ရင်းနှီးမြုပ်နှံမှု ဥပဒေမူကြမ်း အသစ်တရပ်အရ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း တည်ထောင်လိုသော နိုင်ငံခြားသားများအတွက် ဒေသခံ စီးပွားဖက်တဦး ရှာစရာမလိုတော့သည့်အပြင် လုပ်ငန်းစတင်သည့် အချိန်မှစ၍ ၅ နှစ်အထိ အခွန်ကင်းလွတ်ခွင့်လည်း ရရှိမည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနမှ ယနေ့သတင်းပေးပို့သည်။

ဧပြီလ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြန်မာကျပ်ငွေ နှုန်းရှင်အဖြစ် တရားဝင်ကျင့်သုံးတော့မည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်လိုက်မှုနှင့် တပြိုင်နက်တည်း ယင်း ရင်းနှီးမြုပ်နှံမှု ဥပဒေစည်းမျဉ်းသစ်များကို ပြဌာန်း ကျင့်သုံးနိုင်ကြောင်း လက်ခံရရှိထားသည့် စာရွက်စာတမ်းများကို ကိုးကား၍ ရိုက်တာသတင်းဌာနက သုံးသပ်ရေးသားထားသည်။
ယင်းအစီအစဉ်သည် အာဏာရှင်စနစ်အောက် လွဲမှားသော စီမံခန့်ခွဲမှုများ၊ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ခြွတ်ခြုံကျနေရသည့် နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့စေရေးအတွက် ဦးသိန်းစိန်အစိုးရ၏ လက်တွေ့ကျသော အရဲရင့်ဆုံး ရှေ့တိုး လုပ်ဆောင်ချက်ဖြစ်မည်ဟု လေ့လာသူများက ဆိုသည်။
အမေရိကန်နှင့် ဥရောပနိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများ ဖယ်ရှားပေးနိုင်သည်ဟူသော ဖြစ်နိုင်ချေများ ပေါ်ထွန်းနေချိန်တွင် ရန်ကုန်မြို့သို့ အလုံးအရင်းဖြင့် တင်ကြိုရောက်ရှိနေကြသည့် ရင်းနှီးမြုပ်နှံသူများကို နေပြည်တော်အစိုးရက စတင်ဆွဲဆောင်လိုက်ခြင်းလည်း ဖြစ်သည်။
နှစ်ပေါင်းများစွာ အထီးကျန်နေလာခဲ့သော တိုင်းပြည်အတွင်း ထူးခြားသော စီးပွားရေးလွတ်လပ်ခွင့် အရိပ်အယောင်များကို ဥပဒေမူကြမ်းတွင် ထည့်သွင်းထားသည်။
ဥပဒေမူကြမ်းအရ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများသည် ၁၀၀ ရာခိုင်နှုန်းအပြည့် လုပ်ငန်းပိုင်ဆိုင်နိုင်ခွင့်ရှိသကဲ့သို့ မြန်မာနိုင်ငံသားများနှင့်သော်လည်းကောင်း အစိုးရဌာနများနှင့်သော်လည်းကောင်း တွဲဖက်၍လည်း စီးပွားရေး လုပ်ဆောင်နိုင်သည်။ အဆိုပါ ဖက်စပ်စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမတည်ငွေ အနည်းဆုံး ၃၅ ရာခိုင်နှုန်းရှိရမည်ဟု သိရသည်။
နိုင်ငံခြားသား ရင်းနှီးမြုပ်နံှသူများသည် မြေယာအသုံးပြုခွင့်ရှိသော နိုင်ငံသားများထံမှ သော်လည်းကောင်း နိုင်ငံတော်မှသော်လည်းကောင်း မြေယာငှားရမ်းအသုံးပြုခွင့်လည်း ရှိသည်။ ကနဦး ငှားရမ်းအသုံးပြုခွင့်အား ရင်းနှီးမြုပ်နှံမှု၏ အမျိုးအစားနှင့် အရွယ်အစားကိုလိုက်၍ နှစ်ပေါင်း ၃၀ အထိ ခွင့်ပြုထားပြီး နောက်ထပ် သက်တမ်းနှစ်ကြိမ် တိုးခွင့်ရှိသည်။ တကြိမ်လျှင် ၁၅ နှစ်အထိ တိုးချဲ့ငှားရမ်းခွင့်ရှိသည်။
နိုင်ငံခြားကုမ္ပဏီများသည် နိုင်ငံခြားသားအလုပ်ကြမ်းသမားများ ခေါ်ယူခန့်အပ်ခွင့်မရှိကြောင်း၊ ကုမ္ပဏီသည် ပထမ ၅ နှစ်အပြီးတွင် ၎င်းတို့၏ ကျွမ်းကျင်လုပ်သားစုစုပေါင်း အရေအတွက်၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသားများကို ခန့်အပ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်လာစေရန် လိုအပ်သော လေ့ကျင့်သင်တန်းပေးမှုများပါ ပူးတွဲလုပ်ဆောင်စေရမည်ဖြစ်ပြီး နှစ်အလိုက် ရာခိုင်နှုန်းတက်သွားစေရမည်ဖြစ်ကြောင်း၊ ၁၀ နှစ်အကြာတွင် ၅၀ ရာခိုင်နှုန်းနှင့် ၁၅ နှစ်အကြာတွင် ၇၅ ရာခိုင်နှုန်းအထိ ကျွမ်းကျင်လုပ်သား မြန်မာနိုင်ငံသားများကို ခန့်အပ်ရမည်ဖြစ်ကြောင်း သိရသည်။
ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်းပြန်သွားနိုင်သည့် အရေးနှင့် နိုင်ငံတော်ပိုင်အဖြစ် အသိမ်းခံရနိုင်သည့်အရေးအပေါ် ရင်းနှီးမြုပ်နှံသူများ၏ စိုးရိမ်ချက်ကို ဥပဒေမူကြမ်းက ဖယ်ရှားပေးထားသည်။
ခွင့်ပြုချက်ရရှိပြီးသော စီးပွားရေးလုပ်ငန်းများအား ကန်ထရိုက် သက်တမ်းကာလ အတွင်းသော်လည်းကောင်း သို့မဟုတ် သက်တမ်းတိုးထားသော ကန်ထရိုက်သက်တမ်း အတွင်းသော်လည်းကောင်း နိုင်ငံသူနိုင်ငံသားများ၏ အကျိုးစီးပွားအား ရှေးရှု၍ လက်ရှိဈေးကွက်ပေါက်ဈေးအတိုင်း လျော်ကြေးပေးဆောင်ခြင်းမရှိဘဲ နိုင်ငံတော်အဖြစ် သိမ်းယူခြင်းမရှိစေရဟု နိုင်ငံတော်အစိုးရက အာမခံချက်ပေးထားသည်။
မတ်လနှောင်းပိုင်းတွင် အပြီးသတ်တော့မည် ကျင်းပနေဆဲ လွှတ်တော်အစည်းအဝေးတွင် အဆိုပါ ဥပဒေကို အတည်ပြုပေးကောင်း ပြုပေးနိုင်သည်ဟု သိရသည်။ အခြေခံဥပဒေအရ သမ္မတက ၁၄ ရက်အတွင်း ၎င်းဥပဒေအား အတည်ပြုခြင်းသော်လည်းကောင်း သို့မဟုတ် ပါလီမန်သို့ ပြန်လွှဲပေးခြင်းသော်လည်းကောင်း ပြုလုပ်နိုင်သည်ဟု ရိုက်တာသတင်းဌာနက သုံးသပ်ထားသည်။
အမေရိကန်နှင့် ဥရောပနိုင်ငံများကချမှတ်သော ပိတ်ဆို့မှုများ၊ ဟောင်းနွမ်းဆွေးမြေ့နေသော စိတ်ပျက်ဖွယ် လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံများ၊ ချည့်နဲ့သော ငွေကြေးနှင့်ဘဏ်စနစ်၊ လုပ်ငန်းကျွမ်းကျင်သော မြန်မာနိုင်ငံသားများ ရှားပါးလွန်းခြင်းအပြင် အားနည်းသော ရင်းနှီးမြုပ်နှံမှု ဥပဒေများက စီးပွားရေး ပြန်လည်ခေါင်းထောင်ရန် အတားအဆီးများတွင် ပါဝင်သည်ဟု လေ့လာသူများက သုံးသပ်ထားသည်။