နိုင်ငံတဝန်းရှိ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံ နေရဆဲဖြစ်သော နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန် ဆရာတော် ဝီရသူဦးဆောင်သည့် မန္တလေး သံဃာတော်များက တောင်းဆိုလိုက်သည်။
မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီး ရင်ပြင်တွင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝီရသူနှင့် သံဃာတော်များ၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များနှင့် ဒေသခံ ၅၀၀ ကျော်တို့က ယနေ့တွင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဝတ်ပြုဆုတောင်းမှု ပြုလုပ်၍ တောင်းဆိုခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲဟာ ပြည်သူအတွက် အရေးကြီးသလို နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဟာလည်း အရေးကြီးတယ်။ အပြစ်မဲ့သူတွေကို ချုပ်မထားစေချင်ဘူး၊ အမြန်ဆုံးပြန်လွှတ်ပေးပါလို့ တောင်းဆိုလိုပါတယ်”ဟု ဦးဝီရသူက မိန့်ကြားသည်။
နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ၊ ဒေသခံများက နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုစာများကိုလည်း ဗီနိုင်းလ် ကားချပ်များပေါ်တွင် ရေးသားထားကြောင်း သိရသည်။
ဝတ်ပြုဆုတောင်းပွဲကို ဘုရားကြီး သြဝါဒါ ဆရာတော်များနှင့် တိုင်း သံဃမဟာနာယက ဆရာတော်များက ခွင့်ပြုခြင်းမရှိသည့်ကြား မှ ပြုလုပ်ခဲ့သည့်အတွက် ဖြစ်လာမည့် အကျိုးဆက်များအတွက်လည်း ပြင်ဆင်ထားကြောင်း ဦးဝီရသူက မိန့်သည်။
“ဆူပူမှာကြောက်တယ်ဆိုပြီး ခွင့်မပြုတာ။ အခု အေးအေးဆေးဆေး ပြီးသွားတယ်။ အရေးယူဖို့ များပါတယ်။ ဦးဂမ္ဘီရ လို ခေါ်ပြီး သတိပေးမလား၊ တရားဟောခွင့်ပိတ်မလား၊ ပြန်ဖမ်းမလား တခုခုပေါ့။ အမြဲတော့ အသင့်ပြင်ထားပါတယ်”ဟု ၎င်းက မိန့်ဆိုသည်။
ဦးဝီရသူသည် ယခုနှစ်ဆန်းပိုင်းက မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူဖြစ်ပြီး ထောင်တွင်းကျန်နေရစ်သော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြုမှုများ၊ ဝတ်ပြုဆုတောင်းမှုများ စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ အတွင်းက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်၌ အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသေးသော အကျဉ်းကျ သံဃာတော်များနှင့် နိုင်ငံရေးအကျဉ်း သား များစာရင်းကို ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့၍ ၎င်းတို့ကို လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း လွတ်မြောက်လာခြင်းမရှိသေးကြောင်း ရေးသားထားသည်။
ဦးဝီရသူက“ထောင်ဆိုတာ သူတော်ကောင်းတွေ တနေ့တရက် တမနက် တစက္ကန့်မှ နေအပ်တဲ့နေရာမဟုတ်ဘူး။ ဒါပေမယ့် ရာနဲ့ချီတဲ့ သူတော်ကောင်းတွေ ထောင်ထဲမှာ နှစ်ပေါင်းများစွာ ဒုက္ခခံနေရတယ်။ သူတို့ကို လွှတ်ပေးတဲ့အထိ ငြိမ်းငြိမ်း ချမ်းချမ်း ဆန္ဒပြုတာ တွေတော့ ဆက်လုပ်နေမှာပဲ။ မလွှတ်ပေးနိုင်ရင် ဝီရသူကို ပြန်ဖမ်းပါ၊ သူတို့နဲ့အတူ နေပါရစေ။ ပြန်ဖမ်းရင်လိုက်မယ်”ဟု မိန့်သည်။
ဆရာတော် ဦးဝီရသူသည် ၂၀၀၃ ခုနှစ် ကျောက်ဆည်၌ဖြစ်ပွားသော အဓိကရုဏ်းအပြီးတွင် ထိန်းသိမ်းခံခဲ့ရပြီး မန္တလေး အိုးဘို ထောင်၌ ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံခဲ့ရသည်။ ထို့နောက် ထောင်တွင်းသတင်းများ ပေါက်ကြားစေသည်ဟုဆိုကာ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ တွင် ကချင်ပြည်နယ် မြစ်ကြီးနားထောင်ကို ပြောင်းရွှေ့ခံခဲ့ရသည်။
ဇန်နဝါရီ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နှင့် ဆရာတော်ဝီရသူ အပါအဝင် သံဃာတော်တချို့နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ လွတ်မြောက်လာသော်လည်း အကျဉ်းသား ၈၀၀ ကျော် ဆက်လက် ကျန်ရှိနေသေးကြောင်း၊ ထိုအကျဉ်းသားများ ထဲမှ စိစစ်အတည်ပြုပြီးသူ ၄၁၃ ဦးရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)၏ စာရင်းတရပ်က ဖော်ပြသည်။
ရန်ကုန်မှ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၏ အဆိုအရ AAPP ၏ စာရင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စာရင်းများမှ စုစည်းစိစစ် အတည်ပြုပြီးသည့် ကြွင်းကျန် နိုင်ငံရေးအကျဉ်းသား ၆၁၉ ဦး ရှိသည်ဟု သိရသည်။