ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသော ဒုက္ခသည်များ အတွက် အမေရိကန် ပြည်ထောင်စုက အမေရိကန်ဒေါ်လာ၁.၅ သန်း ကူညီမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ်က ရန်ကုန်မြို့ အမေရိကန်သံရုံးတွင် ယနေ့ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ “အမေရိကန်ပြည်ထောင်စုအနေနဲ့ ကချင် ရွှေ့ပြောင်းနေထိုင်တဲ့သူတွေအတွက် အမေရိကန်ဒေါ်လာ ၁.၅ သန်းကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဆီကနေတဆင့် ကူညီသွားဖို့ရှိပါတယ်” ဟု ပြောသည်။
ကချင်ဒုက္ခသည်များအရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရအရာရှိများနှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ကချင်ဒေသတွင် မိုးရာသီ ဝင်ရောက်လာတော့မည်ဖြစ်ပြီး ကချင် ဒုက္ခသည်များအရေး စိုးရိမ်ပူပန်ကြောင်း၊ အစိုးရအနေနှင့် တိုင်းရင်းသားများနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ဆောင်ချက်များ လုပ်ဆောင်နေရာတွင် တိုးတက်မှုများ ရှိလာပြီး ကန့်သတ်မှုများ လျော့ကျလာသည်ကို တွေ့မြင်ရကြောင်း၊ ကချင်ပြည်နယ်ကိစ္စတွင် ရှု့ပ်ထွေးသော နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စများ ပါဝင်ကြောင်း ၎င်းက ပြောသည်။
ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးနှင့် ပတ်သက်ပြီး မစ္စတာ ဒဲရက် မစ်ချယ်က ကြားဖြတ်ရွေးကောက်ပွဲ သန့်ရှင်းမျှတ လွတ်လပ်ပွင့်လင်းရေးသည် အရေးကြီးသော်လည်း အခြားသော အခြေအနေ အရေးကိစ္စများပေါ်တွင်လည်း မူတည်သေးကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ အားလုံးပြန်လွှတ်ပေးရေး၊ တိုင်းရင်းသားအရေး ကိစ္စအပါအဝင် အခြေအနေများစွာကို အမေရိကန်ပြည်ထောင်စုက ထည့်သွင်းစဉ်းစား ကြောင်းရှင်းပြသည်။
ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခရီးစဉ်အတွက် လွန်စွာ အရေးကြီးကြောင်းလည်း ၎င်းက ဆိုသည်။
“ရွေးကောက်ပွဲက မြန်မာနိုင်ငံ ဒီမိုကရေပြုပြင်ပြောင်းလဲရေး လမ်းကြောင်းအတွက် အတိမ်းအစောင်းမခံတဲ့ အခြေအနေခုပါပဲ။ ဒါက ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားနေပြီဆိုတဲ့ အစိုးရရဲ့ အာမခံချက်တွေကို
သိသာထင်ရှားစေမှာ ဖြစ်ပါတယ်” ဟု မစ္စတာ ဒဲရက် မစ်ချယ်က ဆိုသည်။
မစ္စတာ ဒဲရက် မစ်ချယ်သည် ၇ လအတွင်း ၆ ကြိမ်မြောက်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ပြီး မြန်မာကာကွယ်ရေးဝန်ကြီး အပါအဝင် အစိုးရထိပ်တန်း တာဝန်ရှိသူများ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။