သမ္မတ ဦးသိန်းစိန်သည် ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူများကို မဲဝယ်သော ပုံစံဖြင့် ငွေနှင့် လိုအပ်ချက်များ ထောက်ပံ့ပေးပြီး မဲဆွယ်စည်းရုံးမှု လုပ်ဆောင်ကြောင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က သတင်းထုတ်ပြန် လိုက်သည်။
ယမန်နေ့က NLD ၏ ထုတ်ပြန်ကြေညာချက်၌ သမ္မတဦးသိန်းစိန်က ဇမ္ဗူသီရိမြို့နယ် အောင်ချမ်းသာကျေးရွာမှ လယ်သမားများအား ကြိုတင်ထုတ်ပေးငွေများ ထုတ်ပေးရာတွင် “ခင်ဗျားတို့ တောင်းတာတွေ အကုန်လုပ်ပေးထားပြီးပြီ၊ ပြန်တောင်းဖို့ပဲရှိတော့တယ်” ဟု ပြောဆိုခဲ့ရာ လယ်သမားများက “ဟုတ်ကဲ့ သိပါတယ်” ဟု ပြန်လည် ပြောကြားခဲ့ကြောင်း 7 Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၃ ကို ကိုးကားဖော်ပြထားပြီး ယင်းသို့ ပြောကြားချက်မှာ မဲဆွယ် စည်းရုံးရေးဟု အများက ယူဆကြောင်း NLD က ထောက်ပြထားသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း (၃) တွင် ပါတီတခုသည် နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ ရယူသုံးစွဲလျှင် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိကြောင်း ဖော်ပြထားသည်။
ဇမ္ဗူသီရိမြို့နယ်သည် ၂၀၁၀ ရွေးကောက်ပွဲ၌ ထိုစဉ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းစိန် ဝင်ရောက်အရွေးခံပြီး အောင်နိုင်ခဲ့သော မြို့နယ် ဖြစ်သည်။
အစိုးရက ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သူများကို အကန့်အသတ်ဖြင့် ဖိတ်ခေါ်လိုက်ပြီ ဖြစ်သော်လည်း ယခုအချိန်အထိ မဲစာရင်းမမှန်ကန်မှု၊ လွဲချော်မှုနှင့် မလျော်ကန်သော မဲဆွယ်စည်းရုံးမှုများ ရှိနေခြင်းကြောင့် တရားမျှတသော ရွေးကောက်ပွဲဖြစ်မည်ဟု မပြောနိုင်သေးကြောင်း NLD ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်းက ပြောသည်။
“နိုင်ငံတကာ လေ့လာစောင့်ကြည့်တဲ့သူတွေကို ဖိတ်ခေါ်တာနဲ့ပတ်သက်လို့ ကြိုဆိုတယ်။ ဒါပေမယ့် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ လောလောဆယ် မပြောနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ မဲရုံတွေ၊ ကော်မရှင်အချို့ရဲ့ လုပ်ပုံကိုင်ပုံတွေက မမျှတဘူး” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်အရွေးချယ်ခံ ယှဉ်ပြိုင်မည့် ကော့မှူးမဲဆန္ဒနယ်တွင် မဲစာရင်းများ စစ်ဆေးလျက် ရှိနေသော်လည်း ရွေးကောက်ပွဲနီးကပ်လာချိန်အထိ ၁၀၀ ရာခိုင်နှုန်း မစစ်ဆေးနိုင်သေးကြောင်း၊ အများဆုံး ၈၀ ရာခိုင်နှုန်းသာ စစ်ဆေးနိုင်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။
အထူးသဖြင့် တောင်တွင်းကြီး မဲဆန္ဒနယ်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းမျှသာလိုတော့သော်လည်း ယခုအချိန်အထိ ကျေးရွာအများစုတွင် မဲပေးနိုင်သူစာရင်းများ ထုတ်ပြန်ခြင်းမရှိသေးကြောင်း၊ ထိုသို့ ဖြစ်နေရခြင်းမှာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်များ၏ မရိုးသားသော လုပ်ရပ်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။
“အဆိုးဆုံးက တောင်တွင်းကြီးပဲ။ ဘာဖြစ်လို့လဲဆိုတော့ မဲစာရင်းမရဘူး။ မဲစာရင်း မစစ်ဆေးနိုင်တဲ့ နေရာတွေ အတော်များတယ်။ အချို့ရွာတွေက ကားလမ်းမပေါက်ဘူး။ နောက်ပြီး လုပ်တဲ့ကိုင်တဲ့သူတွေရဲ့ လုပ်ကိုင်မှုပေါ်မှာလည်း မူတည်တယ်။ အောက်ခြေယန္တရားက မလည်ဘဲ ကျပ်နေတာကြောင့်လို့ ထင်တယ်” ဟု ၎င်းက ပြောသည်။
လတ်တလော မဲစာရင်းမမှန်ကန်မှု၊ မဲသမာမှုများနှင့် ပတ်သက်ပြီး NLD က မတ်လ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တွင် ကြေညာချက်များ အသီးသီးထုတ်ပြန်ထားသည်။
မတ်လ ၂၁ ရက်နေ့က ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဧရာဝတီတိုင်း မြောင်းမြမြို့နယ် မဲဆန္ဒနယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး တနေရာတည်းတွင်သာ မဲစာရင်းကြေညာ၍ ဝေးကွာသော ကျေးရွာများမှ မဲဆန္ဒရှင်များ အချိန်မီ သိရှိနိုင်ရန်ခက်ခဲခြင်း၊ မဲဆန္ဒနယ်မြေအတွင်း အမှန်တကယ်နေထိုင်ပြီး မဲဆန္ဒနယ်ပေးနိုင်သော အရည်အချင်းရှိသူ ဖြစ်သော်လည်း မဲစာရင်းတွင် မပါဝင်ခြင်း၊ ကွယ်လွန်ပြီးသူများ မဲစာရင်းတွင် ပါဝင်နေခြင်းတို့ကို ဖော်ပြထားသည်။
ထို့အပြင် ရေကြည်မြို့နယ်၌ ကြံ့ခိုင်ရေးပါတီက မဲဆွယ်စည်းရုံးရာတွင် ကွင်းလျှားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက ကျေးရွာပြည်သူများကို ဆင့်ခေါ်စာထုတ် ခေါ်ယူခဲ့ခြင်း၊ ယင်းဆင့်ခေါ်စာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံရန်ဟု မမှန်မကန် ဖော်ပြဆင့်ခါ်ခဲ့ခြင်း၊ ပုသိမ်မြို့နယ်၊ မကွေးတိုင်း တောင်းတွင်းကြီးမြို့နယ်၊ မကွေးမြို့နယ်၊ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်အပါအဝင် မြို့နယ်များတွင် မလျော်ကန်သော မဲဆွယ်စည်းရုံးမှု၊ မဲစာရင်းမသမာမှုများရှိနေခြင်းတို့ ပါဝင်သည်။
မကွေးမြို့နယ် မဲဆန္ဒတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်ဟောပြောပွဲအတွက် ခွင့်ပြုမိန့်တောင်းခံရာ တာဝန်ရှိသူက “မင်းတို့ကြိုက်တဲ့ သချုႋင်းမှာ သွားလုပ်” ဟု ရိုင်းစိုင်းစွာ တုံ့ပြန်ကြောင်း၊ ဧရာဝတီမြစ်ကမ်းဘေး သဲသောင်ပြင်ပေါ်တွင် ဟောပြောခွင့်တောင်းရန် စီစဉ်ရာတွင်လည်း တာဝန်ရှိသူများက ဟောပြောပွဲ မကျင်းပနိုင်ရန် သောင်ပြင်ကို တူးဆွခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယမန်နေ့က ထုတ်ပြန်ချက်တွင် ဇမ္ဗူသီရီမြို့နယ် အောင်ချမ်းသာ ရပ်ကွက်၌ ငွေကျပ် နှစ်သိန်းခွဲ သွင်းသူတိုင်း လျှပ်စစ်မီးရသော်လည်း NLD ဆိုင်းဘုတ် ထင်ထားသော ဦးကြည်၏ နေအိမ်တခုတည်းသာ လျှပ်စစ်မီး မရကြောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမျိုးညွန့်၏ ညွှန်ကြားချက်ကြောင့် မပေးခြင်း ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။