မြန်မာနိုင်ငံ စာနယ်ဇင်း သမိုင်းတွင် ပထမဆုံး ချီးမြှင့်သည့် အမျိုးသား သတင်းဆု (National Press Award) များတွင် အစိုးရသတင်းစာ၌ ဖော်ပြခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးသိန်းစိန်တို့ ယှဉ်တွဲရိုက်ထားသည့် ဓာတ်ပုံအား သတင်းဆု ရွေးချယ်ရေး ကော်မတီက ၂၀၁၁ ခုနှစ်အတွက် “အထူးခြားဆုံး အမျိုးသား သတင်းဓာတ်ပုံဆု” ချီးမြှင့်လိုက်ကြောင်း သိရသည်။
အမျိုးသားအဆင့် သတင်းဆုများကို ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ဆုရွေးချယ်ရေးကော်မတီက မူလကြေညာထားသည့် ဆု ၅ မျိုး အပြင် “အထူးခြားဆုံး အမျိုးသား သတင်းဓာတ်ပုံဆု” တမျိုး ထပ်မံတိုးချဲ့ကာ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံမှာ ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့က အစိုးရပိုင် သတင်းစာတွင် ဖော်ပြခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံအောက်တွင် အတိုက်အခံခေါင်းဆောင်နှင့် အစိုးရခေါင်းဆောင်တို့ ယှဉ်တွဲရိုက်ထားသည့်ပုံ ဖြစ်ပြီး ဓာတ်ပုံ မောင်မောင်သန်း (ကော့မှူး) ၏ လက်ရာဖြစ်ကြောင်း သိရသည်။
“ဒီပုံက ကျနော်တို့ တိုင်းပြည်မှာ အလှည့်အပြောင်းတွေ ပွင့်လင်းမြင်သာမှုတွေ ရှိနေပြီဆိုတာ တကမ္ဘာလုံးကို ပြောတဲ့ဓာတ်ပုံဖြစ်တယ်။ သမိုင်းဝင်တဲ့ပုံ အရေးကြီးတဲ့ပုံဖြစ်တယ်။ ဒါကြောင့် ဗဟိုကော်မတီကနေပြီးတော့ ဒီပုံဟာ ပေးသင့်တဲ့ပုံဖြစ်တယ်လို့ ယူဆတဲ့အတွက် ဆုတမျိုးထပ်တိုးပြီး ပေးလိုက်တာပါ” ဟု အမျိုးသားသတင်းဆု ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းငြိမ်းက ဧရာဝတီကို ပြောသည်။
အထူးခြားဆုံး သတင်းဓာတ်ပုံဆု ပေးအပ်ခြင်းနှင့်ပတ်သက်၍ ပြည်တွင်း စာနယ်ဇင်းသမားများအကြား ဝေဖန် ပြောဆိုမှုများလည်း ရှိနေသည်။
“ဒေါ်စုနဲ့ သမ္မတတွေ့တဲ့ပွဲကို ပြည်တွင်းရော ပြည်ပကရော ဘယ်သတင်းဌာနကမှ ဓာတ်ပုံရိုက်ခွင့် မရခဲ့ဘူး။ အစိုးရသတင်းစာပဲ ရိုက်ခွင့်ရတယ်။ တခြားသူတွေပါ ရိုက်ခွင့်ရမယ်ဆိုရင် ဓာတ်ပုံအများကြီးထဲက ရွေးပြီး ပေးလို့ရမယ်။ ဒါဆို ပိုပြီး မျှတမှု ရှိတာပေါ့။ ခုဟာက လူနည်းစုပဲရတဲ့အခွင့်အရေးကို အသုံးချပြီး ရိုက်လာတဲ့ဓာတ်ပုံကို ဆုပေးလိုက်တယ်ဆိုတော့ မျှတမှု မရှိဘူး” ဟု ပြည်တွင်းဂျာနယ်တစောင်မှ အကြီးတန်းသတင်းထောက်တဦးက ပြောသည်။
ဝေဖန်မှုများနှင့်ပတ်သတ်၍ ရွှေအမြုတေမဂ္ဂဇင်းနှင့် အလင်းတန်းဂျာနယ် အယ်ဒီတာ ဦးဝင်းငြိမ်းက “ကျနော်တို့က ဓာတ်ပုံရဲ့ တန်ဖိုးကိုပဲ တိုင်းတာပါတယ်။ ကျန်တာတော့ ကျနော်တို့နဲ့ မဆိုင်ပါဘူး” ဟု ပြောသည်။
ဆုရွေးချယ်ရေးကော်မတီက မူလက ပေးအပ်ရန် ကြေညာထားသည့် သတင်းဆု ၅ မျိုးအနက် အကောင်းဆုံး အာဘော်ဆောင်းပါးဆုမှာ သတ်မှတ် အရည်အချင်း မပြည့်မီသဖြင့် ပေးအပ်ခြင်း မရှိဘဲ ကျန်ဆု ၄ မျိုးကို ပေးအပ်ခဲ့သည်။
အကောင်းဆုံး သတင်းဆုကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် ကုမုဒြာဂျာနယ်တွင် ဖော်ပြပါရှိသော နန်းလွင်၊ နှင်းရတနာဇော်၊ ဝင့်ဝတီ၊ အေးသီရိဝင်းနှင့် ကုမုဒြာ ဆက်စပ်သတင်းအဖွဲ့တို့ ရေးသားခဲ့သည့် “နိုင်ငံ့အနာဂတ်အတွက် အစပျိုးခြင်း” သတင်းက ရရှိခဲ့ပြီး အကောင်းဆုံး ဆောင်းပါးဆုကို ၂၀၁၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြခဲ့သည့် ငြိမ်းငြိမ်းနိုင်ရေးသားသော “လက်နက်ကိုင်အရေး စားပွဲဝိုင်းပေါ် ရောက်ပြီလား” ဆောင်းပါးက ရရှိခဲ့သည်။
အကောင်းဆုံး သတင်းဓာတ်ပုံဆုကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ထုတ် ပေါ်ပြူလာနယူးစ် ဂျာနယ်မှ ဓာတ်ပုံ အောင်နိုင်စိုးက “အငြိမ်းစားများ” ဓာတ်ပုံဖြင့် ဆုရရှိခဲ့ပြီး အကောင်းဆုံး သတင်းကာတွန်းဆုကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ထုတ် True News ဂျာနယ်တွင် ဖော်ပြခဲ့သည့် “ပုံပြင်ထဲကလိုတော့” ကာတွန်းဖြင့် ကာတွန်း သီဟ (စခန်းသစ်) က ရရှိခဲ့သည်။
အကောင်းဆုံး သတင်းဆုရှင်အဖွဲ့သားတဦးဖြစ်သူ အေးသီရိဝင်းက “ရေးခဲ့တဲ့သတင်းက ဟီလာရီကလင်တန် မြန်မာပြည် လာတဲ့သတင်းပါ။ အဲဒီတုန်းက အရမ်းပင်ပန်းခဲ့တယ်။ ဟီလာရီသွားတဲ့နောက်ကို တကောက်ကောက်လိုက်၊ သတင်းစာ ရှင်းလင်းပွဲပြီးတာနဲ့ တခါတည်း ချရေး၊ တခါတည်း တိုက်ကိုပို့။ အဲလိုပင်ပန်းခဲ့ပြီး ဆုရတယ်ဆိုတော့ ပျော်တာပေါ့နော်။ ပိုပြီးတော့ ကြိုးစားချင်စိတ်လည်း ဖြစ်လာတာပေါ့” ဟု ပြောသည်။
ဆုပေးပွဲအခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ယခုလ ၁၈ ရက်နေ့ နေ့လည် ၁ နာရီတွင် ကျင်းပသွားမည် ဖြစ်ပြီး ဆုရရှိသူအား ဆုတံဆိပ်၊ ဆုလက်မှတ်နှင့် ငွေကျပ် ၁၀ သိန်းစီ ချီးမြှင့်သွားမည်ဖြစ်သည်။
ယင်းဆုငွေများကို လုပ်ငန်းရှင်များထံမှ အလှူခံ ရရှိသည့်ငွေများဖြင့် ပေးအပ်ခြင်းဖြစ်ပြီး ဆုပေးပွဲသို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း တက်ရောက်မည်ဖြစ်ကြောင်း ဦးဝင်းငြိမ်းက ပြောသည်။
အပတ်စဉ်ထုတ် News Watch ဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့သည့် ဒေါ်အောင်ဆန်းဆုကြည်၏ “ဒေါ်အောင်ဆန်းစုကြည် ပြောပြသည့် ရာမယဏ ဇာတ်တော်” အမည်ရှိ ဆောင်းပါးမှာ ဆောင်းပါးဆုအတွက် နောက်ဆုံး ဆန်ကာတင် ၅ ပုဒ်တွင် ပါဝင်သော်လည်း ဆုမရခဲ့ချေ။
ဆုပေးရသည့် ရည်ရွယ်ချက်ကို ဦးဝင်းငြိမ်းက “နိုင်ငံတော်သမ္မတက သတင်းမီဒီယာဟာ နိုင်ငံတော်ရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တယ်လို့ ပြောထားတယ်။ ဒါပေမယ့် သတင်းမီဒီယာသမားတွေအတွက်ကျတော့ ဆုတို့ ဘာတို့ မရှိဘူး။ ဒါကြောင့် သတင်းမီဒီယာသမားတွေကို ချီးမြှင့်ထောက်ပံ့ပေးဖို့ ဒီဆုကို တီထွင်ခဲ့တာပါ” ဟု ပြောသည်။
အမျိုးသားသတင်းဆုရွေးချယ်ရေး ကော်မတီကို ဝါရင့်သတင်းစာ ဆရာကြီးများဖြစ်သည့် ဖိုးသောကြာ၊ လူထုဦးစိန်ဝင်း၊ ဦးမိုးသူ၊ ဦးကိုကိုကြီး (ကြေးမုံသတင်းစာတိုက်)၊ ဦးမြင့်သိန်းဖေ (ဓာတ်ပုံပညာရှင်)၊ မောင်ဝံသ၊ ဦးဝင်းငြိမ်းစသည့် ပုဂ္ဂိုလ်များအပါအဝင် လူ ၂၀ ဖြင့် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့၌ ဖွဲ့စည်းခဲ့သည်။
မြန်မာနိုင်ငံတွင် သတင်း၊ မှုခင်း၊ ပညာရေး၊ စီးပွားရေး၊ ဘာသာရေး၊ အားကစား၊ ကျန်းမာရေး၊ အနုပညာ၊ ကလေးသူငယ်၊ နည်းပညာစသဖြင့် ဂျာနယ်မဂ္ဂဇင်း အမျိုးအစားပေါင်း ၃၅၀ ကျော် ထုတ်ဝေလျက် ရှိသည်။