မြန်မာ အာဏာပိုင်များက ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေးအတွက် ကာရံထားသည့် နယ်စပ် ခြံစည်းရိုး ဘတ်ဝါယာ (သံဆူးကြိုး) များမှာ မသမာသူများ၏ ဖြတ်တောက် ခိုးယူခံရပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ မှောင်ခိုဈေးကွက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။
“ကောက်စ် ဘဇားမြို့အတွင်းမှာ သံဖြူ၊ ဘိလပ်မြေ တချို့အရောင်းဆိုင်တွေမှာ ရခိုင်ပြည် ခြံစည်းရိုးတွေ ချရောင်းနေတာ မျက်မြင် ကို တွေ့နေရပါတယ်”ဟု ကောက်စ် ဘဇားမြို့ ဘာဇာဂါးဒါရှိ အရောင်းဆိုင်တဆိုင်မှ အကြီးအကဲဖြစ်သူ ဖော်ရိဒ် အာလောင်မ်က ပြောပြသည်။
ယင်း ခြံစည်းရိုးကာသည့် သံဆူးကြိုးများသည် မိုးရေထိခံရန် ဆီလူးထားသော သံဆူးကြိုးများ ဖြစ်၍ သံချေး လွယ်ကူစွာ မတက်ကြောင်း၊ သံဆူးကြိုး တကိုက်လျှင် ၇၈ တာကာဖြင့် ပြန်လည်ရောင်းချနေသော်လည်း ဝယ်ဈေးမှာ ၃၀ – ၃၅ တာကာ သာရှိကြောင်း လည်း ၎င်းက ပြောသည်။ လက်ရှိ တာကာ ၁၀၀ လျှင် မြန်မာငွေ ၉၃၀ ကျပ်ခန့် ငွေလဲနှုန်း ရှိသည်။
“သူခိုးတွေဆီက ဝယ်ဈေးတော့ ပုံမှန်မရှိပါဘူး၊ မျက်နှာအခြေအနေကိုကြည့်ပြီး တာကာ ၃၀-၃၅ ပေါ့ဗျာ၊ တခါတလေဆို စုဆောင်းပြီး ကားပေါ်တင် အဆက်အသွယ်ဖြင့် လာရောင်းကြတာပါ”ဟု ဖော်ရိဒ် အာလောင်မ်က ဆက်ပြောသည်။
အဆိုပါ ခြံစည်းရိုးကို၂၀၀၇ ခုနှစ်က ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်စပ်မှတ်တိုင် အမှတ်(၁)မှ စတင်၍ စနစ်တကျကာရံခြင်း ဖြစ်သော်လည်း သူခိုးများလက်တွင် အလွယ်တကူ အခိုးခံရခြင်းဖြစ်ကြောင်း တောင်ပြိုရွာမှ ကျောင်းဆရာတဦးကလည်း ပြော သည်။
“ခြံစည်းရိုးကာရံဖို့ တိုင်စိုက်တာက ခွင်ခြေထောက်ပုံစံ သုံးခွဖြစ်ပါတယ်၊ ပြီးမှ အာမခံဖြစ်အောင် အလယ်ကနေပြီး ဘားဝါယာ (သံဆူးကြိုး) ကို စနစ်တကျထားပြီး ကာရံတာဖြစ်ပါတယ်၊ ဒါပေမယ့် သူခိုးတွေရဲ့ လုံခြုံရေးကို မခံနိုင်ဘူးဆိုတာ သက်သေပြတာပါ၊ နစက (နယ်စပ်ဒေသ ကွပ်ကဲရေးဌာချုပ်)တွေက ခြံစည်းရိုးကို စောင့်တာမှ မဟုတ်တာ၊ ခြံစည်းရိုးက နစက တွေကိုစောင့်တော့ နစက တွေ အခိုးမခံရတာတောင် ကံကောင်းတယ်လို့ ပြောလို့ရပါတယ်”ဟု ၎င်းက ဆိုသည်။
နယ်စပ်လုံခြုံရေးအတွက် ကာရံနေသည့် ယင်းခြံစည်းရိုးမှာ ပြီးလုနီပါးဖြစ်နေကြောင်း၊ အိန္ဒိယနယ်စပ် တြိဂံ နယ်မြေအထိ ကာရံမည်ဖြစ်ကြောင်းနှင့် ကီလိုမီတာ ၃၀၀ ဝန်းကျင်အထိ အရှည်ရှိမည်ဖြစ်ကြောင်း နစက နှင့် နီးစပ်သူများက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီများအနေဖြင့် ရခိုင်ပြည် ရေပြင်နှင့် မြေပြင်ပိုင်နက်များတွင် အခါအားလျော်စွာ ငါး၊ သစ်၊ ဝါး၊ အုပ်ချပ် နှင့် တခြားသယံဇာတများကို မကြာခဏ ခိုးယူမှုများ ပြုလုပ်နေကြောင်း နစက သတင်းများအရ သိရသည်။
နစက များအနေဖြင့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို လာဘ်ငွေယူ၍ ရခိုင်ပြည်နယ်အတွင်း ဝင်ခွင့်ပေးခြင်းများလည်းရှိကြောင်း သတင်းများက ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံက ယခု ကာရံနေသည့် ခြံစည်းရိုးသည် တချို့နေရာများတွင် ၎င်းတို့ဘက်သို့ ပိုက်နက်ကျူးကျော်ကာရံနေခြင်းဖြစ်သည်ဟု ပြောဆိုမှုများ ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများက ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်က စတင်၍ ရေပိုင်နက် အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။ ထိုအငြင်းပွားမှုကို၂၀၀၉ ခုနှစ် တွင် အပြည်ပြည်ဆိုင်ရာတရားရုံး International Tribunal for Law of the Sea (ITLOS)မှ ဖြေရှင်းပေးရန်တင်ပြခဲ့ရာ ပြီးခဲ့သည့် မတ်လ ၁၄ ရက်က တရားရုံး ဆုံးဖြတ်ချက် ချခဲ့သည်။
ITLOS တရားရုံး ဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရေမိုင် ၂၀၀ ရရှိသွားပြီး စီးပွားရေးဇုန် အဖြစ် သတ်မှတ်ပိုင်ခွင့် လည်း ရရှိခဲ့သည်။