ဧရာဝတီတိုင်း မြောင်းမြမြို့နယ်တွင်းရှိ ကျေးရွာ အချို့တွင် ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး မန်းသန်းရွှေက တအိမ်တ ယောက် မလာမနေရ ဆင့်ခေါ်ကာ ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) ကိုမဲထည့်ကြရန် စည်းရုံးကြောင်း ဒေသခံများက ပြောသည်။

မြောင်းမြမြို့နယ် ငှက်ပျောတော ကျေးရွာ အမှတ် ၁၀၁ မူလတန်းကျောင်းတွင် ယခုလ ၁၀ ရက်နေ့က ရွာခံများကို အစည်း အဝေး ပြုလုပ်ရန်ဟု ခေါ်ယူကာ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ကြံ့ခိုင်ရေး ပါတီက မြောင်းမြမြို့နယ်ကိုယ်စားပြုပြီး ဝင်ရောက် ရွေးချယ်ခံမည့် ဦးဖြိုးကိုကိုတင်ဆန်း ကို မဲထည့်ပေးကြရန် စည်းရုံးပြောဆိုသွားကြောင်း ရွာခံများက ဧရာဝတီသို့ ပြောဆိုကြသည်။
“သူပြောတာက ပြည်ခိုင်ဖြိုးပါတီက လက်ရှိအာဏာရအစိုးရ ဖြစ်တယ်ပေါ့။ သူတို့ပါတီကပဲ ဒီဒေသရဲ့လိုအပ်ချက်တွေကို လုပ်ပေးနိုင်မယ်တဲ့။ အခုဒီဒေသ ဖွံ့ဖြိုးရေးတွေကိုလည်း ဦးဖြိုးကိုကိုတင့်ဆန်းကပဲ ငွေကုန်ကြေးကျခံပြီး လုပ်ပေးနေတာ ဖြစ်တဲ့အတွက် သူ့ကိုပဲ မဲပေးရမယ်တဲ့ အဲလိုပြောသွားတာ” ဟု ငှက်ပျောတော ရွာသား တဦးက ဧရာဝတီသို့ ပြောသည်။
အလားတူ မတ်လ ဒုတိယ ပတ်ထဲတွင် မြောင်းမြမြို့နယ် လပွတ်ကုလား ကျေးရွာရှိ ကျိုက်မောင်းဘုရားကြီး၊ သီရိပစ္စရာ ဓမ္မာရုံတွင် လည်း ရွာခံများကို အစည်းဝေး ခေါ်ယူကာ ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီကို မဲပေးကြရန် တိုက်တွန်း ခဲ့ကြောင်း အစည်းအဝေး တက်ရောက်သူ ရွာခံများထံမှ စုံစမ်းသိရှိရသည်။
ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း တဦးသည် ရွေးကောက်ပွဲ အသုံး စရိတ်အဖြစ် ကျပ် သိန်း (၁၀၀) အထိ သုံးစွဲနိုင်ကြောင်း ပါတီ မှတ်ပုံတင်ဥပဒေ က ပြဌာန်းထားသော်လည်း မြောင်းမြမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုကိုတင့်ဆန်း မှာ မဲဆွယ်စည်းရုံးရေး ကာလအတွင်း ကျပ်သိန်း (၁၀၀) ကျော်သုံးစွဲပြီးဖြစ်ကြောင်း လပွတ်ကုလား ရွာတွင် ပြုလုပ်သော အစည်းအဝေးတွင် ဝန်ကြီး မန်းသန်းရွှေ က ထုတ်ဖေါ်ပြောဆိုကြောင်း ရွာခံများကပြောသည်။
“ဦးဖြိုးကိုကိုတင့်ဆန်း က ရွေးကောက်ပွဲ အသုံးစရိတ် သိန်း တစ်ရာကျော် သုံးပြီးပြီတဲ့ အစည်းအဝေးမှာ မန်းသန်းရွှေ က ပြော တယ်။ ဒါကြောင့် ခင်ဗျားတို့ရွာတွေဖွံ့ဖြိုးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး လတ်တလော ထပ်လုပ်ပေးနိုင်ဦးမှာ မဟုတ်သေး ဘူးတဲ့ အဲသလိုပြောတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တစ်ဦးက ဧရာဝတီသို့ ပြောသည်။
မန်းသန်းရွှေသည် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ကြံ့ခိုင်ရေး ပါတီ ကိုယ်စားပြု၍ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေမှ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိကာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်လာခဲ့သည်။
ဝန်ကြီးတဦးအနေဖြင့် ကျေးရွာခံများကို တအိမ်တယောက် မလာမနေရ ခေါ်ယူကာ ကြံ့ခိုင်ရေးပါတီအတွက် မဲပေးခိုင်းခြင်းကို မကျေနပ်သည့် လပွတ်ကုလားနှင့် ငှက်ပျောတော ကျေးရွာခံများက မြောင်းမြမြို့ပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရုံးသို့ စာပို့တိုင်တန်းမှုများ ရှိသကဲ့သို့ ကာယကံရှင်များကိုယ်တိုင်လည်း သွားရောက်တိုင်တန်းမှုများပြုလုပ်ခဲ့ကြသည်ဟုဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရွာခံများတိုင်းတန်းချက်များကိုစုပေါင်းကာ မြောင်းမြခရိုင် ကော်မရှင်ရုံးသို့ ယခုလ ၁၂ ရက်နေ့က တိုင်တန်းထားကြောင်း မြောင်းမြမြို့နယ် NLD မဲအောင်နိုင်ရေး ခေါင်းဆောင် ဦးဝင်းဆွေ က ဧရာဝတီသို့ ပြောသည်။
“ဝန်ကြီးလိုက်စည်းရုံးတဲ့ ရွာတွေက မကျေနပ်တဲ့လူတွေက ကျနော်တို့ဆီကို တရားဝင် စာတွေနဲ့တိုင်ကြားလာတာတွေရှိတယ်။ အဲဒါကို ကျနော်တို့ကလည်း တရားဝင် ခရိုင်ကော်မရှင်ရုံးကို တနင်္လာနေ့က စာနဲ့ပြန်တင်ပြထားတယ်”ဟု ဦးဝင်းဆွေ က ပြောသည်။
မြောင်းမြခရိုင် ကော်မရှင်ရုံးသို့ ဧရာဝတီ က ဆက်သွယ်မေးမြန်းရာတွင် စိစစ်နေဆဲဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သော်လည်း အသေးစိပ် ဖြေကြားခြင်းမရှိပေ။
အလားတူ မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဗိုလ်မှူးဟောင်း ဦးမင်းထူးကျော် က ကြားဖြတ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီအား အနိုင်ရရှိရေး နီးစပ်ရာ စည်းရုံးပေးရန် သူ၏လက်အောက်ခံဝန်ထမ်းများကို တနင်္လာနေ့တိုင်း ပြုလုပ်သော အပတ်စဉ် ရုံးအစည်း အဝေးတွင် တိုက်တွန်းပြောကြားကြောင်း ဝန်ထမ်းမိသားစုဝင် တဦးက ဧရာဝတီသို့ ပြောသည်။
“ဝန်ထမ်းတွေရဲ့မိသားစုတွေ၊ နီးစပ်ရာဆွေမျိုးအသိုင်းဝိုင်းတွေကို ကြံ့ခိုင်ရေးပါတီကို မဲထည့်ကြဖို့ တတ်နိုင်သလောက် စည်းရုံး ခိုင်းတယ်။ တကယ်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးမနိုင်ဘူးဆိုရင် သူကိုယ်တိုင်ရာထူးကနေ နုတ်ထွက်မယ်လို့ကို ပြော တာ”ဟု သူက ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲ၌ မြောင်းမြ မဲဆန္ဒနယ်တွင် ကြံ့ခိုင်ရေးပါတီမှ ဦးဖြိုးကိုကိုတင့်ဆန်း၊ NLD ပါတီမှ မန်းဂျော်နီနှင့် အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီမှ ဦးအောင်မျိုးလှိုင်တို့ ဝင်ရောက် ရွေးချယ်ခံကြမည်ဖြစ်သည်။ ကြံ့ခိုင်ရေး ပါတီ၏ ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုကိုတင့်ဆန်း သည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏ သားဖြစ်သည်။
ဖေဖော်ဝါရီ ၇ ရက်နေ့က NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ မြောင်းမြမြို့ စည်းရုံးရေး ခရီးစဉ်၌ စည်းရုံးဟောပြောမည့် ဘော လုံးကွင်းများကို ငှားရမ်းအသုံးပြုရန် တောင်းဆိုရာတွင် ဦးတင့်ဆန်းက တားမြစ်၊ ပိတ်ပင်ခဲ့သေးသည်။
ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတသောရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကြီးကြပ်ပေးသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ယခုလ ၈ ရက်နေ့ က နေပြည်တော်တွင်ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ ညှိနိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။