မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ကင်းမဲ့၍ ဖြစ်ပေါ်လာခဲ့သည့် ကိုဖုန်းမော် ကျဆုံးခြင်းမှသည် လူ့အခွင့်အရေး အပြည့်အဝရှိသည့် အခြေအနေသို့ ခိုင်မာစွာရောက်ရှိရေးအင်အားစု အားလုံးက ပူးပေါင်း ဆောင်ရွက်သွားကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြား လိုက်သည်။
ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီတွင် ယနေ့ ကျင်းပသည့် ၂၄ နှစ်မြောက် ရန်ကုန် စက်မှုတက္ကသိုလ် မတ်လ ၁၃ ရက်နေ့ အရေးအခင်းနှင့် ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ ဒီနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့လို့ ခေါ်ချင်တာက ဘာကြောင့်လဲဆိုတော့ နောက်ဆုံးတော့ ကိုဖုန်းမော် ကျဆုံးခဲ့တဲ့ ကိစ္စအ၀၀က ဘာနဲ့ ဆက်နွယ်နေသလဲဆိုတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးများ မရှိခြင်းနဲ့ ဆက်နွယ်နေတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားသို့ အနည်းငယ်နောက်ကျသည့်အတွက် ပရိတ်သတ်ကို တောင်းပန် စကားဆိုပြီး လူငယ်ကျောင်းသားများ၏ နိုင်ငံအတွက် စွန့်လွှတ်စွန့်စား လုပ်ဆောင်ခဲ့ရာမှ လူ့အခွင့်အရေး လှုပ်ရှားမှုများ မြင့်မားလာပုံနှင့် မြန်မာနိုင်ငံသားတိုင်း ကမ္ဘာ့လူသားများနည်းတူ လူ့အခွင့်အရေးများ အပြည့်အ၀ ခံစားခွင့်ရသင့်ကြောင်း ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး အရေးကြီးပုံ၊ လူ့အခွင့်အရေးဆိုင်ရာ အရှိန်မြင့်၍ ညီညီညွတ်ညွတ် လုပ်ဆောင်သွားကြရန်လည်း ပြောကြားသွားသည်။
ယနေ့ အခမ်းအနားကို ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ နိုင်ငံရေး အကျဉ်းသားဟောင်းများက ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက “အခုလို အခမ်းအနား ကျင်းပတာဟာ တိုးတက်မှုတခုပါ။ အခမ်းအနားများမှသည် ပြည်သူ့ဆီသို့လို့ ကိုမင်းကိုနိုင်က ပြောတာ။ ဆိုလိုတာက အခမ်းအနားတွေ လုပ်နေရုံနဲ့ မလုံလောက်ဘူး။ တကယ့်တကယ် ပြည်သူတွေဆီအထိ ပြန့်နှံ့အောင် ကြိုးစားသွားရမှာကို အလေးအနက် ပြောသွားတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ဒီမိုကရေစီအင်အားစု အားလုံးက မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် သဘောတူ သတ်မှတ်ခဲ့ပြီး ယခင် နှစ်ပေါင်း ၂၃ နှစ်တာအတွင်း အမျိုးမျိုးသော ဖြိုခွင်းခံရမှုများကြောင့် အခမ်းအနားများလည်း ကျင်းပခွင့်မရခဲ့ကြောင်း၊ လူ့အခွင့်အရေးကို နိုင်ငံသားအားလုံး ခံစား ကျင့်သုံးစေနိုင်ရေးအတွက် အင်အားစု အားလုံးက ပြည်သူတရပ်လုံးနှင့် ထိတွေ့ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုကြောင်း ကိုမင်းကိုနိုင်က ယနေ့ အခမ်းအနားတွင် ပြောသည်။
ယနေ့ ကျင်းပသော အခမ်းအနားသို့ တက်ရောက်သူ ၂၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ မြို့ကြီးများတွင်လည်း ယနေ့ ကျရောက်သော ကိုဖုန်းမော် ကျဆုံးခြင်းနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အခမ်းအနားများကို အသီးသီးကျင်းပကြောင်း သိရသည်။
အလားတူ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် ဥရောပ နိုင်ငံများရှိ မြန်မာ့အရေး လှုပ်ရှားသူများကလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ကို ကျင်းပကြပြီး ကျဆုံးသွားကြသော စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့အတွက် အမျှအတန်း ပေးဝေခြင်း၊ မြန်မာနိုင်ငံ လွှတ်တော်များက ယနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခြင်းများ ပြုလုပ်ကြကြောင်း သိရှိရသည်။
၈၈ မျိုးဆက်ကျောင်းသားများက ၂၃ ကြိမ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အတွက် ယမန်နေ့က ကြေညာချက်တစောင် ထုတ်ပြန်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်အိုဟေး ကင်တာနာကလည်း ယမန်နေ့က ကြေညာချက်ထုတ်ပြန်ကာ မြန်မာအစိုးရ၏ နိုင်ငံသားများ အခွင့်အရေးကာကွယ်ရန် မူဝါဒများ ချမှတ်လုပ်ကိုင်လာသည်ကို ကြိုဆိုလိုက်ပြီး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး၊ တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ အပါအဝင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများသည် စိုးရိမ်ရသည့် အဆင့်တွင်ရှိဆဲဖြစ်ပြီး နောက်ကြောင်းပြန်လှည့်သွားမည့်အရေး စိုးရိမ်မိကြောင်း ပြောဆိုထားသည်။
ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တရားဝင် စေ့စပ်ညှိနှိုင်းမှု လုပ်ဆောင်ကာ ငြိမ်းချမ်းရေးဖော်ဆောင်ရန် တိုက်တွန်းထားပြီး အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများ စစ်မှန်မှုနှင့် ပတ်သက်ပြီး ယခုလာမည့် ဧပြီလ ၁ ကြားဖြတ်ရွေးကောက်ပွဲသည်လည်း အဓိကကျသည့် စမ်းသပ်မှုတခုဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
၁၉၈၈ ခုနှစ်က မဆလ အာဏာရှင် ဦးနေဝင်းလက်ထက်က အရပ်သားနှင့် ကျောင်းသား ပဋိပက္ခကို နှိမ်နင်းခဲ့စဉ် ရန်ကုန် စက်မှုတက္ကသိုလ် ပဉ္စမနှစ် ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ၂ ဦးသည် လုံထိန်းများ၏ လက်ချက်ကြောင့် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြသည်။ ကိုဖုန်းမော်သည် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းဝင်း၌ ပွဲချင်းပြီး သေဆုံးပြီး ကိုစိုးနိုင်သည် မတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။
ပထမဆုံး မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက်နေ့က ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းအတွင်း၌ ကျင်းပရာ ထိုစဉ်က ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသူများနှင့် နိုင်ငံရေးနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး နှစ်စဉ် မတ်လ ၁၃ နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ဟု သတ်မှတ်ခဲ့ကြသည်။