တိုင်ရီဖိနပ် စက်ရုံ အလုပ်သမားမျာနှင့် ပိုင်ရှင်အကြား ပြေလည်စေရေး မြို့နယ် ဝါဏိဇ္ဇရုံး၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသော အလုပ်သမားများက ရန်ကုန်တိုင်းဝါဏိဇ္ဇပဋိပက္ခရုံးသို့ ယမန်နေ့က ထပ်မံ တိုင်ကြား လိုက်ကြောင်း သိရသည်။
အလုပ်သမားများ၏ နစ်နာမှုများကို လှိုင်သာယာ မြို့နယ် ဝါဏိဇ္ဇ ပဋိပက္ခရုံးက မတ်လ ၁ ရက်နေ့တွင် ဖြေရှင်းဆုံးဖြတ်ပေးခဲ့ရာ တွင် ယခင်က တလလျှင် အချိန်ပိုကြေး ၁၈ ရက်နှုန်းဖြင့် ရှင်းပေးခြင်းအား ၈ ရက်လျှော့ချ လိုက်သဖြင့် အလုပ်သမားများက မကျေမနပ်ဖြစ်ကာ တိုင်း ဝါဏိဇ္ဇပဋိပက္ခရုံးအထိ တက်တိုင်ရခြင်းဖြစ်ကြောင်း အလုပ်သမားများအရေးကို ကူညီ ဆောင်ရွက်ပေးနေသည့် ရှေ့နေ ကိုဖိုးဖြူ က ပြောပြသည်။
“အချိန်က အရမ်းလျော့သွားတယ်။ အချိန်ပိုကြေး ၁၈ ရက်စာ အပြည့်အဝခံစားခွင့်ရှိဖို့ မြို့နယ်ဝါဏိဇ္ဇရဲ့ အမိန့်ကို ပြင်ဆင် ပြောင်း လဲ ပေးဖို့အတွက် တိုင်းဝါဏိဇ္ဇကို ထပ်တင်တာပါ”ဟု ကိုဖိုးဖြူ က ဧရာဝတီသို့ ပြောသည်။
တိုင်ရီ အလုပ်သမား ၁၄၀၀ ကျော်ကို ကိုယ်စားပြုသော အလုပ်သမားခေါင်းဆောင် ၄၅ ဦးမှ ဦးဆောင်ကာ တိုင်ကြားထားမှုကို ရန်ကုန်တိုင်း ဝါဏိဇ္ဇပဋိပက္ခရုံးက ယမန်နေ့ကလက်ခံလိုက်ကြောင်း၊ အလုပ်သမားများဘက်မှလည်း ဥပဒေအရ ဆောင်ရွက် ပေးနိုင်ရန် ရှေ့နေ ၇ ဦး ပါဝါတင်မည်ဖြစ်ကြောင်း သိရသည်။
အလုပ်သမားများက ယခုနှစ် ဖေဖော်ဝါရီလထဲတွင် ၎င်းတို့အား စက်ရုံကပေးသော တနာရီ ၇၅ ကျပ်နှုန်းကို ၁၅၀ ကျပ်သို့ တိုးမြှင့် ပေးရန် ဆန္ဒပြတောင်းဆိုခြင်းကို အလုပ်ရှင်နှင့်ပြေလည်ခြင်းမရှိသဖြင့် လှိုင်သာယာ ဝါဏိဇ္ဇပဋိပက္ခရုံးသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ခုံရုံးက လုပ်အားခ တနာရီလျင် ၁၂၀ ကျပ်ဖြင့်ရှင်းပေးရန်နှင့် မူလက အချိန်ပိုကြေး တနာရီလျင် ၂၁၆ ကျပ်ရရှိမှုကိုလည်း ၂၄၅ ကျပ်သို့တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်မှာ သင့်တင့်သော်လည်း အခြားတဖက်တွင် အလုပ်သမားများအတွက် အကျိုး ခံစားခွင့် ရရှိမည်ဖြစ်သော အချိန်ပိုအား ၈ ရက် လျှော့ချရန်ဆုံးဖြတ်သဖြင့် အလုပ်သမားများနစ်နာခဲ့ရသည်ဟု အလုပ်သမားခေါင်းဆောင်များက ပြောပြကြသည်။
အလုပ်သမားများဖူလုံရေးအတွက် စက်ရုံအနေဖြင့် ထည့်သွင်းစဉ်းစားပေးခြင်းမပြုပါက တနာရီ ၁၂၀ ကျပ်ရရှိနေခြင်းကို ၁၄၀ ကျပ်သို့ တိုးမြှင့်တောင်းဆိုသွားရန်ရှိကြောင်း တိုင်ရီ အလုပ်သမားခေါင်းဆောင်တဦးက ဧရာဝတီသို့ ပြောသည်။
“အခုဟာက ဟိုဘက်က မြှင့်ပေးသလိုလိုနဲ့ ဒီဘက်က အချိန်ပိုတွေလျှော့ချ၊ ရက်မှန်ကြေးတွေနဲ့ လုပ်သက်ကြေးတွေ လျှော့ချနဲ့ တဖက်က ပြန်လုပ်တာ။ ဒါကြောင့် အခုကျုပ်တို့တောင်းဆိုတဲ့ OT ချိန်ကိုခံစားခွင့် မပေးရင် နာရီကြေးကို နောက်ထပ် ၂၀ ထပ် တိုးပေးဖို့ တောင်းဆိုမယ်”ဟု သူက ဆိုသည်။
တရုတ်နိုင်ငံမှ လာရောက် ရင်းနှီးမြုပ်နှံထားသည့် တိုင်ရီ ဖိနပ်စက်ရုံသည် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ တွင် တည်ရှိပြီး ၁၉၉၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည်။ အလုပ်သမား လုပ်အားခ နှင့် ပတ်သက်ပြီး သုံးနှစ်ဆက်တိုက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ယခုနှစ်တွင် ရှေ့နေများကပါ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ဦးသိန်းစိန်အစိုးရက ၂၀၁၂ ခု မတ်လ ၉ ရက်နေ့တွင် အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့် ဥပဒေပုဒ်မ ၁ ၊ ပုဒ်မခွဲ (ခ) အရ စတင် အာဏာ တည်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။
ယင်းမတိုင်မီ ဖေဖော်ဝါရီ ၂၈ ရက်နေ့က တိုင်ရီအလုပ်သမားများက အလုပ်သမား အခွင့်အရေးကို ကိုယ်တိုင်ကာကွယ် စောင့်ရှောက်နိုင်ရန်၊ အလုပ်သမားများ သက်သာချောင်ချိရေးနှင့် တိုးတက် ကောင်းမွန်လာရန်၊ အလုပ်သမားများ ချစ်ခင် စည်းရုံး၍ စုစည်း ခိုင်မာသည့်အခြေအနေ ပေါ်ပေါက်လာရန်များအတွက် အလုပ်သမား သမဂ္ဂ (တိုင်ရီ ဖိနပ်စက်ရုံ) ကို ဖွဲ့စည်း ခဲ့ကြသည်။