အစိုးရ ဝန်ကြီးဌာန ၆ ခု ၏ ငွေကြေး အလွဲသုံးစားမှု၊ ငွေစာရင်း မမှန်မကန် ဖော်ပြမှုများအား ပြည်ထောင်စု စာရင်း စစ်ချုပ်ရုံးက ပထမဆုံး အကြိမ် ထုတ်ဖော်လိုက်သည်။
ပြန်ကြားရေး ဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း၊ အမှတ် (၁) (၂) စက်မှုဝန်ကြီးဌာန၊ သတ္တုတွင်း၊ သမဝါယမ စသည့် ဝန်ကြီးဌာနများ၏ လုပ်ငန်းများ၊ စက်ရုံ အလုပ်ရုံများသည် ၎င်းတို့ ဌာနများ၏ ငွေစာရင်း လိမ်လည်ဖော်ပြမှု၊ အလွဲသုံး စားမှု၊ ငွေကြေး လွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စများ မလိုက်နာမှု စသည်တို့အား စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“ပြန်ကြားရေးဌာန ရဲ့ငွေကြေး မသမာမှုမှာ ကျပ်သိန်းပေါင်း ၂၀၀၀ ကျော်ဖြစ်နေတယ်၊ ဒီကိစ္စ ဟာ ပြီးခဲ့တဲ့ ၄နှစ်ကတည်း က မသမာမှုတွေပါတယ်၊ ဝန်ကြီးကိုယ်တိုင်သိလိမ့်မယ်လို့ ယူဆယ်၊ တာဝန်ရှိသူတွေက တာဝန်ယူမှု၊ တာဝန်ခံမှု ဘယ်လို ဆောင်
ရွက် မလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် က ဧရာဝတီ ကိုပြောသည်။
ပြန်ကြားရေးဝန်ကြီး ဌာနသည် နိုင်ငံပိုင် သတင်းစာများ ရောင်းချငွေ ကျပ်သိန်းပေါင်း ၂၅၀၀ ကျော်အနက် သိန်း တထောင် ကျော်သာ သက်ဆိုင်ရာဌာနသို့ လွှဲပြောင်း ပေးထားသေးကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ မကြာသေးခင်က ထုတ်ပြန် သည့် အစီရင်ခံစာတွင် ပါရှိသည်။ မြန်မာ့အလင်း သတင်းစာတိုက်၏ ငွေကြေးအလွဲသုံးစားမှုကြောင့် တာဝန်ရှိသူ ၃ ဦးအား ပြီး ခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းက အရေးယူမှု ဖြစ်ပေါ်ခဲ့သေးသည်။
ငွေကြေးအလွဲသုံးစား ဖြစ်ပေါ်ခဲ့မှုသည် ယခင်နအဖ အစိုးရ၏ ဝန်ကြီးဟောင်းများ ဖြစ်သည့် စက်မှု (၁) ဝန်ကြီး ဦးအောင် သောင်း၊ လယ်ဆည်ဝန်ကြီး ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ သတ္တုတွင်း ဝန်ကြီး ဦးအုန်းမြင့်၊ စက်မှု (၂) ဝန်ကြီး ဦးစိုးသိန်း၊ သမဝါယမ ဝန်ကြီး ဦးတင်ထွဋ် တို့ လက်ထက်၌ ဖြစ်ပွားခဲ့သည်။
၎င်းတို့အနက် ဦးစိုးသိန်းနှင့်ဦးကျော်ဆန်းတို့သည် လက်ရှိဦးသိန်းစိန် အစိုးရအဖွဲ့၏ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ပြီး၊ ဦးအုန်းမြင့်သည် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ဦးအောင်သောင်း၊ ဦးဌေးဦး၊ ဦးတင်ထွဋ်တို့ကမူ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည်။ ဦးအောင်သောင်းသည် အဂတိလိုက်စားသည့် ဝန်ကြီးတဦးဟု နာမည်ကျော်ကြားသူ ဖြစ်ကာ လက်ရှိတွင် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ်လည်း ဆောင်ရွက်နေသူ ဖြစ် သည်။
မြန်မာနိုင်ငံသည် အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံ တခုဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၃ နိုင်ငံတွင် မြန်မာနိုင်ငံက အဆင့် ၁၈၀ တွင်ရှိကြောင်း၊ အာဖဂန်နစ္စတန်၊ မြောက်ကိုးရီးယားနှင့် ဆိုမာလီယာနိုင်ငံ တို့သည် ကမ္ဘာ့အကျင့်ပျက် ခြစားမှု အများဆုံးနိုင် ငံ များဖြစ်သည်ဟု Transparency International (TI) နိုင်ငံတကာ အကျင့်ပျက် ခြစားမှုများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အမှတ် (၁) စက်မှုဝန်ကြီးဌာနသည် စက်ရုံ၌ အသုံးပြုမည့် လောင်စာဆီဂါလန် ၂ သိန်းကျော်အား စက်ရုံအတွက် အသုံးမပြုဘဲ ရောင်းစားခဲ့ခြင်းကို စစ်ဆေးတွေ့ရှိခဲ့ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် အမှတ်(၂) စက်မှု ဝန်ကြီးဌာန တို့သည် ၎င်းတို့၏ လုပ်ငန်းများ၌ ကျပ်သိန်းပေါင်းများစွာ အရှှုံးပေါ်နေခြင်းကို အမြတ်ငွေဟု ဖော်ပြသည့်အပြင် အရှှုံးငွေပမာဏ ကိုလည်း လျှော့၍ ဖော်ပြထားသည်။
သတ္တုတွင်း ဝန်ကြီးဌာန လက်အောက်ရှိ အမှတ်(၁) သတ္တုတွင်းလုပ်ငန်း မုံရွာ ကြေးနီ စီမံကိန်း၏ အစုရှယ်ယာ ၅၀ ရာခိုင်နှှုန်း အား ဒေါ်လာသန်း ၁၀၀ နှင့် မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်(ဦးပိုင်)သို့ ရောင်းချရာ၌ ဦးပိုင်က ငွေမချေဘဲ ဟောင်ကောင်မှ Wanbo Mining Copper Limited ကုမ္ပဏီက ပေးချေထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ပြည်ထောင်စု စာရင်း စစ်ချုပ်ရုံးအစီရင်ခံစာ က ဆိုသည်။
စစ်တပ် ဦးဆောင်သည့် ဦးပိုင်ကုမ္ပဏီ၌ ငွေကြေးအလွဲသုံးစားမှု ဖြစ်ပေါ်နေခြင်းကို လွှတ်တော် ကိုယ်စားလှယ်များအကြား ဝေ ဖန် ပြောဆိုမှုများလည်း ထွက်ပေါ်နေသည်။
၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်မှ စတင်၍ ထိုငွေကြေး အလွဲသုံးစားမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က စာရင်းစစ်ချုပ် သည် ဗိုလ်ချုပ်လွန်းမောင် ဖြစ်ပြီး ၎င်းသည် လက်ရှိအစိုးရ၏ ပြည်ထောင်စု စာရင်းစစ်ချုပ်လည်း ဖြစ်သည်။
စာရင်းစစ်ချုပ်ရုံးက ထုတ်ပြန်သည့် ငွေကြေး အလွဲသုံးစားမှု အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်များထံဖြန့်ဝေပေးခဲ့ခြင်းဖြစ်ပြီး အသိပေးရုံသက်သက်မဟုတ်ဘဲ အဆိုတရပ် တင်သွင်းဆွေးနွေး၍ အရေးယူမှု ပြုလုပ်နိုင်သည်အထိ လွှတ်တော်က ဆောင်ရွက်နိုင်ပါက ငွေကြေးအလွဲသုံးစားမှု လျှော့ကျသွားနိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
အစိုးရ အဆင့်ဆင့် လာဘ်စားမှုများ ရှိခဲ့ပြီး ပထမဆုံး အကြိမ်ဖော်ထုတ်လိုက်ခြင်းသည် ပွင့်လင်းမှု တချို့ရှိလာသည်ဟု ယူဆ ကြောင်း၊ သမ္မတ၏လမ်းညွန်မှုအရစစ်ဆေးတွေ့ရှိခြင်းဖြစ်၍ သမ္မတအနေဖြင့်လည်း ထိရောက်သည့်အရေးယူမှုလုပ်သင့်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ပြောသည်။
ထိုကိစ္စအား ပြည်ထောင်စု လွှတ်တော်၌ တင်ပြဆွေးနွေးကြမည်ဖြစ်ကာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်တရပ်ဖွဲ့ စည်းနိုင်ရေးအတွက် ယခုရက်ပိုင်းအတွင်းကျင်းပမည့် လွှတ်တော်အစည်းအဝေးများ၌ ဆွေးနွေးသွားမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း က ပြောကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။
ငွေကြေးအလွဲသုံးစားမှု လုပ်ဆောင်ခဲ့သူများသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)၏ ထိပ်ပိုင်း ခေါင်း ဆောင်များ ဖြစ်နေသော်လည်း အရေးယူမှု ဖြစ်လာနိုင်ဖွယ် ရှိကြောင်း၊ ယခုကိစ္စနှင့်ပတ်သက်၍ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် များ ကိုယ်တိုင် ဝေဖန်ပြောဆိုမှုများရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုကြသည်။