ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်း နယ်မြေအတွင်းရှိ တန်ဖဲ ကျေးရွာကို ရွှေ့ပြောင်းရန် အစိုးရ အာဏာပိုင်များ၏ ဖိအားပေးမှု ရုပ်သိမ်းရန် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က သမ္မတ ဦးသိန်းစိန်ထံ ယမန်နေ့က စာပို့ တောင်းဆိုလိုက်သည်။
အစိုးရက စီမံပေးထားသော နေရာသစ်တွင် စိုက်ပျိုးမြေ အခက်အခဲရှိ၍ မြစ်ဆုံစီမံကိန်းအနီး နေရာဟောင်းတွင် တောင်ယာ လုပ် ကိုင်ရန် ရောက်ရှိနေကြသော တန်ဖဲရွာသားများကို ဒေသအာဏာပိုင်များက ယခုလ ၁၇ ရက်မတိုင်မီ ပြောင်းရွှေ့ပေးရန် ဖိအားပေး များကို ရုပ်သိမ်းရန် တောင်းဆိုခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမြအေး က ဧရာဝတီသို့ ပြောပြသည်။
“သမ္မတဦးသိန်းစိန်အနေနဲ့က ဒီမြစ်ဆုံစီမံကိန်းကို သူ့အစိုးရလက်ထက်မှာ ယာယီရပ်ဆိုင်းထားမယ် ဆိုပြီးတော့မှ တရားဝင် ထုတ်ပြန် ထားတယ်၊ ဒီအချိန်မှာ နေရပ်ရင်းကို ပြန်ပြောင်းရွှေ့လာတဲ့ ရွာသားတွေကို ဒေသအာဏာပိုင်တွေက ပြန်ထွက် သွားကြဖို့ အဓမ္မ ဖိအားပေးမှုတွေ ရှိနေတာကို သမ္မတအနေနဲ့ ရပ်ဆိုင်းပေးဖို့ တောင်းဆိုထားတာ”ဟု ကိုမြအေး က ပြောသည်။
တောင်းဆိုစာကို သမ္မတ ဦးသိန်းစိန် အပါအဝင် အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း တို့ထံ လိပ်မူပြီး မိတ္တူကို ပြည်ထဲရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် ဝန်ကြီး ဦးလဂျွန်ငန်ဆိုင်း နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်များထံသို့လည်း ပေးပို့ထားကြောင်း သိရသည်။
အစိုးရနှင့်တိုင်းရင်းသားများအကြား ယုံကြည်မှုတည်ဆောက်ဆဲကာလတွင် တိုင်းရင်းသားများအပေါ်စိတ်ဝမ်းကွဲစေမည့်လုပ်ရပ်များ ကိုရှောင်ကျဉ်ပြီး သမ္မတညွှန်ကြားထားသည့် မြစ်ဆုံ စီမံကိန်း ရပ်တံ့ထားပေးသကဲ့သို့ ကချင်တိုင်းရင်းသား အများစုဖြစ်သော တန် ဖဲရွာသားများကို နေရပ်ရင်းတွင် အသက်မွေး ဝမ်းကျောင်းခွင့်ပြုရန် ရည်ညွှန်တောင်းဆိုထားသည်ဟု ကိုမြအေးက ပြောသည်။
မြစ်ဆုံစီမံကိန်းကို ယာယီရပ်ဆိုင်းထားရန် သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထားပြီးနောက် နေရပ်ရင်းသို့ ပြန်လည်ပြောင်းရွှေ့လာကြ သော တန်ဖဲရွာသားများကို ၁၀ ရက်အတွင်း ပြောင်းရွှေ့ပေးရန် ယခုလ ၆ ရက်နေ့တွင် မြစ်ကြီးနား ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက ဒု သမ္မတ ဦးတင်အောင်မြင့်ဦး၏ ညွှန်ကြားစာကို ကိုးကား၍ အမိန့်ထုတ်ပြန်ခဲ့ကြောင်း ဒေသခံများကပြောသည်။
ယခင်နှစ် ဧပြီလပိုင်းက တန်ဖဲရွာသားများကို အစိုးရက နစ်နာကြေးများပေးကာ ၎င်းတို့စီစဉ်ဆောက်လုပ်ပေးထားသော အောင်မြင်သာ စံပြကျေးရွာသို့ ပြောင်းရွှေ့နေစေခဲ့သည်။ သတ်မှတ်ရက်အတွင်း ပြောင်းရွှေ့မပေးလျှင် ထောင်ဒဏ် ၁ လ သို့မဟုတ် ငွေဒဏ် ကျခံစေနိုင်သော ပုဒ်မ ၁၈၈ အရ တရားစွဲမည်ဟု ဦးခင်မောင်ချို က ပြောဆိုကြောင်း သိရသည်။
“အောင်မြင်သာရွာမှာက အိမ်တော့ နည်းနည်းကောင်းတယ်။ လုပ်ကိုင်စားဖို့က ကျနော်တို့နေရာဟောင်းမှာလို မြေမကောင်း ဘူး။ ကျောက်တောင်၊ ကျောက်မြေတွေချည်းပဲ။ တချို့နေရာဆို မြတ်တောင်မပေါက်နိုင်ဘူးလေ။ ဘာမှ လုပ်စားလို့မရဘူး။ အဲဒါနဲ့ ဒီမှာ ပြန်လာပြီး တောင်ယာ ခုတ်ပြီး စပါးစိုက်ဖို့ ပြန်လာကြတာပါ”ဟု ဒေသခံတဦးက ပြောသည်။
တန်ဖဲရွာသားများ ယခင်က စပါးစိုက်ပျိုးခဲ့ကြသည့် လယ်ကွင်းများတွင် အစိုးရက လုပ်ကိုင်ခွင့်ပေးထားသော ရွှေ နှင့် ကျောက် တူးဖော်ရှာဖွေရေး ကုမ္မဏီများ လုပ်ကိုင်နေကြသဖြင့် ထိုလယ်ကွင်းအဟောင်းများတွင် လုပ်ကိုင်၍ မရတော့ဟုလည်း ဒေသခံများက ပြောသည်။ သို့သော် မြေရိုင်းများတွင်ရှင်းလင်းကာ စပါးစိုက်ပျိုးနိုင်သေးသည်ဟု ဆိုသည်။
မြစ်ဆုံ စီမံကိန်း ရပ်တံ့ထားမှုနှင့် ပတ်သက်ပြီး ယခုနှစ်ဖေဖော်ဝါရီ ၂၄ ရက်နေ့က တန်ဖဲရွာတွင် ပြုလုပ်သော ဆုတောင်းပွဲတွင် ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ စာပေ အနုပညာရှင်များ တက်ရောက်ခဲ့ကြပြီး စီမံကိန်း လုံးဝရပ်ဆိုင်း သွားသည်အထိ ကြိုးပမ်းသွားကြမည်ဟု တက်ရောက်သူများက ပြောဆိုကြကြောင်း သိရသည်။
“ဒီရွာသူ၊ ရွာသားတွေ ရှာဖွေစားသောက်နေကြရတဲ့ လတ်တလောအနေအထားဟာ သိပ်ပြီး ပူပန်သောက တွေနဲ့ ရုန်းကန် နေရ တာကို တွေ့ရတယ်။ ကျနော်တို့လည်း တော်တော့ကို စိတ်မချမ်းမသာ ဖြစ်မိတယ်။ အဓိက ကတော့ သူတို့ ကျေးရွာ မပြောင်းရွှေ့ရအောင် ကျနော်တို့ အဖွဲ့အနေနဲ့ကလည်း ငြိမ်းချမ်းသော နည်းလမ်းနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းသွားမှာပဲ”ဟု ကိုမြအေးက ပြော သည်။
အလားတူ ပြည်တွင်း ပြည်ပ၌ ရှိသော မြန်မာနိုင်ငံသားများကိုလည်း တန်ဖဲရွာ မပြောင်းရွှေ့စေရေးအတွက် သမ္မတ ဦးသိန်းစိန် ထံ စာပို့၍ ဝိုင်းဝန်းတောင်းဆိုပေးကြရန်အတွက်လည်း ကိုမြအေး ကဆက်ပြောသည်။
၂၀၁၁ ခုနှစ်တွင် တန်ဖဲရွာနှင့်အတူ စီမံကိန်းအတွင်းကျရောက်နေသည့် မလိယန်၊ တောင်ဘန်၊ မဇွပ်နှင့် ဖလဲ့ ကျေးရွာများရှိ အိမ်ခြေ ၁၀၀၀ ကျော်မှ လူဦးရေ ၃၅၀၀ ကျော် ပြောင်းရွှေ့ခဲ့ရကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ရက်(KDNG) မှ ပြောရေးဆိုခွင့်ရှိသူ ကိုစားဂျီး က ဧရာဝတီသို့ ပြောသည်။
သဘာဝပတ်ဝန်းကျင်ထိခိုက်မည့်ဆိုးကျိုးနှင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းမှုကို ထိခိုက်စေနိုင်သည်ဟု ဆိုကာ ပြည်သူ လူထု၏ ဝိုင်းဝန်းတောင်းဆိုမှုကြောင့် သမ္မတ အမိန့်ဖြင့် ယခင်နှစ် စက်တင်္ဘာလကုန်ပိုင်းက စီမံကိန်းကို ရပ်ဆိုင်းထားခြင်း ဖြစ် သည်။
သို့သော်မကြာခင်ရက်ပိုင်းအတွင်းက မြစ်ဆုံ စီမံကိန်းကို အမြန်ဆုံး ပြန်လည်အကောင်ထည်ဖော်နိုင်ရန် မြန်မာအစိုးရကို တိုက်တွန်းသွားမည်ဟု တရုတ် China Power Investment – CPI ကုမ္ပဏီ ၏ ဥက္ကဋ္ဌ Lu Qizhou က တရုတ်နိုင်ငံထုတ် China Daily သတင်းစာတွင် ပြောဆိုထားသည်။
CPI ကုမ္ပဏီအနေဖြင့် စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒဿမ ၆ ဘီလျံ အကုန်ကျခံတည်ဆောက်ရန် ရည်ရွယ်ထားပြီး စီမံကိန်း မှထွက်ရှိမည့် လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ကချင်ပြည်နယ်အတွင်းရှိ မြစ်ဆုံစီမံကိန်း အပါအဝင် မြစ်ညာဘက်ရှိ ရေအားလျှပ်စစ်စီမံကိန်း ၇ ခုကို မြန်မာနိုင်ငံ အမှတ် (၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် CPI ကုမ္ပဏီတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး အမေရီကန်ဒေါ်လာ ၂၀ ဘီလျံ တရုတ်ဘက်မှ အကုန်အကျခံထားပြီး နှစ် ၅၀ ထုတ်ယူပြီးမှ မြန်မာအစိုးရထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း CPI ကုမ္ပဏီက ထုတ်ပြန်ထားသည်။