ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက ၎င်းသည် အစိုးရအဖွဲ့အတွင်း၌ သဘောထားတင်းမာသည့် ခေါင်းမာဂိုဏ်းသားတဦး မဟုတ်ကြောင်း ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
![IMG_0070](https://burma.irrawaddy.com/wp-content/uploads/2012/03/IMG_0070.jpg)
ယမန်နေ့က ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံတွင် တနာရီခန့်အကြာ တွေ့ဆုံစဉ် ပြည်ပအခြေစိုက် မီဒီယာများက ဝန်ကြီး ဦးကျော်ဆန်းအား သဘောထားတင်းမာသူဟု ဝေဖန်ချက်များနှင့် ပတ်သက်၍ ကိုအောင်ဇော်က မေးမြန်းခဲ့ရာ “ကျနော်ကတော့ ကျနော့်ကိုယ်ကျနော် ဘယ်လိုယုံကြည်လဲဆိုရင် ကျနော် Hard-liner လည်း မဟုတ်ဘူး၊ Soft-liner လည်း မဟုတ်ဘူး။ ကျနော်က ဘာလဲဆိုလို့ရှိရင် Pragmatist (လက်တွေ့သမား)။ သို့သော် ကျနော်က ဘာကို အမြဲတမ်း ဦးစားပေးလဲဆိုရင် Rules and regulations ပဲ” ဟု ဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။
ကိုအောင်ဇော်က လတ်တလောတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ ရေးဆွဲနေသော မီဒီယာဥပဒေမူကြမ်း ရေးဆွဲမှုအခြေအနေ၊ သမ္မတ ဦးသိန်းစိန် အစိုးရက ပြောဆိုနေသော စာနယ်ဇင်းများ၏ လွတ်လပ်မှုနှင့် တာဝန်ယူမှုနှင့် ပတ်သက်၍ မြန်မာ့မီဒီယာများ၏ အနေအထား၊ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် ပြုမပြုနှင့် စာနယ်ဇင်းသမားများအပေါ် အကာအကွယ်ပေးမည့် အစီအစဉ်များကို ဝန်ကြီး ဦးကျော်ဆန်းအား မေးမြန်းဆွေးနွေးခဲ့သည်။
ဝန်ကြီး ဦးကျော်ဆန်းက မီဒီယာဥပဒေကို ၂၀၁၂ ခုနှစ်အတွင်း အပြီးရေးဆွဲမည်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံ၏ ဥပဒေကိုမျှ ပုံတူကူးယူခြင်းမရှိဘဲ နိုင်ငံတိုင်းမှ ကောင်းမွန်သော အချက်အလက်များကို ရယူထားခြင်းသာဖြစ်ကြောင်း၊ မီဒီယာများ၏ သြဇာကြီးမှုကြောင့် ပြည်သူများ၏ အမှားအမှန် ခွဲခြားနိုင်မှုအတွက် မီဒီယာများတွင် တာဝန်ရှိကြောင်းနှင့် နောက်ရေးဆွဲသည့် ဥပေဒများတွင် စာနယ်ဇင်းသမားများကို ကာကွယ်သည့် ဥပဒေ ပါလာမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
![IMG_0082](https://burma.irrawaddy.com/wp-content/uploads/2012/03/IMG_0082.jpg)
ထို့ပြင် ဝန်ကြီး ဦးကျော်ဆန်းက ဒီမိုကရေစီ လမ်းကြောင်းမှ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေရာတွင် လမ်းကြောင်းသွေဖည်ပြီး နောက်ပြန်ဆုတ်သွားမည် မဟုတ်ကြောင်းလည်း ပြောဆိုသွားသည်။
ယမန်နေ့က တွေ့ဆုံပွဲတွင် ဝန်ကြီး ဦးကျော်ဆန်းအပြင် စာပေစိစစ်ရေးဌာနမှ ဒု ညွှန်ကြားရေးမှူး ဦးတင့်ဆွေ၊ ပုံနှိပ်ထုတ်ဝေရေးမှ ညွှန်ကြားရေးမှူး ဦးရဲတင့်၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့်တို့ တက်ရောက်သည်။
ဧရာဝတီသတင်းဌာနမှ ကိုအောင်ဇော်နှင့်အတူ ရုံးမန်နေဂျာ ကိုဝင်းသူ၊ မစ္စ ရေချယ်တို့လည်း တက်ရောက်သည်။
ဝန်ကြီး ဦးကျော်ဆန်းသည် ၂၀၀၁-၀၂ ခုနှစ်ဝန်းကျင်တွင် ကုန်သွယ်ရေး ဒု ဝန်ကြီး၊ ၂၀၀၄ ဝန်းကျင်မှ ယနေ့အထိ ပြန်ကြားရေးဝန်ကြီးတာဝန် အပြင် ယမန်နှစ်မှစ၍ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်း ဆောင်ရွက်လျက်ရှိသည်။