အစိုးရ ဝန်ကြီးဌာနများ၏ ငွေကြေးအလွဲ သုံးစားမှု ပြဿနာအား ရေးသား ဖော်ပြခဲ့သည့် The Voice weekly ဂျာနယ်ကို သတ္တုတွင်း ဝန်ကြီးဌာက တရား စွဲဆိုမည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
ပြီးခဲ့သည့် သီတင်းပတ်ထုတ် The Voice ဂျာနယ်၌“ဝန်ကြီးဌာန အချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံး စားမှုများ စစ်ဆေးတွေ့ရှိ” ဟူသည့် သတင်းတွင်ပါဝင်သော သတ္တုတွင်း ဝန်ကြီးဌာန နှင့်ပတ်သက်၍ ရေးသားထားသည့် အချက်အလက် များ၌ မမှန်မကန် ဖော်ပြမှုများပါဝင်နေသောကြောင့် ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဟု အစိုးရ သတင်းစာများတွင် ပါရှိသည်။
သတ္တုတွင်း ဝန်ကြီးဌာန အမှတ် ( ၁) သတ္တုတွင်း လုပ်ငန်း၏ မုံရွာကြေးနီ စီမံကိန်းမှ အစုရှယ်ယာ ၅၀ ရာခိုင်နှှုန်းကို ဒေါ်လာ သန်း ၁၀၀ ဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်သို့ ရောင်းချခဲ့သည့် ဖြစ်စဉ်တွင် ငွေပေးချေမှုများအား ဦးပိုင်လီမီတက်က ပေး ဆောင်ရမည့် အစား နိုင်ငံခြား ကုမ္ပဏီတခုမှ ပေးဆောင်ခဲ့ခြင်းများ ပါဝင်ကြောင်း The Voice ဂျာနယ် က ရေးသားထားသည်။
စီးပွားရေး ဦးပိုင်လီမီတက်သည် စစ်တပ် အငြိမ်းစား ဗိုလ်ချုပ်ကြီးများ၊ လက်ရှိ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များ ဦးစီး၍ စီးပွား ရေး လုပ်ငန်း အများအပြား လုပ်ဆောင်နေသည့် ကုမ္ပဏီကြီး တခုဖြစ်သည်။
ယခု တရားစွဲဆိုမည့် ကိစ္စနှင့်ပတ်သက်၍ ဧရာဝတီက The Voice ဂျာနယ် ကို ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားရန်ငြင်းဆိုသည်။
Eleven media group ၏ မတ်လ ၁၂ ရက်နေ့က ဖော်ပြထားသည့် အွန်လိုင်း စာမျက်နှာတွင်လည်း သတ္တုတွင်း ဝန်ကြီးဌာန၊ အမှတ် (၁) သတ္တုတွင်း လုပ်ငန်းနှင့် မြန်မာ့ အိုင်ဗင်ဟို ကြေးနီ ကုမ္ပဏီတို့ ပိုင်ဆိုင်သည့် အစုရှယ်ယာ ၅၀ ရာခိုင်နှှုန်းကို မြန်မာ့ စီပွားရေး ဦးပိုင်သို့ ရောင်းချခဲ့ကြောင်း၊ ရောင်းချငွေအား ဦးပိုင်မှ မပေးချေဘဲ ဟောင်ကောင် မှ Wanbo Mining Copper Limited က ပေးပို့ခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံး၏ အစီရင်ခံစာကို ကိုးကား၍ ရေးသား ထားသည်။
ဝန်ကြီးဌာန ၆ ခု ၏ ငွေကြေး အလွဲသုံးစားမှု၊ ငွေစာရင်း မမှန် မကန် လိမ်လည်ဖော်ပြမှုများအား ပြည်ထောင်စု စာရင်း စစ်ချုပ် ရုံးမှတဆင့် လွှတ်တော် အသီးသီး၏ ငွေစာရင်း ကော်မတီများနှင့် ကိုယ်စားလှယ်များထံ ဖြန့်ဝေ ပေးထားကြောင်းလည်း လွှတ် တော် ကိုယ်စားလှယ်များ က ဧရာဝတီ ကို ပြောသည်။
ငွေကြေးအလွဲသုံးစား ပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန ၆ ခုမှာ သတ္တုတွင်း ဝန်ကြီးဌာန၊ ပြန်ကြားရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း၊ အမှတ် (၁) (၂) စက်မှု ဝန်ကြီးဌာနများ နှင့် သမဝါယမ ဝန်ကြီးဌာန တို့ ဖြစ်သည်။
အစိုးရဝန်ကြီးဌာနများ၏ ငွေကြေး အလွဲသုံးစားမှု သတင်းကို ပြည်တွင်း ပြည်ပ မီဒီယာများက ရေးသားဖော်ပြခဲ့သည့် အပြင်
ထို ပြဿနာအား လွှတ်တော်၌လည်း ဆွေးနွေးကြမည် ဖြစ်ပြီး ငွေကြေး အလွဲသုံးမှု၊ အဂတိ လိုက်စားမှု တားဆီးရေး ကော် မရှင် တရပ် ဖွဲ့စည်းရေး၊ ဥပဒေ တရပ်ပြဌာန်း နိုင်ရေး တို့ကို လုပ်ဆောင်သွားမည်ဟု သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ခံ ဌာနတချို့သည် လမ်းခွန် တရားမဝင်ကောက်ခံခြင်း၊ လမ်း ပျက်စီးမှုများ စနစ် တကျ လုပ်ဆောင်ခြင်းမရှိသည့် သတင်းကို ဖော်ပြခဲ့သည့် မော်ဒန် ဂျာနယ်ကိုလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ယခု လဆန်းပိုင်းအတွင်း တရားစွဲဆိုမှု ဖြစ်ပေါ်ခဲ့သည်။