အစိုးရ ရေးဆွဲနေသည့် မီဒီယာဥပဒေသည် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်များ အပေါ်တွင်အခြေခံ၍ သတင်းသမားများကို ကာ ကွယ် စောင့်ရှောက်သောဥပဒေတရပ် ဖြစ်ရန်နှင့် သတင်း မီဒီယာ လွတ်လပ်ခွင့်အတွက် အစိုးရ၏ တင်းကျပ်သည့် ဥပဒေများကို ဖျက်သိမ်းပေးရန် ပြည်ပ အခြေစိုက် မြန်မာ မီဒီယာအဖွဲ့များက တောင်းဆို တိုက်တွန်း လိုက်သည်။
ပြည်ပအခြေစိုက် ဧရာဝတီ၊ ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)၊ တိုင်းရင်းသားမီဒီယာများအပါအဝင် သတင်းမီဒီယာ ၁၁ ဖွဲ့ပူးပေါင်း ဖွဲ့စည်းထားသော Burma News International(BNI) အဖွဲ့များ၏ ယနေ့ထုတ်ပြန်ချက်တွင် ယင်းသို့ တိုက်တွန်း ပြောဆိုထားခြင်း ဖြစ်သည်။
သျှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာနှင့် BNI တာဝန်ရှိသူ တဦး ဖြစ်သည့် ဦးခွန်စိုင်းက“ကျနော်တို့ကို ချုပ်ချယ်ထားတဲ့ ဥပဒေတွေ မရုပ်သိမ်းသမျှ ကာလပတ်လုံးမှာ ဘယ်လို စိတ်ချ လက်ချနဲ့ သတင်းစာ လွတ်လပ်ခွင့် ကို လုပ်နိုင်မလဲ၊ စိတ်ချလက်ချ လုပ်နိုင်ဖို့ ဆိုရင် အဲဒီ ဥပဒေတွေ ရုပ်သိမ်းရပါမယ်”ဟု ပြောဆိုသည်။
မြန်မာ့ မီဒီယာ ဥပဒေသည် သတင်းလွတ်လပ်ပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ အပေါ်တွင် အခြေခံ၍ သတင်း သမားများကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေ တရပ် ဖြစ်ရန် အထူး အရေးကြီးသည်ဟုလည်း ဆိုသည်။
ထို့အပြင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက် တိုင်းရင်းသား မီဒီယာများ၏ အခန်းကဏ္ဍကိုလည်း အထူး အလေးထားရန် ပြောဆိုထားသည်။
ထုတ်ပြန်ချက်တွင် နှစ် ၁၇၀ ကျော် သက်တမ်းရှိ မြန်မာ သတင်းမီဒီယာသည် ခေတ်ဦးတွင် လွတ်လပ်ခွင့်ရှိခဲ့သော်လည်း တော်လှန် ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် များမှစတင်၍ သတင်းစာလွတ်လပ်ခွင့်ကို အာဏာပိုင်က တင်းကျပ်စွာ ထိန်းချုပ်ခဲ့ရာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုနောက်ပိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆုံးရှုံးခဲ့ရသည်အထိ ပိုမို ဆိုးရွားခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့ အရေးအခင်း မှစတင်ပြီး ကွန်ပျူတာ အင်တာနက် အသုံးပြု၍ သတင်းအချက် အလက် စီးဆင်းမှုကို အဓိက ပိတ်ပင်သော အီလက်ထရွန်နစ် ဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ် အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း စသည်တို့ကို လည်း ဖော်ပြထားသည်။
ယနေ့ ထုတ်ပြန်သည့် ဧရာဝတီ ၊ DVB ၊ BNI ပူးတွဲ ကြေညာချက် –
DIB Joint Statement – English Version
DIB Joint Statement – Burmese Version