စာပေ စာနယ်ဇင်း မဏ္ဍိုင်သည် ဘက်မလိုက်ရန် အရေးကြီးကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက ပြောဆိုလိုက်သည်။
ယမန်နေ့ နေ့လယ် ၁ နာရီက ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားသတင်းဆု (National Press Award) ချီးမြှင့်ပွဲ အခမ်းအနားတွင် ဝန်ကြီး ဦးကျော်ဆန်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

ဝန်ကြီး ဦးကျော်ဆန်းက စာနယ်ဇင်းသမားများကို တိုက်တွန်းသော အချက် ၅ ချက် ပြောကြားခဲ့ရာ စာနယ်ဇင်းများ ဘက်မလိုက်ရန်၊ အကြောင်းအရာတရပ်ကို မှန်ကန်စွာ သုံးသပ်နိုင်ရေး ရှုထောင့်ပေါင်းစုံမှ ရေးသားဖော်ပြရန်၊ ရေးသားကြရာတွင် လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရား ကျင့်သုံးရန်နှင့် Unity in democracy ကို ဖော်ဆောင်နိုင်ရေး ကြိုးပမ်းကြရန်တို့ ဖြစ်သည်။
မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့နှင့် အမျိုးသားသတင်းဆုကော်မတီတို့ ပူးတွဲရွေးချယ်ပေးအပ်သည့် အမျိုးသားသတင်းဆု အမျိုးအစားများမှာ အကောင်းဆုံးသတင်းဆု၊ အကောင်းဆုံး သတင်းဓာတ်ပုံဆု၊ အကောင်းဆုံး သတင်းဆောင်းပါးဆု၊ အကောင်းဆုံး အာဘော်ဆောင်းပါးဆု၊ အကောင်းဆုံး သတင်းကာတွန်းဆုတို့ဖြစ်ကြောင်း၊ ယင်းတို့အနက် အကောင်းဆုံး အာဘော်ဆောင်းပါးဆုကို အရည်အချင်း ပြည့်မီခြင်းမရှိသဖြင့် ပေးအပ်ခြင်းမရှိဘဲ အထူးခြားဆုံး အမျိုးသားသတင်းဓာတ်ပုံဆုတခု တိုးချဲ့ပေးအပ်ကြောင်း သိရသည်။
ယင်းတို့ချဲ့ထားသည့် ဆုကို ၂၀၁၁ ခုနှစ် သြဂုတ်လ အစိုးရသတင်းစာ၌ ဖော်ပြခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ ယှဉ်တွဲရိုက်ထားသည့် ဓာတ်ပုံအတွက် ချီးမြှင့်ကြောင်း သိရှိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယူနက်စကိုတို့ ပူးပေါင်းကျင်းပသည့် မီဒီယာ အလုပ်ရုံဆွေးနွေးပွဲအတွက် ပြီးခဲ့သည့်စနေနေ့က ရောက်ရှိနေပြီး ယင်းဆုပေးပွဲသို့လည်း တက်ရောက်ခဲ့သည့် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်က “အမျိုးသား သတင်းဆုချီးမြှင့်တာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တော့ လူငယ်ခြေသစ်တွေအတွက် သတင်းကောင်းပါ။
သတိထားမိတာက ဝန်ကြီးဟာ ဒီမိန့်ခွန်းပြောဖို့အတွက် အသေအချာကို ပြင်ဆင်လာတာကို တွေ့ရတယ်။ မီဒီယာနဲ့ ပတ်သက်ပြီး သူပြောသွားတာတွေက လေ့လာပြီး ပြောသွားတာတွေ။ ကျနော့်အနေနဲ့ကတော့ တာဝန်ရှိမှုတွေကို ပြောတာအပြင် ပြည်တွင်းက သတင်းထောက်တွေရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ခွင့်တွေကိုလည်း ပြောသင့်တယ်လို့ မြင်တယ်။ စာပေစိစစ်ရေးဆိုတာ ကတော့ လုံးဝကို မရှိသင့်တော့ဘူး” ဟု ပြောသည်။
ဆုပေးပွဲအပြီးတွင် ဝန်ကြီးဦးကျော်ဆန်းနှင့် ကိုအောင်ဇော်တို့ တွေ့ဆုံစကားပြောဆိုခဲ့သေးသည်။
“ဆုပေးပွဲပြီးလို့ ခန်းမထဲက ဦးကျော်ဆန်း ပြန်အထွက်မှာ ကိုအောင်ဇော်နဲ့ တွေ့တာပါ။ နှစ်ယောက်စလုံးကို ကြည့်ရတာ ရင်းရင်းနှီးနှီးပါပဲ။ ကိုအောင်ဇော်က ဦးကျော်ဆန်း ကို Minister for Information အစား Minister for Press Freedom လုပ်ပါလို့ ပြောလိုက်တော့ အနားကလူတွေ အကုန်လုံး သဘောကျပြီး ရယ်ကြရော။ ဝန်ကြီးကိုယ်တိုင်ကလည်း ရယ်ရယ်မောမောပါပဲ” ဟု သတင်းထောက်တဦးက ဆိုသည်။

ထို့အပြင် ကိုအောင်ဇော်က ပြည်ပမှ သတင်းထောက်များအတွက် ဂျနယ်လစ်ဗီဇာကို တလအထိ တိုးပေးရန်လည်း ဝန်ကြီးဦးကျော်ဆန်းအား တိုက်တွန်းကြောင်း၊ ဦးကျော်ဆန်းက ဒီမိုကရေစီကို မှန်မှန်ကန်ကန် မကျင့်သုံးနိုင်လျှင် တိုင်းပြည်မှာ ဘာမျှလုပ်၍ မရနိုင်ကြောင်း ပြောကြားခဲ့ပြီး ဗီဇာကိစ္စနှင့်ပတ်သက်၍ It is the beginning ဟု ပြောကြားသွားခဲ့ကြောင်း သိရသည်။
ကိုအောင်ဇော်၏ ပထမခရီးစဉ်အတွင်းကလည်း ဝန်ကြီး ဦးကျော်ဆန်းနှင့် ခေတ္တတွေ့ဆုံခဲ့ပြီး ယခုတခေါက်တွင်လည်း သီးခြားတွေ့ဆုံရန် ရက်ချိန်းရထားကြောင်း သိရသည်။
ဆုပေးပွဲအပြီးတွင် ကိုအောင်ဇော်သည် သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်နှင့်လည်း တွေ့ဆုံခဲ့သေးသည်။
ဖြိုးဝေသာ ပူးပေါင်းရေးသားသည်။
ဆက်စပ်သတင်း