မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ ထွက်ရှိနေ သော်လည်း ပြည်သူအများစု အကျိုးခံစားခွင့် မရရှိသော ကျိန်စာသင့်နေမှုကို အမြန်ဆုံး အဆုံးသတ်ရန်ရခိုင့်ရေနံ စောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch – AOW) က တိုက်တွန်းပြောဆိုလိုက်သည်။

စစ်အစိုးရလက်ထက်မှ အရပ်သား အစိုးရအဖြစ်သို့ ပြောင်းလဲခဲ့ သော်လည်း ပြည်တွင်းထွက် ရေနံနှင့် သဘာဝဓာတ်ငွေ့များမှ ရောင်းချ၍ရသော ဘဏ္ဍာငွေစာရင်းကို အများပြည်သူ သိသာထင်ရှားစေရန် ထုတ်ပြန်ပေးခြင်း မရှိသကဲ့သို့ ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင်လည်း ဆောင်ရွက်ခြင်းမရှိဟု AOW က ယနေ့ထုတ်ပြန်သော “မြန်မာ့သယံဇာတ ကျိန်စာ” အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်ကတည်းက ဒီရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကနေ ရရှိတဲ့ ဘဏ္ဍာငွေတွေကို ဘယ်မှာထားတယ်၊ ဘယ်လိုသုံးစွဲတယ်ဆိုတာ မရှိဘူး။ ဦးသိန်းစိန် အစိုးရသစ် တက်လာတဲ့အချိန်မှာလည်း အခြေအနေက အဲဒီအတိုင်းပဲ၊ ပြောင်းလဲမှု မရှိဘူး။ ဒါကြောင့် ပြည်သူတွေ ဒီကျိန်စာသင့်ခံနေမှုက အဆုံးသတ်ဖို့ လိုနေပါပြီ” ဟု AOW အဖွဲ့ ဒါရိုက်တာ ကိုကျော်ခိုင်က ပြောသည်။
AOW ၏ လေ့လာပြုစုထားချက်များအရ မြန်မာအစိုးရသည် ၁၉၉၈ ခုနှစ်မှစ၍ ၂၀၁၂ ခုနှစ်ထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ အပါအဝင် သဘာဝသတ္တုနှင့် ကျောက်မျက်ရတနာများ ရောင်းချမှုမှရရှိသော ဘဏ္ဍာငွေများကို ရှင်းလင်းထုတ်ပြန် ပေးခြင်းမရှိဟု သိရသည်။
သယံဇာတ တူးဖော်ရေး စီမံကိန်းလုပ်ငန်းများမှ အစိုးရ ငွေစာရင်းများထဲသို့ စီးဆင်းသွားသော ဘဏ္ဍာရေးငွေကြေးများကို ပိုမိုကောင်းမွန်သော ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုများဖြင့် လုပ်ဆောင်ကြရန်၊ လူထုဖွံ့ဖြိုးရေး အကျိုးပြုလုပ်ငန်းများတွင် အသုံးပြုရန် AOW အစီရင်ခံစာက မြန်မာအစိုးရကို တိုက်တွန်းထားသည်။
“နောင်နှစ်ကနေစပြီးတော့ ဝင်ငွေတွေ ပိုပြီးတော့ရလာမယ်။ နိုင်ငံခြားက ရင်းနှီးမြုပ်နှံမယ့် ကုမ္ပဏီတွေ ပိုပြီးတော့ တိုးလာမယ်။ အဲဒါတွေ ဝင်မလာခင်မှာ မြန်မာအစိုးရအနေနဲ့ လုပ်သင့်တဲ့ဟာတွေကို ကျနော်တို့က အကြံပြု တိုက်တွန်းတာဖြစ်တယ်” ဟု ကိုကျော်ခိုင်က ပြောသည်။
စီမံကိန်းများပြုလုပ်ရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် လူ့အခွင့်ရေးဆိုင်ရာ တရားဥပဒေများကို လေးစားလိုက်နာပြီး နိုင်ငံတကာမှ ကျင့်သုံးနေသော လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများ ခန့်မှန်းတွက်ချက်ခြင်းကို ကမ္ဘာလုံးဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း မြန်မာ့ သဘာဝပတ်ဝန်းကျင်အလုပ်အဖွဲ့မှ စွမ်းအင်၊ ဓာတ်သတ္ထု တူးဖော်ရေးနှင့် မြေယာကဏ္ဍတွင် ရင်းနှီးမြုပ်နံှမှု စံသတ်မှတ်ချက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ပေါလ်စိန်ထွားက ပြောသည်။
သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင်လည်း နိုင်ငံ့ဘဏ္ဍာငွေ အရသုံးဆိုင်ရာ ကိစ္စရပ်များကို တိုးတက်ကောင်းမွန်လာရန် လုပ်ဆောင်မှုများ ရှိနေသော်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရရှိသော ငွေကြေးကို ထုတ်ဖော်ရှင်းလင်းမှု မရှိသကဲ့သို့ ဒေါ်လာသန်းချီတန်သော စာချုပ်ပေါင်း ၄၀ ကျော်ကို ထိန်ချန်ခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ထုတ်ထားသည်။
မြန်မာအစိုးရသည် ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ၂၀၀၆ ခုနှစ်မှ စတင်ကာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ကျော် နှစ်စဉ်ရရှိနေသော်လည်း ငွေလဲလှယ်နှုန်း တဒေါ်လာလျှင် မြန်မာငွေ ၆ ကျပ်နှုန်းဖြင့် တွက်ချက်ဖော်ပြထားကြောင်း၊ ပြင်ပပေါက်ဈေးမှာ ၁ ဒေါ်လာလျှင် ကျပ် ၈၀၀ မှ ၁၀၀၀ ကျပ်နှုန်းအကြား ရှိသည့်အတွက် စာရင်းမဝင်သော ငွေမှာ ဘီလျံနှင့်ချီ၍ ပျောက်ဆုံးနေကြောင်း သိရှိရသည်။
အသစ်ရှာဖွေတွေ့ရှိထားသော ဓာတ်ငွေ့များကိုလည်း တရုတ်နှင့် ထိုင်းနိုင်ငံများသို့ ၂၀၁၃ ခုနှစ်ကာလများမှ စတင်ကာ တင်ပို့ရောင်းချသွားမည်ဖြစ်ရာ ယခုရရှိနေသည့် ဝင်ငွေပမာဏထက် ၆၀ ရာခိုင်နှုန်း မြင့်တက်သွားဦးမည်ဖြစ်သည်။
စွမ်းအင်ဝန်ကြီးဌာနကလည်း ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထပ်မံတူးဖော်ရှာဖွေရန် ပြည်တွင်း ပြည်ပကုမ္ပဏီများကို ကမ်းလွန်လုပ်ကွက် ၂၅ ကွက်အတွက် ရင်းနှီးမြုပ်နှံရေး လတ်တလော ဖိတ်ခေါ်ထားကြောင်း၊ ကုန်းတွင်းလုပ်ကွက် ၁၈ ကွက်အတွက်လည်း တရုတ်နှင့်ထိုင်းတို့ ပါဝင်သော ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၈ ခုကိုလည်း စိစစ် ရွေးချယ်ထားပြီးဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ဧရာဝတီက စုံစမ်းသိရှိရသည်။
မြေပေါ်မြေအောက် သယံဇာတများမှ ဝင်ငွေများ ရရှိနေသော်လည်း မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးလိုငွေပြမှု ၅ နှစ်ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်လိုငွေ ကျပ် ဘီလီယံပေါင်း ၂၃ဝဝ ကျော်ရှိခဲ့သဖြင့် ဝန်ကြီးဌာန ၉ ခုကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်များအား ပြည်ထောင်စု လွှတ်တော်က ဖြတ်တောက်ခဲ့သည်။
အစိုးရသည် လူထုအကျိုးပြု လုပ်ငန်းများဖြစ်သော ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများတွင် ဘဏ္ဍာငွေအသုံးပြုမှု နည်းပါးပြီး ဒေသတွင်း အကြီးဆုံး စစ်တပ်အင်အားအဖြစ် ခန့်မှန်းခြေ ၄၉၂၀၀၀ ကျော် တိုးချဲ့ကာ စစ်အသုံးစရိတ်ကို အများဆုံး အသုံးပြုခဲ့ကြောင်း၊ ထိုအတွက် စစ်လက်နက်များကိုလည်း တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ မြောက်ကိုရီးယား၊ ယူကရိန်းနှင့် အစ္စရေးတို့ထံမှ ဒေါ်လာ ဘီလီယံပေါင်းများစွာကို အသုံးပြုကာ ဝယ်ယူအသုံးပြုခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။
AOW သည် သီးခြားလွတ်လပ်သည့် အဖွဲ့ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတဝန်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် လူ့အခွင့်အရေးချိုးဖောက်မှု၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ငွေကြေးဆိုင်ရာ ပွင့်လင်းမြင်သာမှုတို့ကို စောင့်ကြည့်လေ့လာခဲ့ကြောင်း သိရသည်။
AOW အဖွဲ့သည် အရှေ့တောင်အာရှ ရေနံစောင့်ကြည့်ရေးအဖွဲ့ (Oil Watch Southeast Asia) နှင့်လည်း အဖွဲ့ဝင်အဖြစ် ပူးပေါင်းလုပ်ဆောင်နေသည်။