မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်ပြီး ဂျာမနီနိုင်ငံ အခြေစိုက် နိုင်ငံတကာ ပင်လယ်ရေကြောင်း ဆိုင်ရာ တရားရုံးမှယမန်နေ့က ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြားရှိ စိန့်မာတင်ကျွန်းခေါ် အုန်းကျွန်း အနီး ဘင်္ဂလားပင်လယ်ပြင်၌ သဘာဝဓာတ်ငွေ့သိုက် အများအပြားရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင် ထိုနေရာအား သူပိုင်၊ ကိုယ်ပိုင် အငြင်းပွားခဲ့ရာမှ အပြည်ပြည်ဆိုင်ရာ တရားရုံး International Tribunal for Law of the Sea (ITLOS)မှ ဖြေရှင်းပေးရန်၂၀၀၉ ခုနှစ်က တင်ပြခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အငြင်းပွားနေသည့် ရေမိုင်၂၀၀ ရရှိသွားကာ စီးပွားရေးဇုန်အဖြစ် သတ်မှတ်ပိုင်ခွင့်ရရှိ သွားကြောင်း ITLOS ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။ ထိုနေရာ၌ ရေနံနှင့်သဘာ၀ ဓာတ်ငွေ့ ရှာဖွေ တူးဖော်ခြင်း၊ ထုတ်ယူ သုံးစွဲခြင်းနှင့် တခြား လုပ်ဆောင်မှုများ ရရှိမည် ဖြစ်သည်။ ရေပြင် မိုင်၂၀၀ ကျော် ဒေသသို့ မူ နှစ်နိုင်ငံ စလုံးမှ ဝင်ရောက် ခွင့်ရမည် ဖြစ်သည်။
ITLOS မှ ယခုကဲ့သို့ ဆုံးဖြတ်ပေးခဲ့ခြင်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ပြည်သူများအတွက် အောင်ပွဲတခုဖြစ်ကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေးလည်း ပိုမိုကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး Mrs.Dipu Moni ၏ ပြောဆိုချက်ကို ဘင်္ဂလားဒေ့ရှ် သတင်းများတွင် ဖော်ပြကြသည်။
ရေပြင်ပိုင်နက် အငြင်းပွားမှုဖြစ်သည့် နတ်မြစ်ဝတွင် တည်ရှိသော စိန့်မာတင်ကျွန်း ခေါ် အုန်းကျွန်း တဝိုက်အား ဘင်္ဂလားဒေ့ရှ်က အပိုင်ရသွားပြီး ထိုနေရာ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေနေသည့် လုပ်ကွက် အမှတ် ၈ နှင့် ၁၃ တို့ တည်ရှိရာ နေရာ လည်း ဖြစ်ပြီး စီးပွားရေးအရ အချက်အချာ ကျသည့် နေရာတခုလည်း ဖြစ်သည်။
ရေပြင်ပိုင်နက် ဆုံးဖြတ်ချက်ပေးခဲ့ရာ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ရှိ (ITLOS) ရုံးသို့ သဘာပတိ အဖြစ်ဆောင်ရွက်သူ တရား သူကြီး Jose Luis Jesus နှင့် ခုံရုံးအဖွဲ့ဝင် ၂၀ ကျော်၊ မြန်မာနိုင်ငံမှ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းရှင် ဦးဆောင်သော ကိုယ် စားလှယ်များ၊ ဘင်္ဂလား ဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးတို့ တက်ရောက်ခဲ့ကြသည်။
ရေပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ တင်ပြခြင်းမှာ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ အတွက် ပထမဆုံး အကြိမ်ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများက ဆိုသည်။
မြန်မာနိုင်ငံဘက်က ရေပိုင်နက် ဧရိယာကို အညီအမျှ ခွဲဝေပိုင်ဆိုင်လိုသော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကမူ နိုင်ငံတွင်း ရှိသည့် လူဦးရေနှင့် စီးပွားရေးအခြေအနေ အပေါ်မူတည်၍ ရေပိုင်နက်အတွင်းရှိ သယံဇာတကို အချိုးကျ ရလိုကြောင်း တောင်း ဆိုရာမှ ဖြေရှင်းမရ ဖြစ်ခဲ့ကြသည်။
လူဦးရေ အချိုးကျအတိုင်း ဆုံးဖြတ်မည်ဆိုပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူဦးရေ သန်း ၂၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် သန်း ၅၀ ကျော်သာ ရှိသောကြောင့် အချိုးကျ ခွဲယူရမည့် ကိစ္စကို မကျေနပ်ရာမှ စတင်၍ ပြဿနာကြီးထွားခဲ့ကြသည်။
၎င်းရေပိုင်နက် အငြင်းပွားရာနေရာ၌ ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာဘက်က သဘာဝဓာတ်ငွေ့ တူးဖော်ရာတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ လုံခြုံရေး ရေတပ် စစ်သင်္ဘောများ ပို့လွှတ်ခဲ့ပြီးနောက် အပြန်အလှန် ရေတပ်စစ်သင်္ဘောများ စေလွှတ်ရာမှ ပိုမို တင်းမာလာခဲ့ခြင်းဖြစ်သည်။
အငြင်းပွားမှုဖြစ်ပွားပြီးနောက် နယ်စပ်တလျှောက်၌ နှစ်နိုင်ငံ စစ်တပ်များက လုံခြုံရေး တင်းကျပ်စွာ ချထားပြီး နှစ်နိုင်ငံ နယ်စပ် တလျှောက်၌ သံဆူးကြိုးများ ကာရံထားကြသည်။