မြန်မာနိုင်ငံ၏ ခေတ်နောက်ကျနေသည့် လူထု ဆက်သွယ်ရေးလုပ်ငန်းများ ခေတ်မီလာစေရေး နိုင်ငံခြား ရင်းနှီးမြုပ်နှံ မူများအား လမ်းဖွင့်ပေးရန် အစီအစဉ်များရှိကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် လက်ရှိ အနေအထားအရ နိုင်ငံခြားသားများ တယ်လီဆက်သွယ်ရေး ဝန်ဆောင်မှုဆိုင်ရာ ရင်းနှီးမြုပ်နံှ ခွင့်မရှိသော်လည်း တယ်လီဆက်သွယ်ရေးဆိုင်ရာ ဥပဒေသစ် ၄ မျိုးကို ရေးဆွဲနိုင်ရေး စီစဉ်နေကြောင်း The Wall Street Journal နှင့်တွေ့ဆုံရာ တွင် မြန်မာ့ဆယ်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်သက်က ပြောဆိုလိုက်သည်။
ဥပဒေသစ်ကို မြန်မာနိုင်ငံရှေ့နေချုပ်ထံ တင်ပြထားပြီး ခွင့်ပြုချက် ရရန် စောင့်ဆိုင်းနေကြောင်း၊ ရှေ့နေချုပ်မှ စမ်းစစ် ပြီးနောက် လွှတ်တော်သို့ တင်ပြရမည်ဖြစ်ပြီး ပါလီမန်၏ အတည်ပြုချက်ရရန် လုပ်ဆောင်ထားကြောင်း ဦးခင်မောင်သက်ကို ကိုးကားပြီး မတ်လ ၁၉ ရက်နေ့ ထုတ် The Wall Street Journal က ရေးသားထားသည်။
“ရှေ့နေချုပ်ကလည်း အခြား ဥပဒေတွေကို ကြည့်နေရတော့ အခုခါက အလုပ်ကအရမ်းများတယ်။ ဒါပေမယ့် ဒီဥပဒေ ကို ပြောင်းပြီးသွားရင်တော့ နိုင်ငံသားရော၊ နိုင်ငံခြားသား ရင်းနှီး မြုပ်နှံသူတွေ ၂ ခုလုံး အတွက် လိုင်စင်အသစ်က လမ်း ပွင့်သွားမှာဖြစ်ပါတယ်”ဟု ဦးခင်မောင်သက်က ပြောသည်။
၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဌရာထူး လက်ခံယူပြီးနောက် တနှစ်အကြာ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ၏ ၅၀ ရာခိုင်နှုန်းကို ကြိုးမဲ့ စနစ်ဖြစ်စေရမည်ဟု မြန်မာက ရာထားကြောင်း The Wall Street Journal က ဆိုသည်။
ယနေ့ ထုတ်ပြန်သည့် အစိုးရကြေညာချက်အရလည်း ၂၀၁၂-၁၃ ခုနှစ် ဘဏ္ဍာနှစ်အတွက် စီမံကိန်းလျာထားချက်အရ ကဏ္ဍ ၁၄ ခုတွင် ဆက်သွယ်ရေး ကဏ္ဍ၌ အများဆုံး အသုံးပြုသွားရန် ရှိပြီး ယခုသုံးစွဲနေသည့် အသုံးစရိတ်ထက် ၁ ဆ ခွဲကျော် ( ၁၅၀.၄ ရာခိုင်နှုန်း) သုံးစွဲ သွားရန် ရည်မှန်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အင်တာနက် အပါအဝင် ခေတ်ပေါ် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ၏ လုပ်ပိုင်ခွင့် ကို မြန်မာ့ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ဝန်ကြီးဌာနက ထိန်းချုပ်ထားသည်။
မကြာသေးမီနှစ်များကစ၍ အစိုးရနှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ၏ ကုမ္ပဏီများ ဖြစ်သော ဦးတေဇပိုင် E – Lite Tech ကုမ္ပဏီ၊ စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်း၏သား ဦးနေအောင်ပိုင်ဆိုင်သည့် IGE၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးနှင့် နီးစပ်သူ တဦးဖြစ်သည့် ဦးကျော်ဝင်း ပိုင်ဆိုင်သော ရွှေသံလွင် ကုမ္ပဏီနှင့် အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်၏ Asia Mega Link ကုမ္ပဏီတို့က GSM မိုဘိုင်းလ်ဖုန်းများ ချထား ပေး ခြင်း၊ ရေဒီယို ဆက်သွယ်ရေးစခန်းများ တည်ဆောက်ခြင်း စသည့် လုပ်ငန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကန်ထရိုက် ရရှိထားသည်ဟု သိရသည်။
လွန်ခဲ့သည့်နှစ်များအတွင်း လက်ကိုင်ဖုန်း တလုံး၏ ငှားရမ်းသုံးစွဲခွင့် အစိုးရထံ တရားဝင်သွင်းငွေ ကျပ် ၁၅ သိန်းရှိခဲ့ပြီး ပြင်ပ ပေါက်ဈေးမှာ ငွေကျပ် သိန်းပေါင်း ၂၅ သိန်းမှ သိန်း ၃၀ အထိရှိခဲ့သည်။ မကြာသေးမီ ရက်ပိုင်းမှ စ၍ ကျပ် ၁ သိန်း ၈ သောင်းတန် လက်ကိုင်ဖုန်းများ ငှားရမ်းသုံးစွဲခွင့်ကို စတင်ရောင်းချရာ ပြင်ပ ပေါက်ဈေး ၃ သိန်း ဖြစ်လာသည်။
နိုင်ငံသားများစွာကမူ တန်ဖိုးနည်း ကျပ် ၅ ထောင် တယ်လီဖုန်းကဒ်များ သုံးစွဲခွင့်ရရေး ကြိုးပမ်းလှုပ်ရှားမှုများကို စိတ်ဝင်စားမှုရှိနေကြသည်။ မြန်မာနိုင်ငံ၏ တယ်လီဖုန်းဆက်သွယ်ရေးသည် အခက်အခဲများစွာ ရှိနေပြီး လိုင်း မမိခြင်း၊ အသံ မကြည်လင် ခြင်း၊ ဆက်သွယ်၍ မရခြင်းများကြောင့် သုံးစွဲသူများ စိတ်မသက်မသာဖြစ်ကြရသည်။
မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်းသုံးစွဲမှုကို အောက်ခြေအထိ ကျယ်ကျယ်ပြန့်ပြန်သုံးစွဲနိုင်ရေးနှင့် နိုင်ငံတကာ အဆင့်မီ လူတိုင်း လက်ကိုင်ဖုန်း သုံးစွဲနိုင်ရေးတို့သည် ယခုထိ ခက်ခဲနေဆဲဖြစ်သည်။ လက်ရှိတယ်လီဖုန်းလိုင်းပေါင်း ၂ သန်းနှင့် ၃ သန်းကြားသာ ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး စာရင်းများအရ သိရသည်။