ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သည့် ဖဒိုမန်းငြိမ်းမောင်ကို ယနေ့နေ့လယ်တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက တသက်တကျွန်းနှင့်ထောင် ၃ နှစ် ပြစ်ဒဏ် ချမှတ်လိုက်သည်။
နိုင်ငံတော် ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂/၁ အရ တသက်တကျွန်း၊ မတရားအသင်း ပုဒ်မ ၁၇/၁ အရ ထောင်ဒဏ် ၃ နှစ်ချမှတ်ခြင်း ဖြစ်ပြီး ပြစ်ဒဏ်များကို တပေါင်းတည်း ကျခံစေရမည်ဟု အမိန့်ချမှတ်ကြောင်း မန်းငြိမ်းမောင် ၏ ရှေ့နေ ဦးကြီးမြင့်က ဧရာဝတီသို့ ပြောသည်။
“အခုလို အစိုးရ တာဝန်ရှိသူတွေက တရားမစွဲဘူး ပြောပြီး တသက် တကျွန်းချတော့ စိတ်ထိခိုက်တဲ့ အမူအယာတွေ တွေ့ရတယ်”ဟု ၎င်းကဆိုသည်။
KNU ဗဟိုကော်မတီဝင်တဦးဖြစ်သည့် ဖဒိုမန်းငြိမ်းမောင်သည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးလည်း ချို့ယွင်းမှု အနည်းငယ်ရှိသူ ဖြစ် ကြောင်း၊ ဆေးကုသမှု ခံယူရန် လိုအပ်ကြောင်းလည်း ဦးကြီးမြင့်က ပြောပြသည်။
“သူက အခုနောက်ပိုင်း ဘာပဲမေးလိုက်မေးလိုက် ဟုတ်တယ် ဟုတ်တယ်ချည်းပဲပြောနေတယ်၊ စိတ်ခံစားမှု မရှိတော့ဘူး”ဟု ၎င်းက ဆက်ပြောသည်။
ဦးကြီးမြင့်က ဖဒိုမန်းငြိမ်းမောင်နှင့် ထပ်မံတွေ့ဆုံကာ ရက်ပေါင်း ၆၀ အတွင်း အယူခံတင်သွင်းနိုင်ရန် ဆက်လက်ကြိုးပမ်းမည်ဖြစ် သည်ဟုလည်း ဆိုသည်။
မန်းငြိမ်းမောင်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း တရုတ်ပြည် ကူမင်းလေဆိပ်မှ မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမဝင် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရား အသင်း ဆက်သွယ်မှုများဖြင့် ဖမ်းဆီး အရေးယူ ခံခဲ့ ရသည်။
ထို့နောက်၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီကို တပေါင်းတည်းကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံ မြို့နယ် တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ သည်။
လွတ်မြောက်ရန်၂၂ ရက်အလို ပြီးခဲ့သည့် ဇန်နဝါရီ၂ ရက်နေ့တွင် မတရားအသင်း ကြေညာထားသည့် KNU ဗဟိုကော်မတီဝင် ဖြစ် သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂/၁ နှင့် မတရားအသင်း ပုဒ်မ ၁၇/၁ တို့ဖြင့်ထပ်မံစွဲချက် တင် တရားစွဲခဲ့ခြင်းဖြစ်သည်။
အစိုးရက ဖဒိုမန်းငြိမ်းမောင်အား စစ်ဆေးနေစဉ်ကာလအတွင်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီးကူညီရန် မီးရထား ဝန်ကြီး ဦးအောင်မင်းက လာရောက် အကူအညီတောင်းခံခဲ့ကြောင်း၊ ထိုသို့ ကူညီလျှင် တရားစွဲဆိုခြင်း ပြုမည်မဟုတ်ဟုလည်း ပြောကြားမှုရှိကြောင်း၊ ထိုကြောင့် KNU နှင့် ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အောင်မြင်စေရန် ကူညီခဲ့ကြောင်းသိရသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ ဧရာဝတီက KNUအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ ဒု ဥက္ကဋ္ဌ ဒေးဗစ်သာကပေါက“သူတို့ ထောင်ချ လိုက် ပြီ ဆိုပေမယ့် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးမယ်လို့ ပြောထားတာကို စောင့်ကြည့်ရမယ်၊ ကျနော်တို့နဲ့ အစိုးရနဲ့ ပြော ထားပြီးသား ရှိတယ်”ဟု ပြောဆိုသည်။
ထို့အပြင် ဖဒိုမန်းငြိမ်းမောင်အား လွှတ်ပေးမှသာလျှင် KNUနှင့် အစိုးရ အကြား ငြိမ်းချမ်းရေးတည်ဆောက်မှုများ အောင်မြင်မည်ဖြစ် ကြောင်း၊ လွှတ်မပေးလျှင် နှစ်ဦးနှစ်ဘက်အကြား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်၍ ရတော့မည်မဟုတ်ကြောင်း လည်း ဒေးဗစ်သာကပေါက ပြောသည်။