တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှု တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို နှစ် ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်နှင့်၈၈ မျိုးဆက် ကျောင်းသားဟောင်းများ၊ မျိုးဆက်သစ် ကျောင်းသားများ တက်ရောက်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ မင်္ဂလာဒို့ရိုးရာခန်းမတွင် ကျင်းပသော ၂၄ နှစ်မြောက် ရန်ကုန် ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်က “တံတားနီဖြစ်စဉ်ကာလ၌ မြန်မာနိုင်ငံတွင် မရှိသေးသော်လည်း အဆိုပါဖြစ်စဉ်တွင် ပါဝင်လှုပ် ရှားခဲ့သူများ၏ သစ္စာတရားကို ဂုဏ်ပြုလိုသဖြင့် တက်ရောက်လာခြင်းဖြစ်ကြောင်း၊ အားလုံး ပါဝင်သော နိုင်ငံရေး ဖြစ်စဉ်တခုကို ဖြစ်ပေါ်စေလိုကြောင်း၊ အားလုံးပါဝင်ရေးဆိုရာတွင် တပ်မတော်သားများလည်း ပါဝင်ကြောင်း” ပြောကြားသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံရေးတွင် အမှားအမှန်ဆိုသော အဖြေတခုတည်းသာ မရှိကြောင်း၊ မှားခြင်း မှန်ခြင်းဆိုသည်မှာ အများအကျိုးကို မည်မျှဆောင်ရွက်နိုင်သည်ဆိုသည့် မိမိကိုယ်ကိုယ်နှင့်သာ သက်ဆိုင်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခြင်းသည် ခြေလှမ်းတလှမ်း၊ အဆင့် တဆင့်သာဖြစ်ကြောင်း၊ ထိုမှတဆင့် လုပ်ဆောင်သွားရမည်များ များစွာရှိနေသေးကြောင်း၊ ထို့ကြောင့် အားဖြည့်ထားကြရမည်ဖြစ်ကြောင်း” လည်း ပြောကြားသွားသည်။
အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းများက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပြုံးချို အစရှိသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တက်ရောက်ကြောင်း၊ တက်ရောက်သည့် ပရိသတ် ရာနှင့်ချီ၍ ရှိကြောင်း သိရသည်။
အခမ်းအနားတွင် ကိုမင်းကိုနိုင်က သမိုင်းအမှန်များ၊ တရားမျှတမှုများအတွက် လွတ်လပ်မှုများ ပေးသင့်ကြောင်း၊ လွတ်လပ်စွာ ရေးသား ထုတ်ဝေ၊ စုဝေး ဆန္ဒထုတ်ဖော်ခြင်းစသည့် နိုင်ငံသားများ၏ အခွင့်အရေးများ ပေးသင့်ကြောင်း၊ ပြည်သူများ လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ရသင့်ကြောင်း ပြောဆိုသွားသည်။
ထို့နောက် ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ မျိုးဆက်သစ်လူငယ်များနှင့် တံတာနီအရေးအခင်းတွင် ပါဝင်ခဲ့သူများ စုဝေး၍ အင်းလျားကန်ဘောင်တွင် ၁၉၈၈ ခုနှစ်က ဖြစ်ရပ်ဟောင်းများကို စကားလက်ဆုံ ပြောဆိုခဲ့ကြကြောင်း၊ တံတားဖြူ ကားမှတ်တိုင်အနီးတွင် အာဏာပိုင်များ၏ နှိမ်နင်းမှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရ၊ ဖမ်းဆီး ထိမ်းသိမ်းခံရသည့် ကျောင်းသားများအတွက် အင်းလျားရေပြင်တွင် ပန်းခွေများမျှောကာ ဆုတောင်းကြကြောင်း သိရသည်။
တံတားနီ အထိမ်းအမှတ်ပွဲသို့ တက်ရောက်လာသည့် အသက် ၂၂ နှစ်အရွယ်၊ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုစည်သူဇေယျက “ကျနော့် စိတ်ထဲမှာ ဒီလောက်ဆိုးဝါးတဲ့အ ခြေအနေ ဘာကြောင့် ဖြစ်ခဲ့တာလဲလို့ ကိုယ့်ဟာကိုယ် မေးကြည့်မိတယ်။ လူကြီးတွေနဲ့ တွေ့တဲ့အခါလည်း ဒီမေးခွန်းကို မေးချင်ပါတယ်။ နောက်နောင် ဒီလိုအဖြစ်အပျက်မျိုး ဘယ်တော့မှ မကြုံချင်တော့ပါဘူး” ဟု ပြောသည်။
၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် တံတားဖြူမှတ်တိုင်အနီး၌ ရာနှင့်ချီသော ရန်ကုန် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို ထိုစဉ်က မဆလ အာဏာရှင်အစိုးရ၏ လုံထိန်းရဲများက ရိုက်နှက်၊ ပစ်ခတ်၊ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
ယနေ့ကျင်းပသည့် တံတားနီနေ့ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို မူလစီစဉ်ခဲ့သောနေရာတွင် ကျင်းပရန် အဆင်မပြေဖြစ်ခဲ့သဖြင့် မင်္ဂလာဒို့ရိုးရာခန်းမသို့ ပြောင်းရွှေ့ကျင်းပကြခြင်းဖြစ်သည်။