ကချင်ပြည်နယ် မြစ်ဆုံဆည် စီမံကိန်းကြောင့် နေရပ်မှ ထွက်ခွာပေးခဲ့ပြီး ပြန်လည် လာရောက် နေထိုင်သည့် ရွာသားများအား အာဏာပိုင်များက ပြန်လည် ထွက်ခွာသွားရန်ဖိအားပေး ပြောဆိုနေကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံ အခြေစိုက် ကချင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့ (KDNG) ၏ တနင်္လာနေ့က ထုတ်ပြန်သော ကြေညာချက်တွင် မြန်မာ အစိုးရ စစ်တပ်မှ ထရပ်ကား ၅ စီးနှင့် ဌာနဆိုင်ရာ ကားကြီးများသည် မြစ်ဆုံဒေသ တန်ဖဲကျေးရွာသို့ လွန်ခဲ့သည့် မတ် လ ၁၇ ရက်နေ့က ရောက်ရှိလာပြီး နေရပ်ပြန်လည်ဖယ်ရှားပေးရန် အမိန့်ဖြင့် ဖိအားပေးကြောင်းဖော်ပြထားသည်။
“သူတို့က ရွာသားတွေကို ၁၀ ရက်အတွင်း ထွက်သွားဖို့ အမိန့်ပေးခဲ့တယ်။ နောက်ပြီး သူတို့က ဒီရွာမှာ နောက်ထပ် ဘယ်သူ့ကိုမှ မမြင်ချင်ဘူးလို့ ရွာသားတွေကိုပြောခဲ့တယ်”ဟု KDNG မှ ပြောခွင့်ရ ဆာဂျီက ဧရာဝတီကို ပြောသည်။
တရုတ်နိုင်ငံပိုင် CPI ကုမ္ပဏီ၏ ဒေါ်လာ ဘီလျံပေါင်းများစွာ ငွေကြေးရင်းနှီးမြုပ်နှံတည်ဆောက်ခဲ့သည့် မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်းအတွက် စီမံကိန်းနယ်မြေရှိ ရွာပေါင်း ၆၇ ရွာကို ယမန်နှစ်က အဓမ္မဖယ်ရှားခဲ့သည်။
အဆိုပါ စီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်စေပြီး ဧရာဝတီမြစ်ကြီး ပျက်သုဉ်းမည့်အရေး စိုးရိမ်မှု၊ ကန့်ကွက် မှုများ မြင့်တက်လာပြီးနောက်ပိုင်း သမ္မတ ဦးသိန်းစိန်က လွန်ခဲ့သည့် စက်တင်ဘာလက စီမံကိန်းကို ဆိုင်းငံ့ထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ယင်းနောက် ဖယ်ရှားခံရသော ကျေးရွာသားများက မူရင်းနေရပ်သို့ ပြန်လည်ဝင်ရောက်အခြေချနေထိုင်ကြခြင်းဖြစ် သည်။ ထို့နောက် မတ်လ ၁၄ ရက်နေ့ကလည်း ၎င်းတို့၏ နေအိမ်များ ဖျက်ဆံခံရသည့်ကိစ္စနှင့်ပတ်သက်၍ ကချင် ပြည်နယ် ဝန်ကြီးချုပ်ထံ အသနားခံစာ တစောင်ကိုလည်း တင်ပြခဲ့သည်။
ယခုကဲ့သို့ အာဏာပိုင်များက ပြန်လည်မောင်းထုတ်မှုများသည် CPI ကုမ္ပဏီက မြန်မာအစိုးရကို မြစ်ဆုံဆည်စီမံကိန်း ပြန်လည်သဘောတူ စတင်ရန် ဖိအားပေးမှုနှင့်လည်း တိုက်ဆိုင်နေသည်။
မကြာသေးခင်ကလည်း တရုတ်ကုမ္ပဏီ ဖြစ်သည့် CPI နှင့် ဖက်စပ် လုပ်ကိုင်သည့် ယခင်က ဘိန်းဘုရင် လော်စစ်ဟန် ၏ သားဖြစ်သူ ဦးထွန်းမြင့်အောင် ခေါ် စတီဗင် လော ပိုင်ဆိုင်သည့် အေးရှားဝါးလ်ဒ် ကုမ္ပဏီတို့သည် တန်ဖဲကျေးရွာ သို့ ရောက်ရှိလာကြပြီး ကက်သလစ် ခရစ်ယန် ဘုရားကျောင်းကို နေရာသစ်သို့ ပြောင်းရွှေ့ပေးရန် တရားဟောဆရာ ကို တောင်းဆိုခဲ့ကြောင်း၊ အဆိုပါ ဘုရားကျောင်းသည် သတင်းအချက်အလက်များ၏ ဆုံမှတ်ဖြစ်၍ ပြောင်းရွှေ့ပေးရန် မေတ္တာရပ်ခံခြင်းဖြစ်နိုင်ကြောင်း ဆာဂျီက ဆိုသည်။
၂၀၀၉ ခုနှစ်ကတည်းက တန်ဖဲရွာသား ၁၀၇၅ ဦးသည် နေရပ်ဖယ်ရှားပေးရန် ဖိအားပေးမှုများကို ကြံ့ကြံ့ခံကြောင်း၊ အေးရှားဝါးလ်ဒ်၏ လုပ်ငန်းခွင် စီမံကိန်းနယ်မြေတွင် ပါဝင်သွားသောကြောင့် ၎င်းတို့၏ အဆောက်အဦးများနှင့် ပြည့် နေပြီး ယခုအခါ ၎င်းတို့၏ နေအိမ်မှာမှလည်း ဆက်လက်၍ နေထိုင်မရတော့ကြောင်း၊ ထို့အပြင် အထက်တန်းကျောင်း ရှေ့တွင်လည်း “အစိုးရမြေ၊ ထွက်သွား”ဟု ဆိုင်းဘုတ်ထောင်ကာ သတိပေးစာတန်းရေးထားကြောင်းသိရသည်။
တန်ဖဲရွာသို့ မတ်လ ၁၇ ရက်နေ့က အာဏာပိုင်များ ရောက်လာပြီးနောက်ပိုင်း မြစ်ဆုံဆည်စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ တရုတ်လုပ်သမားများ၏ စခန်းများနှင့် လှုပ်ရှားမှုများ ပိုမိုတွေ့လာရကြောင်း ဒေသခံများအကြားပြောဆို နေကြသည်။
ထို့အပြင် ဆည်စီမံကိန်း နယ်မြေတွင်လည်း ကင်းလှည့်နေသည့် မော်တော်ယာဉ်များကို မြင်တွေ့ရ ကြောင်း ဒေသခံ များက သတင်းပို့ထားသည်ဟု ကချင်ကွန်ယက်က ဆိုသည်။
လိုင်ဇာ အခြေဆိုက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် နီးစပ်သည့် အသိုင်းအဝိုင်းကလည်း တရုတ်-မြန်မာနယ်စပ် မြို့တမြို့တွင်လည်း ဆောက်လုပ်ရေးပစ္စည်းများတင်ဆောင်လာသည့် တရုတ်နိုင်ငံမှ ထရပ်ကား အစီး ၄၀၀ခန့်ရောက် ရှိလာကြောင်း ဧရာဝတီကိုပြောဆိုသည်။
အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် ထရပ်ကားများသည် တရုတ်-မြန်မာနယ်စပ်ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံတွင်း သို့ ဝင်ရောက်ရန်ပြင်ဆင်နေပြီး ဆောက်လုပ်ရေး ပစ္စည်းများသည် မြစ်ဆုံဆည်စီမံကိန်းအတွက် အသုံးပြုမည်၊ မပြု မည်ကို သဲကွဲစွာ မသိရကြောင်း ကချင်သတင်းရပ်ကွက်က ဆိုသည်။
မကြာသေးမီက တရုတ်အစိုးရက မြန်မာအစိုးရထံ ၎င်းတို့နှင့်ပူးပေါင်းလုပ်ဆောင်ထားသည့် စီမံကိန်းများ အတွက် အာမခံရန် ပြောဆိုမှု သတင်းများ ပေါ်ထွက်လာပြီးနောက်ပိုင်း ယခုကဲ့သို့ မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်း ပြန် လည် စတင်မည့် လက္ခဏာများ ပေါ်ထွက်လာခြင်းဖြစ်သည်။