မဲစာရင်း မှားယွင်းခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ မတရားလုပ်ဆောင်ခြင်းများကြောင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်စေရေးကို ထိခိုက်စေနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အသိပေး ထုတ်ပြန်လိုက်သည်။
ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲဥပများကို ချိုးဖောက်ကာ မဲဆွယ်စည်းရုံးခြင်းများ၊ ဆန္ဒမဲ ကြိုတင်ကောက်ယူနေမှုများနှင့် ကိုယ်စားလှယ်လောင်းတချို့ကို အန္တရာယ်ပြုခြင်းများ ရှိနေသည်ဟု NLD က ကြေညာချက်တွင် ဖော်ပြထားသည်။
“လစ်လပ်နယ်မြေတွေမှာ ကိစ္စတွေက အမျိုးမျိုးပဲ။ တခုချင်းအလိုက် ဆောင်ရွက်ပြီးတာတွေလည်း ရှိတယ်။ ဆောင်ရွက်ဆဲလည်း ရှိတယ်” ဟု NLD ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
ယခုလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် စမြင်ကျေးရွာအုပ်စုတွင် မင်းကင်းမဲဆန္ဒနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ စန်းဝင်းက ဒေသခံများကို တအိမ်တယောက် မတက်မနေရ အမိန့်ပေး ဖိတ်ကြားခဲ့ပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြောဆိုသွားကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။
“ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အပေါ်မှာ သစ္စာမရှိဘူး။ ကလေးနှစ်ယောက်ကိုလည်း နိုင်ငံခြားမှာ ထားတယ်ဆိုတာမျိုး ပြောတာတွေဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေရဲ့ တားမြစ်မှုကို ဆန့်ကျင်တဲ့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တဲ့ စကားတွေ ဖြစ်တယ်” ဟု ဦးဉာဏ်ဝင်း ကပြောသည်။
ဒေါက်တာ စန်းဝင်းက ယင်းဒေသရှိ တဲကြီး မူလတန်းလွန်ကျောင်းကို ငွေကျပ် ၃ သိန်း လှူဒါန်းခဲ့ပြီး ရွေးကောက်ပွဲ အနိုင်ရရှိပါက နောက်ထပ် ၃ သိန်း ထပ်မံလှူဒါန်းသွားမည်ဟု ပြောကြောင်း၊ ယင်းလုပ်ရပ်မှာ မဲဝယ်ခြင်းဖြစ်၍ ရွေးကောက်ပွဲ ဥပဒေနှင့် ငြိစွန်းနေကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။
အလားတူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်မဲကောက်ရန် မတ်လ ၃၀ ရက်မှ ၃၁ ရက်နေ့အထိ ကောက်ယူခွင့် ပြုထားခြင်းကို ဆန့်ကျင်ကာ တနင်္သာရီတိုင်း လောင်းလုံ မဲဆန္ဒနယ်မြေတွင် ကြိုတင်မဲများ ကောက်ခံနေသည်ဟု ဆိုသည်။
ထားဝယ်ခရိုင်၊ လောင်းလုံမြို့ရှိ ကျောင်းဆရာ၊ ဆရာမ ၇၀ ကျော်ကို သင်တန်းတက်ရန်ရှိ၍ ကြိုတင်မဲပေးရမည်ဆိုကာ မြို့နယ်ပညာရေးရုံးရှိ တာဝန်ရှိသူများ ရှေ့မှောက်တွင် ကြိုတင်မဲများ ပေးစေခဲ့သည်ဟု မဲပေးခဲ့သည့် ကျောင်းဆရာတဦးက ပြောသည်။
အလားတူပင် ထားဝယ်မြို့၊ ပညာရေး ကောလိပ်တွင် လောင်းလုံနှင့် ကျွန်းစုမြို့နယ်မှ လာရောက်သော ကျောင်းသူကျောင်းသား ၅၀ ကျော်ကို မတ်လ ၁၅ ရက်နေ့က ကျောင်းစာကြည့်တိုက်သို့ ခေါ်ယူကာ ကျောင်းအုပ်ကြီး၊ မော်ကွန်းထိန်း၊ စာပေဌာနမှူးတို့ ရှေ့မှောက်တွင် ကြိုတင်မဲများ ပေးစေခဲ့သောကြောင့် မိမိမဲပေးလိုသည့် ပါတီကို လွတ်လပ်စွာ ရွေးချယ်ခွင့်မရခဲ့သဖြင့် ကြံ့ခိုင်ရေးပါတီကိုသာ မဲပေးခဲ့ကြရသည်ဟု ကျောင်းသူကျောင်းသားများက ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ကိုယ်စားလှယ်လောင်းများ မဲဆွယ်ရာတွင် တိုက်ခိုက် နှောက်ယှက်မှုများ ရှိနေကြောင်း၊ ယခုလ ၁၈ ရက်နေ့က နေပြည်တော်၊ ဥတ္တရသီရိ မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းသူ၏ ဟောပြောပွဲတွင် သစ်သားချွန်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း၊ လုံခြုံရေးတာဝန်ယူသူ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း NLD က ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်နေမှုများကို သက်ဆိုင်ရာ ဒေသအသီးသီးရှိ ကော်မရှင်ရုံးများတွင် တိုင်ကြားဖြေရှင်းရန် NLD ဗဟို အောင်နိုင်ရေးအဖွဲ့အနေဖြင့် ညွှန်ကြားထားပြီး ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတရေးကို အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လစ်လပ်နယ်မြေများရှိ မဲဆန္ဒရှင်စာရင်းကို ဖေဖော်ဝါရီလ၂၉ ရက်က ထုတ်ပြန် ထားရာတွင် မဲပေးခွင့် မရှိသေးသော အသက်မပြည့်သေးသူများ၊ သေဆုံးသွားပြီးသူများ ပါဝင်နေပြီး မဲပေးခွင့်ရှိသူများ မဲစာရင်းတွင် မပါဝင်မှုများ ၄၈ နေရာလုံးနီးပါး ဖြစ်ပွားနေကြောင်း NLD ထံမှ သိရှိရသည်။
ထိုအထဲတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်အရွေးခံမည့် ကော့မှူးမဲဆန္ဒနယ်မြေတွင် ရွာပေါင်း ၅၄ ရွာအတွက် သေဆုံး၍ မဲစာရင်းမှ ပယ်ဖျက်ပေးရန် ၄၁၃ ဦး၊ မဲစာရင်းတွင်ထည့်သွင်းပေးရန် ၁၃၈၇ ဦးနှင့် မဲစာရင်းတွင် ပိုနေသူ ၂၉၉ ဦးတို့ကို ပြင်ဆင်ပေးရန် ရှိကြောင်း NLD ၏ စစ်တမ်းကောက်ယူထားမှုအရ သိရသည်။
မဲစာရင်းများကို၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲက အသုံးပြုခဲ့သည့် မူလ မဲစာရင်းကို အခြေခံပြီး ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှန်ကန်ပြည့်စုံသော မဲစာရင်းများပြုစုရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ယခုလ ၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ ညှိနိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့အတူ ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကြီးကြပ်ပေးသွားမည်ဟုလည်း ပြောဆိုခဲ့သေးသည်။ သို့သော် ရွေးကောက်ပွဲကို နိုင်ငံတကာမှ ဝင်ရောက်စောင့်ကြည့်ရန် တောင်းဆိုထားမှုကို ခွင့်ပြုပေးခြင်းရှိမရှိ ယခုချိန်အထိ တရားဝင် ထုတ်ပြန်ခြင်းမရှိသေးပေ။