မြန်မာ့ စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ ဘတ်ဂျက် ၁၀၀ ရာခိုင်နှှုန်း ဖြတ်တောက်ခြင်း အပါအဝင် အစိုးရဝန်ကြီးဌာန စုစုပေါင်း ၉ ခု ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်များကို ပြည်ထောင်စု လွှတ်တော်က ဖြတ်တောက်လိုက်သည်။
မြန်မာ့ စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ စက်မှုစီမံကိန်း လုပ်ငန်းများ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွက် အသုံးပြုရန် တောင်း ခံ ထားသည့် ဘတ်ဂျက်ငွေများ ဖြတ်တောက်ခံရခြင်းဖြစ်သည်။
ဘတ်ဂျက် ဖြတ်တောက်ခံရသည့် အတွက် စီမံကိန်းအားလုံး၏ လုပ်ငန်းပမာဏ ၁၀၀ ရာခိုင်နှှုန်းကို ဆိုင်းငံ့ထားရန်လည်း ယမန် နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများ၌ ဖော်ပြ ထား သည်။
ငွေလုံးငွေရင်းကို ဖြတ်တောက် လိုက်သော်လည်း ၎င်းဌာန၏ ဝန်ထမ်းများ လည်ပတ်နိုင်ရန် ဘတ်ဂျက် ပြန်လည်ရေးဆွဲပြီး ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း၊ ဘတ်ဂျက် ဖြတ်တောက်ခံရသည့် ဌာန အားလုံးသည် ၎င်းတို့၏ ဘတ်ဂျက် အသစ် ကို မတ်လ ၂၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည် တင်ပြကြရမည် ဖြစ်ကြောင်း အမျိုးသား လွှတ် တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ရှင်းပြသည်။
“ဝန်ကြီးဌာန တခုလုံး ဘတ်ဂျက်ကို ဖြတ်တာ မဟုတ်ပါဘူး၊ အရေးမကြီးတဲ့ ငွေလုံး ငွေရင်း အသုံးစရိတ် တချို့ဖြတ်တာပါ၊
ဝန်ထမ်း လည်ပတ်မှုတွေ ကိုတော့ လွှတ်တော်က သုံးခွင့်ပြုပေးမှာပါ”ဟု အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလ အခွင့် အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ရှင်းပြသည်။
မြန်မာ့ စက်မှု ဖွံဖြိုးရေးဌာန သည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အသုံးစရိတ်ကို တနိုင်ငံလုံး ဘတ်ဂျက်အသုံးစရိတ်၏ ၃ ဒသမ ၆၅ ရာခိုင်နှှုန်း အထိ တောင်းခံထားသည်။ တောင်းခံသည့် ငွေပမာဏ များပြားသည့်အတွက် စီမံကိန်းတချို့အား ဆိုင်းငံ့ထား ရန် လွှတ်တော် ကိုယ်စားလှယ် တချို့ မတ်လ ၅ ရက်နေ့ အစည်းအဝေး ၌ တင်ပြခဲ့ရာ ရပ်ဆိုင်းရန် မဖြစ်နိုင်ဟု ဝန်ကြီး ဒု- ဗိုလ်ချုပ်ကြီး သိန်းဌေး က ငြင်းပယ်ခဲ့သည်။
မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ စီမံကိန်းများသည် တရုတ် အထူးချေးငွေ စီမံကိန်းများဖြင့် လုပ်ဆောင်နေသည့် အတွက် ဆိုင်းငံ့ရန် မဖြစ်နိုင်ကြောင်း ဦးသိန်းဌေးက ပယ်ချခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ စက်မှုဖွံဖြိုးရေး ဝန်ကြီးဌာန သည် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင်လည်း သမ္မတရုံး၏ ဘတ်ဂျက်အသုံးစရိတ်များကို သုံးစွဲထားသည်ကို လွှတ်တော်မှ စစ်ဆေးတွေ့ရှိထားကြောင်း၊ ထိုလုပ်ရပ်သည် ဥပဒေ နှင့်ကိုက်ညီမှု မရှိကြောင်း ကိုယ်စားလှယ်များ
က ပြောသည်။
မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဌာန သည် စစ်ဘက်ဆိုင်ရာ လုပ်ငန်းတချို့ကို လုပ်ကိုင်နေသည်ဟု သတင်းများထွက်ပေါ် နေသော် လည်း အစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုမှု မရှိပေ။
ဘတ်ဂျက် ဖြတ်တောက်ခံရသည့် ဝန်ကြီး ဌာနများမှာ မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဌာန၊ ပြန်ကြားရေး၊ နိုင်ငံတော် သမ္မတရုံး၊ အားကစား၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း၊ စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) (၂) လျှပ်စစ် ဝန်ကြီးဌာနများ၊ ဆောက် လုပ်ရေး၊ မီးရထား ဝန်ကြီးဌာန စသည့် ဝန်ကြီးဌာန ၉ ခု၏ ဘတ်ဂျက် ရာခိုင်နှှုန်း တချို့အား ဖြတ်တောက်ခဲ့သည်။
“ဘတ်ဂျက်တွေ ဖြတ်လိုက်တော့ မလိုအပ်တဲ့ စီမံကိန်းတွေ အများအပြား ရပ်တန့်ထားရတော့မှာပါ၊ ဒီငွေတွေကို ဝန်ထမ်းတွေ လစာ တိုးပေးတဲ့ နေရာမှာ သုံးမယ်လို့ ထင်ပါတယ်”ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဧရာဝတီ ကို ပြောသည်။
ဝန်ကြီး ဌာနများ နည်းတူ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် တင်ပြ တောင်း ခံခဲ့ကြောင်း၊ ထို အဖွဲ့သည် သမ္မတ၏ လက်မှတ်ဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့သာ ဖြစ်ပြီး ဗဟိုအဖွဲ့အစည်း မဟုတ်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ကိုက်ညီမှု မရှိဟု ဆိုကာ လွှတ်တော်မှ ပယ်ချခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ကျပ်သန်း ပေါင်း ၇၁၄ ဒသမ ၀၇ သန်း တောင်း ခံ ခဲ့ကြောင်း၊ ဝန်ကြီးဌာန တခု၏ ဘတ်ဂျက် တောင်းခံသည့် အခြေအနေမျိုး ဖြစ်နေသည့် အတွက် ထိုတောင်းခံမှုကို လွှတ်တော်မှ ခွင့်မပြုခြင်း ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ရှင်းပြသည်။
၎င်းက“သူတို့က ဝန်ကြီးဌာန တခုလိုမျိုး ငွေလုံး ငွေရင်း ဘတ်ဂျက်တောင်းခံထားတယ်၊ ဒါက တရား မဝင်ပါဘူး၊ ဒါပေမယ့် ဝန်ထမ်းတွေ လစာ လိုမျိုး အသေးသုံး ဘတ်ဂျက် ကိုတော့ လွှတ်တော်က ခွင့်ပြုပေးဖို့ ရှိပါတယ်”ဟု ဆိုသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍရေးနှစ်အတွက် ရရှိရန် လျာထားငွေသည် ကျပ် ၁၀၅၂၂ ဒသမ ၇၈၇ ဘီလီယံ ရှိပြီး အသုံးစရိတ် လျာ ထားငွေ ကျပ် ၁၃၀၄၀ ဒသမ ၆၇၅ ဘီလီယံ ဖြစ်၍ လိုငွေပြမှု ကျပ် ဘီလီယံ၂၀၀၀ ကျော် ရှိကြောင်း သိရသည်။