၏ အသက်မပြည့်သေးသော မိသားစုဝင်များလည်း မဲပေးပိုင်ခွင့် စာရင်းများတွင် ပါဝင်နေသည်ကိုတွေ့ရှိရပြီး ကော့မှူးမြို့နယ်အတွင်း မဲစာရင်းလွဲမှားမှုများကို နေပြည်တော် ကော်မရှင်ရုံးသို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
“ကြံ့ခိုင်ရေးမိသားစုတွေကြတော့ အသက် ၉ နှစ် ၁၀ နှစ်ကလေးတွေကို မဲပေးပိုင်ခွင့်စာရင်းမှာ ထည့်ထားတယ်၊ အဲဒါတွေကို နာမည် နဲ့ ဓာတ်ပုံနဲ့တကွ ကျနော်တို့ စာရင်းပြုစုထားတယ်။ ကျန်တဲ့ ရပ်ကွက်နဲ့ ရွာတွေမှာလွဲချော်နေတာတွေ အကုန်လုံးကို ဒေါ်အောင်ဆန်းးစုကြည်က နေပြည်တော်မှာ တင်ပြချင်တယ် ဆိုလို့ ပြုစုနေတယ်”ဟု ဦးမြင့်သိန်း က ဆက်ပြောသည်။
ကော့မှူးမဲဆန္ဒနယ်အပြင် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နယ်မြေ အားလုံး နီးပါး အထက်ပါ လွဲမှားမှုမျိုးဖြစ်ပွားနေပြီး တချို့နေ ရာများတွင် ကော်မရှင်က ပြင်ဆင်မှုများ ပြုလုပ်ပေးကြောင်း NLD ဗဟိုရွေးကောက်ပွဲ မဲအောင်နိုင်ရေး တာဝန်ရှိသူ ဦးဉာဏ်ဝင်း ကလည်း ပြောဆိုသည်။
“ရုံးချုပ်ကို ဆက်သွယ်လာတဲ့ သတင်းတွေအရ ကျနော်တို့သိရတာ။ နေရာအတော်များများမှာ ဖြစ်နေတယ်။ ကျနော် နမ္မတီးကို ရောက်တော့ ကိုယ်တိုင်တေ့ွခဲ့ရတာက မဲပေးခွင့်ရှိတဲ့လူတွေ မဲစာရင်းထဲမှာ မပါဘူး။ ကော်မရှင်ကိုသွားပြောတော့ ဟိုက ပြင်ပေး လိုက်တယ်”ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် အရွေးခံမည့် ကော့မှူးမြို့ပေါ်တွင် ရပ်ကွက်ပေါင်း ၇ ရပ်ကွက်ရှိပြီး မြို့နယ်အောက်ရှိ ကျေးရွာအုပ်စု ၅၂ စု အနက် ရွာပေါင်း ၆၄ ရွာရှိသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၈၈၅၀၀ ဖြစ်ပြီး မဲရုံပေါင်း ၁၂၉ ရုံရှိကြောင်း သိရသည်။
ရွေးကောက်ပွဲ နည်းဥပဒေများအရ မဲစာရင်းတွင် အမည်မပါဝင်၍ ထည့်သွင်းလိုပါက တောင်းဆိုလွှာနှင့် တင်သွင်းနိုင် သကဲ့သို့ မဲစာရင်းပါ အမည်၊ အချက်အလက်၊ လွဲမှားနေပါက ပြင်ဆင်ကန့်ကွက်လွှာ တို့ဖြင့် မဲဆန္ဒရှင်စာရင်း စတင်ကြေညာသည့်နေ့မှစ၍ ၇ ရက်အတွင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ တင်သွင်းရမည်ဖြစ်သည်။
တောင်းဆိုလွှာ၊ ပြင်ဆင်လွှာ၊ ကန့်ကွက်လွှာများ ပြုပြင်ဆောင်ရွက်ပေးခြင်းကို မဲစာရင်းထုတ်ပြန်သည့်နေ့မှ ၇ ရက်အတွင်း၌သာ ကျုံးဝင်ပြီး ထိုရက်ကျော်လွန်ပါက ဆောင်ရွက်ခြင်းမပြုရကြောင်း ရွေးကောက်ပွဲနည်းဥပဒေ ၁၄(က) (င) တို့တွင်လည်း ပြဌာန်း ထား သည်။
သို့သော် မဲစာရင်းပေးပိုင်ခွင့်ရှိသူများ အစုအဝေးနှင့်ကျန်ရှိနေပါက စာရင်း၊ ဇယားများဖြင့်ပြုစုကာ ရွေးကောက်ပွဲမတိုင်မီ တပတ် အလို မတ်လ၂၄ နေ့ အတွင်း ခရိုင်ကော်မရှင်အဖွဲ့ခွဲသို့ လာရောက်ပြုပြင်နိုင်ကြောင်း ရန်ကုန်တိုင်းကော်မရှင် ဥက္ကဌ ဦးကိုကို က ပြောပြသည်။
“မဲစာရင်းမှာ မဲပေးပိုင်ခွင့်ရှိသူ အစုအဝေးနဲ့ ကျန်ရစ်ခဲ့ဦးမယ်ဆိုရင်တော့ ရွေးကောက်ပွဲမကျင်းပခင် ၇ ရက်ထက် နောက်မကျဘဲ။ ခရိုင်ကော်မရှင် အဖွဲ့ခွဲကနေပြီးတော့ ထည့်သွင်းခွင့်ပြုနိုင်ပါတယ်”ဟု ဦးကိုကို က ပြောသည်။
မဲစာရင်းလွဲချော်မှုများ ဖြစ်ပွားခဲ့သည့် မြို့နယ်များအနက် မြောင်းမြမြို့နယ်ထဲက နေရာတချို့တွင် ကော်မရှင်ရုံးများသို့ တင်သွင်းရာ အဆင်ပြေမှုများရရှိသကဲ့သို့ သဘောထားတင်းမာသော ကော်မရှင်တာဝန်ရှိသူများ တာဝန်ယူသော နေရာများတွင် ဖြေရှင်းခွင့် မရ ရှိခဲ့ကြောင်း မြောင်းမြမြို့ NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင် ဦးဝင်းဆွေ က ပြောသည်။
“မြောင်းမြနားက ကျေးသာတောင်ရွာမှာ အုပ်ချုပ်ရေးမှူး ဦးမြသောင်း က နာဂစ်ဖြစ်ပြီး သူတို့ဆီပြောင်းလာတဲ့ လူတွေကို မဲမထည့် ရဘူးလို့ ပြောတယ်။ မဲထည့်ချင်ရင် တယောက်ကို ကျပ်၂ သောင်းပေးရမယ်ဆိုပြီး တောင်းတယ်လို့ ရွာသားတွေက ကျနော် တို့ဆီ ကိုတိုင်တယ်”ဟု ဦးဝင်းဆွေ က ဆိုသည်။
မဲစာရင်းများကို၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကအသုံးပြုခဲ့သည့် မူလ မဲစာရင်းကိုအခြေခံပြီး ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ
နှင့်အညီ မှန်ကန်ပြည့်စုံသော မဲစာရင်းများပြုစုရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး က ယခုလ ၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ ညှိနိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့အတူ ဧပြီ ၁ ရက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတသောရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကြီးကြပ်ပေးသွားမည်ဟုလည်း ပြောဆို ခဲ့သေးသည်။