အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA–S) က ၎င်းတို့ နယ်မြေအတွင်း အစိုးရတပ်များ ထပ်မံ ထိုးစစ်ဆင်လာပါက ခုခံသည့်အနေဖြင့် ပြန်လည် တိုက်ခိုက်သွားမည်ဟု ပြောဆိုလိုက်သည်။

ရှမ်းပြည်နယ် မိုင်းယောင်းနှင့် ကျောက်မဲဒေသများရှိ SSA–S စခန်းများကို အစိုးရတပ်များက ယခုလ ၁၁ ရက်နေ့တွင် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ပြီးနောက် အစိုးရတပ်များ ဦးစွာတိုက်ခိုက်လာပါက ပြန်လည်ခုခံရန် အောက်ခြေတပ်များအားလုံးကို ညွှန်ကြား ထားကြောင်း SSA–S ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းက ပြောပြသည်။
“အစိုးရတပ်တွေက ကျနော်တို့ကို တိုက်ချင်သလို ဝင်တိုက်ကြတာကို တွေ့ရတယ်ဆိုတော့ သူတို့ကို ယုံကြည်စိတ်ချစွာနဲ့ အပစ် အခတ် ရပ်စဲပြီဆိုပြီးတော့ အတူတကွ နေထိုင်သွားလို့မရတဲ့ ပုံစံမျိုးကို တွေ့ရှိရတယ်။ ဒါကြောင့် သူတို့ကစပြီး တိုက်တယ် ဆိုရင် တော့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ ပြန်တိုက်ဖို့ ကျနော်တို့တပ်တွေကို ပြောထားတယ်”ဟု သူက ဆိုသည်။
အစိုးရတပ်များက သံလွင်မြစ် အရှေ့ဘက် မိုင်းယောင်းနှင့် တာချီလိတ်ကြားရှိ SSA–S စခန်းအား ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဝင် ရောက်တိုက်ခိုက်ခဲ့သဖြင့် SSA တပ်များ ဆုတ်ခွာပေးခဲ့ရကြောင်း၊ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနှင့် သီပေါမြို့ကြား ပုံဝိုး-ဟိုင်းကွီ ကျေးရွာ အုပ်စု အနီးရှိ SSA–S ကင်းစခန်းကိုလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းက ပြောသည်။
“ကျနော်တို့တပ်တွေရှိတာ သိရဲ့သားနဲ့ တမင်သက်သက် ဝင်တိုက်သွားတာပါ”ဟုလည်း သူက ပြောဆိုသည်။
အစိုးရနှင့် SSA–S တို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲကြောင်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းပိုင်းက ရှမ်းပြည်နယ် တောင်ကြီး မြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် အပစ်ရပ်ပြီးနောက်ပိုင်း တိုက်ပွဲများဖြစ်ပွားနေသည်မှာ အနည်းဆုံး ၁၃ ကြိမ်ခန့်ရှိပြီ ဟု SSA–S က ပြောသည်။
ယင်းတိုက်ပွဲများနှင့်ပတ်သက်၍ အစိုးရကိုယ်စားလှယ်တချို့နှင့် SSA–S ခေါင်းဆောင်များ ထိုင်း-မြန်မာ နယ်စပ်တနေရာတွင်ပြီး ခဲ့သည့်လ ၂၇ ရက်နေ့က ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
“အဲဒီမှာ အစိုးရတပ်တွေ ကျနော်တို့ကို မတိုက်ခိုက်အောင် တာဝန်ယူပေးပါ့မယ်လို့ ပြောသွားတာ ရှိပါတယ်။ ဒါပေမယ့် အတိအကျ လိုက်နာခြင်း မတွေ့ရှိရသေးဘူး”ဟု ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းက ပြောသည်။
သူက ဆက်ပြီး“ကျနော်တို့နဲ့ အပစ်အခတ်ရပ်စဲရေး ရထားပြီးတော့ သဘောတူညီချက် လက်မှတ်ထိုးထားတာက နိုင်ငံတော်အစိုးရ ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရက ထုတ်ပြန်ထားတဲ့ အပစ်အခတ်ရပ်စဲရေးကို တပ်မတော်က ထိရောက်အောင် လိုက်နာနိုင်ခြင်း နည်းပါးတယ်လို့ မြင်တယ်”ဟုလည်း ပြောဆိုသည်။
တပ်မတော်က ထိုသို့ ဆက်လက်တိုက်ခိုက်နေပါက အစိုးရနှင့် SSA–S တို့၏ အပစ်အခတ် ရပ်စဲရေးစာချုပ် ပျက်သွားနိုင်ကြောင်း ရှမ်းပြည်အရေး လေ့လာစောင့်ကြည့်နေသည့် သျှမ်းသံတော်ဆင့် အယ်ဒီတာ ဦးခွန်ဆိုင်းက ပြောသည်။
“စစ်ရေးအင်အားသုံးတယ်ဆိုတာ ငြိမ်းချမ်းရေးကို မလိုလားဘူးလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ငြိမ်းချမ်းရေး မလိုလားရင် အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်သွားနိုင်ပါတယ်။ ဒီလို ပျက်ပြယ်အောင် ဘယ်ဘက်ကမှ မလုပ်သင့်ဘူး”ဟု သူက ဆိုသည်။
SSA–S အနေဖြင့်မူ အပစ်အခတ် ရပ်စဲရေး မပျက်ပြယ်လိုဘဲ ငြိမ်းချမ်းသည့်နည်းဖြင့်သာ ဆွေးနွေးဖြေရှင်းလိုကြောင်း ဗိုလ်မှူး စိုင်းလောင်ဝ်စိုင်းက ပြောသည်။
“ကျနော်တို့က အစိုးရနဲ့ ပစ်လားခတ်လား လုပ်လာတာလည်း ကြာပါပြီ။ မပြေလည်တဲ့ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေ ရှင်းနိုင်အောင် ကြိုးစားပါမယ်”ဟု သူက ဆိုသည်။
မော်ထိုင်း တပ်မတော် MTA ခေါင်းဆောင် ဦးခွန်ဆာ စစ်အစိုးရထံ လက်နက်ချသွားသည့်နောက်ပိုင်း ဗိုလ်မှူးကြီး ရွက်ဆစ်က SSA-S ကို မော်ထိုင်း အဖွဲ့ဝင်ဟောင်းတချို့နှင့် ၁၉၉၆ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။