အစိုးရနှင့် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (ILO) တို့ ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာအရ ၂၀၁၅ ခုနှစ်၌ မြန်မာ နိုင်ငံတွင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှု လုံး၀ ပပျောက်ရန်လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
အလုပ်သမား ဒု ဝန်ကြီး ဦးမြင့်သိန်းနှင့် ILO ရန်ကုန်ရုံးခွဲမှ ဆက်သွယ် ညှိနှိုင်းရေးမှူးတို့ မတ် လ ၁၆ ရက်နေ့က နေပြည် တော် တွင် အဓမ္မလုပ်အားပေးခိုင်းစေမှု ပပျောက်ရေးနှင့် ကလေးစစ်သား စုဆောင်းမှုဆိုင်ရာ ဆက်နွယ်သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ပူးပေါင်းဖြေရှင်းသွားရေး နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
လွန်ခဲ့သည့် ဇန်နဝါရီလကပင် ILO နှင့် အတူပူးပေါင်းလုပ်ဆောင်ရေး နားလည်မှု စာချွန်လွှာ တနှစ် သက်တမ်း တိုးရေး လက်မှတ်ရေးထိုးခဲ့သေးသည်။
မြန်မာနိုင်ငံတွင် အဓမ္မ လုပ်အားပေးခိုင်းစေမှုများ ၂၀၁၅ ခုနှစ်မှာ လုံး၀ ပပျောက်ရေး လုပ်ဆောင်သွားမည်ဆိုသည့် အပေါ် ILO နှင့် ချိတ်ဆက်၍ လုပ်ကိုင်ကူညီပေးနေသူများက လက်တွေ့တွင် မဖြစ်နိုင်သေးကြောင်း ပြောဆို ကြသည်။
“ဒီ ၃ နှစ်အတောအတွင်းမှာ အဓမ္မအလုပ်ခိုင်းစေမှုတွေ လုံးလုံး ပပျောက်သွားမယ်ဆိုတာ မဖြစ်နိုင်ဘူး။ စစ်တပ်ထဲမှာ လည်း ဖွဲ့စည်းပုံ မပြည့်တဲ့အတွက်ကလေးစစ်သား ခေါ်ဆောင်မှုဟာ ရှိနေဆဲပါပဲ။ ဒါကြောင့် အောင်မြင်ဖို့အတွက်တော့ ကျနော်တို့ ဝိုင်းဝန်းကြိုးစားတွန်းအားပေးမယ်။ သို့သော်လက်တွေ့ဘဝမှာ ဖြစ်နိုင်ခြေ အခွင့်အလမ်း နည်းနေ ပါသေးတယ်”ဟု အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေး ကူညီပေးနေသူ တဦးဖြစ်သည့် ရန်ကုန်မြို့က ကိုဖိုးဖြူက ဧရာဝတီကို ပြောသည်။
၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံအတွင်း အဓမ္မခိုင်းစေမှုများရှိလျှင် ILO သို့တိုင်ကြားနိုင်ရေးဆိုင်ရာ သဘောတူညီချက် ရရှိခဲ့ထားပြီး ဖြစ်သည်။
မြန်မာနိုင်ငံတွင် အဓမ္မ လုပ်အားပေးမှုများနှင့်ပတ်သက်၍ ယခုနောက်ပိုင်း ILO နှင့် ပူးပေါင်းဆောင်ရွက်ကာဖော်ထုတ် အရေးယူမူများကြောင့် လျော့နည်းလာသည်ဟု မြန်မာအစိုးရဘက်ကလည်း ပြောဆိုထားသည်။
ရန်ကုန် ILO ရုံးခွဲ၏ ထုတ်ပြန်ချက်အရ ၂၀၁၀ ပြည့်နှစ်ကတည်းက အဓမ္မ လုပ်အားပေးခိုင်းစေမှုဆိုင်ရာ တိုင်ကြားစာ များစွာ ရရှိခဲ့သော်လည်း ယမန်နှစ် ဇွန်လ စာရင်းအရ တိုင်ကြားစာ ၅၀၆ ခုသာ လက်ခံရရှိခဲ့ပြီး အရေအတွက်အားဖြင့် လျော့နည်း လာသည်ဟု ဆိုသည်။
အဓမ္မ ခိုင်းစေမှု ပပျောက်ရေး အကူအညီပေးနေသူများကလည်း ယခင်ကထက် တိုင်ကြားမှု လျော့နည်းလာသည်မှာ မှန် ကန်သော်လည်း လက်လှမ်းမမှီသည့် နေရာများတွင် အဓမ္မခိုင်းစေမှုများ ကျန်ရှိနေသေးကြောင်း၊ မကြာမီကပင် ဧရာဝတီ တိုင်း မော်လမြိုင်ကျွန်းမြို့နယ် ကျေးရွာများဘက်တွင် လုံခြုံရေးကင်း အဓမ္မ စောင့်ခိုင်းနေကြောင်း၊ မစောင့်ပါက ပိုက်ဆံ အဓမ္မ ကောက်ယူမှုများ ရှိနေကြောင်း၊ ထို့ကြောင့် အောက်ခြေ အာဏာပိုင်များ အဆင့် အထိ သက်ရောက်မှုရှိရန် လိုအပ်နေ သေးကြောင်း မစုစုနွေးက ဧရာဝတီကို ပြောသည်။
“ကိုယ်ထုတ်ပြန်ထားတဲ့ ဥပဒေကို ကိုယ်ကိုယ်တိုင် လိုက်နာလေးစားပြီးတော့ အတင်းအဓမ္မ ခိုင်းစေမှုတွေ၊ ကလေးစစ်သား စုဆောင်မှုတွေ မရှိအောင် အရင်လုပ်ဖို့ လိုပါတယ်”ဟု အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေး ကူညီပေးနေသူ မစုစုနွေးက ပြောသည်။
ILO နဲ့ အစိုးရတို့ လက်မှတ်ထိုးပြီး ဥပဒေများ ပြဌာန်းနိုင်ခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖော်ရေးအတွက် ပညာ ပေးရေးကိစ္စများကိုလည်း အစိုးရကိုယ်တိုင်က ဦးဆောင်လုပ်သင့်ကြောင်း သူက ဆိုသည်။
အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ ကလေးစစ်သား ပပျောက်ရေး စသည်တို့အတွက် မြန်မာအစိုးရသစ်နှင့် ILO တို့သည် ယခု ထက် ပို၍ အားစိုက် လုပ်ဆောင်ရန် လိုအပ်နေပြီး ပညာပေးရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန်လည်း လို အပ်ကြောင်း၊ အားလုံးက ဝိုင်းဝန်း ကူညီပေးရန်လည်း လိုအပ်ကြောင်း မစုစုနွေးနှင့် ကိုဖိုးဖြူတို့က ပြောဆိုသည်။
အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင် အစိုးရ စစ်တပ်က အရပ်သား အမျိုးသား၊ အမျိုးသမီးများနှင့် အကျဉ်းသားများကို အထမ်းသမား ပေါ်တာအဖြစ် ခိုင်းစေမှုများ ရှိနေသည့်အပေါ် စိုးရိမ်နေရဆဲဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုသည်။
ILO နှင့် သဘောတူညီချက်များအရ မြန်မာနိုင်ငံတွင် အလုပ်သမား သမဂ္ဂ ဖွဲ့စည်း ပိုင်ခွင့်ဆိုင်ရာ ဥပဒေကိုလည်း အစိုး ရသစ် က မကြာမီက အတည်ပြု ပြဌာန်းလိုက်ပြီး မတ်လ ၉ ရက်နေ့တွင် ဥပဒေ စတင် အသင်ဝင်ပြီ ဖြစ်သော်လည်း ရပ်ဝေးဒေသများတွင်ဖြစ်ပေါ်နေသည့် အလုပ်သမားပြဿနာများကိုလည်း အလေးထား သင့်ကြောင်းလည်း ပြောသည်။