သတ္တုတွင်းဝန်ကြီးဌာနက The Voice Weekly ဂျာနယ်ကို အသရေဖျက်မှုပုဒ်မဖြင့် ရန်ကုန်မြို့ ဒဂုံမြို့နယ်တရားရုံးတွင် စတင် တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
“သတ္တုတွင်းဝန်ကြီးဌာနက ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ အရာရှိတွေနဲ့ ဥပဒေအကြံပေးတွေ လွန်ခဲ့တဲ့ အပတ်က တရားရုံးကို ရောက်လာပြီး The Voice ဂျာနယ်ကို အသရေဖျက်မှုနဲ့ အရေးယူပေးဖို့ ဦးတိုက်လျှောက်တယ်။ ဂျာနယ်ထဲမှာ ရေးထားတဲ့သတင်းကြောင့် ဝန်ကြီးဌာနရဲ့ ဂုဏ်သိက္ခာကျဆင်းလို့ အသရေဖျက်မှုပုဒ်မနဲ့ တရားစွဲတယ်” ဟု ဒဂုံမြို့နယ်တရားရုံးမှ ဥပဒေဝန်ထမ်းတဦးက အတည်ပြု ပြောကြားသည်။
၎င်းက ဆက်လက်၍ သတ္တုတွင်းဝန်ကြီးဌာန၏ တရားရုံး ဦးတည်လျှောက်ထားမှုကြောင့် The Voice Weekly ဂျာနယ်၏ ထုတ်ဝေသူ၊ ဂျာနယ်တာဝန်ခံနှင့် သတင်းရေးသားသူ သတင်းထောက်တို့ကို တရားရုံးက ဆင့်ခေါ်ထားပြီး မတ်လ ၂၂ ရက်နေ့တွင် အမှုစတင်စစ်ဆေးမည်ဖြစ်ကြောင်း ပြောသည်။
The Voice Weekly ဂျာနယ်နည်းတူ မော်ဒန်ဂျာနယ်ကလည်း မန္တလေး သပိတ်ကျင်းလမ်း ဆိုးရွားနေသည့်အကြောင်း သတင်းရေးသားမှုကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်ရေးအင်ဂျင်နီယာက အသရေဖျက်မှုနှင့် တရားစွဲဆိုထားပြီး ယင်းအမှုကို မန္တလေးခရိုင် တရားရုံးတွင် ယခုလ ၂၃ ရက်နေ့၌ စတင်ကြားနာမည်ဖြစ်သည်။
ပြည်တွင်း သတင်းအသိုင်းအဝိုင်းကမူ မော်ဒန်နှင့် The Voice Weekly အပေါ် တရားစွဲဆိုမှုသည် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်သည့် လုပ်ရပ်အဖြစ် ဝေဖန်နေကြပြီး အဆိုပါ ဂျာနယ်များဘက်မှ တညီတညွတ်တည်း ရပ်တည်ကြမည်ဟု ပြောဆိုကြသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါ ဂျာနယ်များ တရားစွဲဆိုခံရခြင်းနှင့် ပတ်သက်၍ သတင်းဂျာနယ်များကို တရားစွဲဆိုခြင်းသည် မီဒီယာကို ကန့်သတ်သည့် လုပ်ရပ်၊ နိုင်ငံတိုးတက်ရေးကို ကန့်သတ်သော လုပ်ရပ်အဖြစ်ရှုမြင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
မတ်လ ၁၂ ရက်နေ့ထုတ် The Voice Weekly တွင် “ဝန်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” ဆိုသော သတင်း၌ သတ္တုတွင်းဝန်ကြီးဌာန အမှတ် (၁) သတ္တုတွင်း လုပ်ငန်း၏ မုံရွာကြေးနီစီမံကိန်း အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းအား ဒေါ်လာသန်း ၁၀၀ ဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သို့ ရောင်းချခဲ့ကြောင်း၊ သို့သော် ဦးပိုင်လီမိတက်က ငွေ ပေးချေရမည့်အစား နိုင်ငံခြားကုမ္ပဏီတခုက ပေးချေခဲ့ကြောင်း စသည်ဖြင့် သတ္တုတွင်းဝန်ကြီးဌာနမှ အလွဲသုံးစားမှုအား ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီ၏ အစီရင်ခံစာကို ကိုးကားပြီး ထုတ်ဖော်ရေးသားခဲ့သည်။
ယင်းသတင်းဖော်ပြပြီးနောက် သတ္တုတွင်းဝန်ကြီးဌာနက The Voice Weekly တွင် ဖော်ပြသော သတင်းများသည် မှားယွင်းနေပြီး ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မည်ဟု အစိုးရပိုင် သတင်းစာများမှတဆင့် ထုတ်ပြန်ပြောဆိုခဲ့သည်။
ဆက်စပ်သတင်း။ ။ The Voice ဂျာနယ်ကို သတ္တုတွင်းဌာန တရားစွဲမည်