ဧရာဝတီတိုင်း ပုသိမ်မြို့နှင့် သရက်သို့ ပြေးဆွဲသော ပုသိမ်သူ အမှတ် (၁၁) ရှပ်ပြေးရေယာဉ် နစ်မြုပ်မှုတွင် ယနေ့အထိ အသက်ရှင် သူ ၇၅ ဦးနှင့် သေဆုံးသူ ရုပ်အလောင်း ၆ လောင်း ကယ်ဆယ်နိုင်ခဲ့ပြီး ၁၅ ဦး ပျောက်ဆုံးနေကြောင်း ငပုတော မြို့နယ်ရဲစခန်းက ပြောသည်။ “လှိုင်းလေရှိနေတဲ့အခါမှာ ရေစီးကလည်းကောင်းနေတဲ့အချိန် စက်လှေကို အရှိန်နဲ့ ဆိုက်ကပ်ဖို့ ပြန်ကွေ့တဲ့အချိန်မှာ အရှိန်ပါတဲ့ အတွက်ကြောင့်မို့လို့ တိမ်းမှောက်တယ်လို့ ထင်ရတယ်။ ကျနော်တို့လည်း ဆက်ပြီးတော့မှ ရှာဖွေရေး၊ ဆယ်ယူရေး ကိစ္စတွေ ဆောင်ရွက်နေပါတယ်”ဟု ငပုတောမြို့နယ်ရဲစခန်းမှ ရဲအရာရှိက ဧရာဝတီသို့ ပြောသည်။ ခရီးသည် ၁၀၀ ခန့်နှင့် ကုန်ပစ္စည်းများ တင်ဆောင်လာသော အဆိုပါရေယာဉ်သည် ပုသိမ်မြို့မှအပြန် ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီ ခန့်တွင် ငပုတော ရေယာဉ်ဂိတ်နှင့် ရေမိုင် ၁၀၀ ခန့်အကွာ ကန်ဆိပ်ရွာ ဆိပ်ကမ်းအနီး၌ တိမ်းမှောက်သွားခဲ့ကြောင်း၊ ခရီးသည်များကို မြို့ပေါ်ရှိ သက်ဆိုင်ရာ အစိုးရဝန်ထမ်းများနှင့် မြို့ခံများက စက်လှေများဖြင့် ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။ ရှာဖွေတွေ့ရှိခဲ့သော ရုပ်အလောင်းများတွင် အမျိုးသမီး ၅ ဦးနှင့် ကလေးငယ် ၁ ဦးဖြစ်ပြီး ပျောက်ဆုံးနေဆဲ ၁၅ ဦးထဲတွင်လည်း အမျိုးသမီး ၁၁ ဦးနှင့် အမျိုးသား ၄ ဦးဖြစ်ကြောင်း ရဲစခန်း မှတ်တမ်းများအရ သိရသည်။ ယခုအခါ နစ်မြုပ်သွားသော ရေယာဉ် နှင့် ကုန်ပစ္စည်းများကို ဆယ်ယူရန် ဆက်လက်စီစဉ်နေကြောင်း သိရသည်။ အဆိုပါ ရေယာဉ်နစ်မြုပ်မှုမှာ ရာသီဥတု ဒဏ်ကြောင့်မဟုတ်ဘဲ ရေယာဉ်လက်မှတ်များရောင်းချရာနှင့် ကုန်ပစ္စည်းတင်ဆောင်မှု အလေးချိန်ကို အချိန်အဆမရှိ တင်ခွင့်ပေးထားသဖြင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ငပုတောမြို့ခံများက စွပ်စွဲပြောဆိုနေကြသည်။ ငပုတော မြို့ခံတဦးကလည်း“နစ်တဲ့လူတွေက ပြန်ပြောပြတယ်။ ကုန်ပစ္စည်းတွေကလည်း တော်တော်များတယ်။ လူတွေကလည်း ကြပ်သိပ်နေတယ်။ ကန်ဆိပ်ရွာ ဆိပ်ကမ်းကို ကပ်ဖို့ အရှိန်နဲ့ ကွေ့လိုက်တာမှာ မထိန်းနိုင်ပဲမှောက်ပြီး နစ်သွားတာ”ဟု ငပုတောမြို့နယ်ရဲစခန်းမှ ရဲအရာရှိ က ပြောသည်။ ရေယာဉ်နစ်မြုပ်မှုတွင် ပါသွားသူများမှာ ဒေသခံအများစုဖြစ်ပြီး ဒေသထွက်ကုန်ပစ္စည်းများ ပုသိမ်မြို့ပေါ် သွားရောက် ရောင်းချပြီး ပြန် လာသူများ ဖြစ်သကဲ့သို့ အနယ်နယ်အရပ်ရပ်သို့ သွားရောက်ပြီး ပြန်လာသူများလည်းပါဝင်ကြောင်း ငပုတော မြို့ခံများက ပြော ပြ သည်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ကလည်း ပုသိမ်မြို့မှ သက်ကယ်တောင်သို့ ကူးသန်းသည့် “နေမျိုးထွန်း” အမည်ရ ခရီးသည်တင် သင်္ဘော နှင့် “ဓန” အမည်ရ ဒီဇယ်တင်သင်္ဘောတို့မှာ ငဝန်မြစ်အတွင်း ရှမ်းဂူကျေးရွာအနီး တိုက်မိ၍ သင်္ဘောပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၄၀ ကျော် သေဆုံးခဲ့ပြီး ၅၀ ကျော် ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ဖူးသည်။