အခုတလော ဖေ့စ်ဘုတ်စာမျက်နှာထက်မှာ ထူးခြားတဲ့ ပုံလေးတပုံကို တွေ့နေရပါတယ်။ အဲ့ဒါကတော့ ကြံ့ဖွံ့ ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်သိန်းလင်းရဲ့ ဓာတ်ပုံပါ။
ပုံထဲမှာ ဦးအောင်သိန်းလင်းရဲ့ နောက်က လိုက်ပါလာသူ တယောက်ဟာ ပြောင်းဖူး တဖူး လေထဲ ကိုင်မြောက်ပြီး ချီတက်လာသလိုပါပဲ။ သူ့ပြောင်းဖူးမှာလည်း “မ” လို့ ရေးထားပါတယ်။ ဒီဓာတ်ပုံကို ရုတ်တရက် မြင်လိုက်ရတော့ ကြံဖွံ့ပါတီက ပြောင်းဖူးပြုတ် ရောင်းနေပြီလား၊ ပါတီရဲ့ မဲဆွယ်စည်ရုံးရေး ဗေဒင်ယတြာ အစီအမံသစ်များလား ဆိုတဲ့ သို့လော သို့လော မေးခွန်းတွေ ပေါ်ပေါက်လာတော့တာပေါ့လေ။
မစပ်စုတို့ တိုင်းပြည်ကြီးကလည်း ယခင်စစ်အစိုးရမင်းများက ယတြာ အစီအမံ အခါတော်ပေးများနဲ့ အုပ်ချုပ် မင်းလုပ်ခဲ့ကြတယ်လို့ အများက သိထားကြတာပါ။ ဦးအောင်သိန်းလင်း ဆိုတာကလည်း ဒီစစ်အစိုးရရဲ့ မျိုးဆက် ဆိုတော့လည်း ဒီအတိုင်းပဲ လာလေမလားလို့ ထင်ကြပုံပေါ်ပါတယ်။
ရန်ကုန်မြို့ ယာယီ တာမွေဈေး ပြောင်းရွှေ့ရတော့မယ် ဆိုတဲ့ အခြေအနေမှာ ဈေးသူဈေးသားတွေက ပြောင်းဖူးတွေကို “မ” ဆိုတဲ့ စာလုံး ရေးသားပြီး ဈေးထဲမှာ ချိတ်ဆွဲ ဆန္ဒဖော်ထုတ်ထားကြတာပါ။
လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ဒါမျိုး လုပ်ခဲ့ရင်တော့ ပြောင်းဖူးချိတ်တာ ဘယ်သူတွေပါဆိုပြီး ကြံ့ဖံွ့အသင်းဝင်များက မှတ်တမ်း တင်ပါလိမ့်မယ်။ အခုတော့ ပြောင်းဖူးပွဲကို ကြံ့ဖံွ့ရဲ့ မဲဆွယ်စည်းရုံးပွဲဖြစ်အောင် လုပ်လိုက်ပါတယ်။ ပွဲလုပ်ပြီ ဆိုတော့လည်း ပွဲနဲ့ တူအောင် ပြောင်းဖူးကိုင် ချီတက်ရပြီပေါ့လေ။
ဈေးသူဈေးသားတွေအလိုကျ ဒီနေရာကနေ မပြောင်းရလေအောင် ကြံ့ဖွံ့ ပါတီက တာဝန်ယူဖြေရှင်းပေးမယ်လို့ အာမခံနေပုံပါပဲ။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက လမ်းတခြမ်းခင်းသူအဖြစ် ဝေဖန်ခံရပြီး အခု ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပြောင်းဖူးက သူ့အမှတ်တံဆိပ် ဖြစ်သွားပါတယ်။
ဒီလိုနဲ့ ကြံ့ခိုင်ရေးပါတီ အမတ်လောင်းတွေရဲ့ မဲဆွယ် ခရီးစဉ်တွေကတော့ ဟိုးလေးတကျော် ကျော်ဖြစ်နေပါတော့တယ်။
ဟိုတလောက ကြံ့ခိုင်ရေး ပါတီ အတွင်းရေးမှူးကြီး ဦးအောင်သောင်း ကျောက်ပန်းတောင်းမြို့ လက်ပန်ပျားရွာမှာ စည်းရုံးရေးဆင်းတော့ “ခင်ဗျားတို့ NLD ကို မဲပေးရင် ကျွန်တော်တို့ အဖွဲ့ကို မကြိုက်လို့ပေါ့။ ဒါဆို မဲစာရွက်ပေါ်မှာ NLD ကို အမှန်ခြစ်ပြီး ကျွန်တော်တို့ ပြည်ခိုင်ဖြိုးကို ကြက်ခြေခတ်ခဲ့ပါ” ဆိုပြီး ပြောခဲ့တယ်လို့ ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။ ဒါဟာ NLD မဲကို ပယ်မဲဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်လေခြင်းဆိုပြီး ဝေဖန်ခံလိုက်ရပါတော့တယ်။
ဒါ့ထက် မကြာသေးခင်ကပဲ ဦးအောင်သောင်းရဲ့ မန္တလေးတိုင်း စည်းရုံးရေးခရီးစဉ်တခုမှာလည်း နွားထိုးကြီး၊ တောင်သာ အနီးတဝိုက် သွားရောက်ရာမှာ စည်းရုံးရေးယာဉ်တန်း ကားတစီးက ဦးကံစိန်ဆိုသူကို တိုက်မိလို့ ပွဲချင်းပြီးသေဆုံးသွားတယ် တဲ့။ ဒီအမှုကို ကြံ့ဖွံ့ပါတီက ဘယ်လိုဖြေရှင်းပေးလိုက်သလဲ မကြားရတော့ပါဘူး။
ဟိုတုန်းကတော့ NLD အဖွဲ့ဝင်မောင်းတဲ့ကား မတော်တဆမှုဖြစ်ရင် အာဏာပိုင်တို့က ဒဏ်ရာ နည်းနည်း ရသွားသူကို ဆေးရုံဆင်းခွင့်မပြု၊ အမှုကြီးအောင်လုပ်ပြီး ဒရိုင်ဘာကို ထောင်ထဲပို့တော့တာပါပဲ။ ဒီအမှုမှာတော့ ဒရိုင်ဘာက ကြံ့ဖွံ့ ဆိုတော့လည်း လက်ဖျားနဲ့ မထိရဲဘူး ထင်ပါရဲ့။ ကဲ … ကြံ့ဖွံ့ပါတီရဲ့ စည်းရုံးရေးခရီးစဉ်များကတော့ ဒီလို သတင်းထူးတွေနဲ့အတူ ထင်ရှားကျော်ကြားနေတာပါ။
နောက်ထပ် ထူးခြားတဲ့ မဲဆွယ်စည်းရုံးနည်းများ ထပ်မံပေါ်ပေါက်လာဦးမလားလို့ စိတ်ဝင်စားသူများနဲ့အတူ မစပ်စုလည်း စောင့်စားရင်း ကြံ့ဖွံ့ပါတီကြီးလည်း ပြည်သူ့ အကျိုး သယ်ပိုးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်..။
ရုပ်ရှင်၊ ဂီတသမားများ မဲဆွယ်ပြီ
စိတ်ဓာတ်ခွန်အား ဖြစ်ထွန်းစေမယ့် တေးသီချင်းများ ပါဝင်တဲ့ NLD ပါတီရဲ့ “လွတ်လပ်မြင့်မား တေးသံများ” တေးစီးရီးဟာ စတင် ဖြန့်ချိပြီး ငါးရက်အတွင်း ပြိုက်ခနဲ ကုန်လုနီးပါး ရောင်းလိုက်ရပါတယ် တဲ့။
“စစချင်း တသောင်း ထုတ်တာ အခု ကုန်တော့မယ်။ နောက်ထပ် ငါးထောင် ထပ်ထုတ်ဖို့ လုပ်နေပါတယ်။ တော်တော် ရောင်းရတယ်လို့ ပြောလို့ရပါတယ်။ တချို့ဆို တပတ်အတွင်းမပြောနဲ့ တလအတွင်းတောင် ဒီလောက် ရောင်းရချင်မှ ရောင်းရတာပါ” လို့ Metal Zone Studio မှ ဦးဇော်ဝင်းက ဧရာဝတီကို ပြောပါတယ်။
၁၆ ရက်နေ့မှာ စ ဖြန့်တဲ့ ဒီတေးစီးရီးမှာ တေးသီချင်း ၁၆ ပုဒ် ပါဝင်ပြီး ထင်ရှားတဲ့ တေးသံရှင် အများအပြား ပါဝင်သီဆိုထားကြတာပါ။
ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆွယ်နေတဲ့ NLD အတွက် ဂီတသမားများ ဝိုင်းဝန်း လုပ်ဆောင်ပေးထားကြတဲ့ ဒီတေးသီချင်းခွေတွေကို ရွှေဂုံတိုင် NLD ရုံးချုပ်၊ ရန်ကုန်မြို့ တေးထုတ်လုပ်ရေး ဆိုင်တွေမှာလည်း ဝယ်ယူနိုင်ပါတယ်။
“City Mart မှာ ဝယ်မလို့သွားမေးတော့ ပစ္စည်းပြတ်နေတယ်လို့ ပြောတယ်။ ဒါတောင် ရပ်ကွက်အလိုက် NLD အဖွဲ့ရုံးတွေမှာ မဖြန့်လို့။ အဲ့ဒီနေရာတွေမှာပါ ဝယ်လို့ ရမယ် ဆိုရင် ဒီထက် ပိုရောင်းရမယ် ထင်တယ်” လို့ ရန်ကုန်မြို့ခံတဦးက ဆိုပါတယ်။
စီးရီး ဖြစ်မြောက်ရေးကို NLD အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆိုတော် အနုပညာရှင်တွေ ၂၀၁၁ နိုဝင်ဘာ ၂၅ ရက်နေ့မှာ တွေ့ဆုံပြီးတဲ့နောက် စတင်လုပ်ဆောင်ခဲ့တာပါ။
“ဒီအခွေလေးကိုတော့ ခိုးကူး အားမပေးဘဲ အစစ်အမှန်လေး အားပေးစေချင်ပါတယ်။ ဈေးနှုန်းလည်း ဘယ်လောက်မှ မရှိပါဘူး။ စာအုပ်ပါ အပြီး တခွေကို တထောင်နှုန်းနဲ့ ရောင်းနေတာပါ။ ဒီအခွေလေးကို ခိုးကူး မလုပ်ဖို့ ခိုးကူး(လုပ်ကိုင်ကြသူ)တွေကိုလည်း မေတ္တာရပ်ခံပါတယ်” လို့ ဦးဇော်ဝင်းက ပြောပါတယ်။
လာမယ့် ၂၆ ရက်နေ့မှာလည်း Metal Zone, Plus 3 စတဲ့ တေးဂီတဝိုင်းတွေနဲ့အတူ နာမည်ကျော် အဆိုတော်တွေဟာ NLD ပါတီ စည်းရုံးရေး ခရီးစဉ်တွေအဖြစ် မေမြို့၊ စစ်ကိုင်း၊ ပုလဲ စတဲ့ မြို့တွေမှာ လိုက်ပါ ဖျော်ဖြေကြမယ်လို့ ဆိုပါတယ်။
NLD အတွက် စည်းရုံးပေးမယ့်သူတွေထဲမှာ မာရဇ္ဇ၊ ဆောင်းဦးလှိုင်၊ လင်းလင်း၊ ဖြိုးကြီး၊ ဂျီလတ်၊ အောင်အောင်၊ စိုးထက်၊ ထွန်းအိန္ဒြာဗို၊ သျှီ၊ ကဗျာဘွဲ့မှူး၊ ချစ်သုဝေ၊ ရှင်ဖုန်း၊ ခင်ဘုဏ်း၊ သံသာဝင်း စတဲ့ နာမည်ကျော်တွေ ပါပါတယ်။
လူမင်း၊ ဝေဠုကျော်၊ ရဲတိုက်၊ ဒါရိုက်တာ ဝိုင်း စတဲ့ ရုပ်ရှင်ဗီဒီယိုလောကမှာ ထင်ရှားသူများလည်း NLD အတွက် စည်းရုံးရေးထွက်တဲ့ ဒီခရီးစဉ်မှာ လိုက်ပါ အားဖြည့်ကြမယ်လို့ ဆိုပါတယ်။
ရုပ်ရှင်၊ ဂီတသမားတွေ NLD အတွက် အခမဲ့ စည်းရုံး လုပ်ကိုင်ပေးနေကြပေမယ့် ကြံ့ခိုင်ရေးပါတီကြီးရဲ့ မဲဆွယ်ပွဲတွေအတွက် ဘာကြောင့် မကူညီကြပါလိမ့်လို့ မစပ်စု တွေးနေမိပါတယ်။