ကြားဖြတ် ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမှု ကွန်ရက် အဖွဲ့က ပြည်တွင်း ပြည်ပ သတင်းဌာနများကိုဖိတ်ကြား၍ ယနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။
ယင်း သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းပေါ်ရှိ ၈၈ မျိုးဆက် ကျောင်းသားများ၏ ယာယီရုံးတွင် ကျင်းပခြင်းဖြစ်သည်။
“ဒီကြားဖြတ်ရွေးကောက်ပွဲဟာ ဘယ်လောက်တရားမျှတမှု ရှိသလဲ၊ လွတ်လပ်မှု ရှိသလဲ၊ နိုင်ငံတကာ စံချိန်စံညွှန်း တွေနဲ့ ဘယ်လောက်ညီလဲ ဆိုတာကို စမ်းစစ်ဖို့အတွက် ကျနော်တို့ ပူးပေါင်း ဆောင်ရွက်တဲ့ ကွန်ရက်ကို ဖွဲ့စည်းပြီး မီဒီယာတွေကို အသိပေးတာဖြစ်ပါတယ်”ဟု အဆိုပါ ကွန်ရက်တွင် ဦးဆောင်ပါဝင်သူတဦးဖြစ်သည့် ကိုဇော်မင်းက ဧရာဝတီကိုပြောသည်။
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ရက် ကို ၈၈ မျိုးဆက် ကျောင်းသားများ၊ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး၊ မြန်မာ့ ကွန်ရက် အပါအဝင် တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များ၊ အယ်ဒီတာများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များဖြင့် ယမန်နေ့က စည်းဝေး ဆုံးဖြတ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်း သတင်းမီဒီယာများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ဆိုင်ရာ စိတ်ဝင်စားသူများ တက်ရောက်ကြပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုလှမျိုးနောင်၊ မမီးမီး အစရှိသူတို့မှ သတင်းထောက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ရက်အနေဖြင့် ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းစဉ် ၄ ရပ် ချမှတ် လုပ်ဆောင်နေကြောင်း သိရသည်။
ရွေးကောက်ပွဲ အကြို စောင့်ကြည့်မှု၊ စောင့်ကြည့်လေ့လာရေး ဗဟိုကွပ်ကဲရေးအဖွဲ့ စုဖွဲ့ပြီး ထိုအဖွဲ့မှ သတင်း အချက်အလက် ဖြန့်ဝေခြင်း၊ ရွေးကောက်ပွဲ အကြိုနေ့နှင့် ရွေးကောက်ပွဲနေ့ စောင့်ကြည့်မှု၊ ရွေးကောက်ပွဲအပြီး သုံးသပ်ချက်ထုတ်ပြန်ခြင်းများကို လုပ်ဆောင်သွားမည်ဟုလည်း ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ပါတီတခုခုကို ရည်ရွယ်၍ ဆန့်ကျင်ခြင်း၊ ပူးပေါင်းခြင်းများလုပ်ရန်မဟုတ်ကြောင်း၊ တရားမျှတမှုရှိ၊ မရှိကိုသာ အာရုံ စိုက်မည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ အခြေခံပေါ် မူတည်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲ စောင့်ကြည့်မှု အတွေ့အကြုံရှိသူများပါဝင်သည့် ပူးပေါင်းဆောင်ရွက်ကြသူများသည်လည်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ဒေသ များစွာ တွင် အဆင်သင့်ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ကိုဇော်မင်းက ပြောသည်။
မကြာသေးမီကာလက ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ရှိ ၊ မရှိ ရွေးကောက် ပွဲ ကျင်းပသည့် တရက်တည်းကိုသာ ကြည့်ပြီး နိုင်ငံတကာက ဆုံးဖြတ်မည် မဟုတ်ကြောင်း ၊ ရွေးကောက်ပွဲ ဖြစ်စဉ် တခုလုံးကို ကြည့်ပြီး ဆုံးဖြတ်သွားမည်သာဖြစ်ကြောင်း ပြောဆိုထားသည်။
နိုင်ငံသားတိုင်းသည် အခြေခံ အားဖြင့် မဲရေတွက်ခြင်းနှင့် မဲရုံစောင့်ကြည့်လေ့လာခွင့်ရှိကြောင်း နိုင်ငံတကာ ဥပဒေများ တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲဥပဒေတွင်လည်း အဆိုပါအခွင့်အရေး သဏ္ဌာန် ပြဌာန်းထားကြောင်းသိရသည်။
“ရွေးကောက်ပွဲ ဥပဒေကိုလည်း ကျနော်တို့ လေ့လာပါတယ်။ လူ ၁၀ ယောက် ဝင်လေ့လာခွင့်ရှိတယ်လို့ ကျနော်တို့ သိရပါတယ်”ဟု ကိုဇော်မင်းက ပြောသည်။
အဆိုပါ ကွန်ရက် အနေဖြင့် ရွေးကောက်ပြီးလျှင်လည်း သုံးသပ်ချက် စာတမ်းတစောင် ထွက်ရန်ရှိကြောင်းလည်း သိရသည်။
“ကျနော်တို့က တွေ့ရှိချက်တွေကို လက်ရှိ ရှိနေတဲ့ ဥပဒေနဲ့ လည်းကောင်း၊ နိုင်ငံတကာစံချိန်စံညွန်းများနဲ့ နှိုင်းယှဉ်ပြီး တော့ လည်းကောင်း မကြွင်းမကျန်ဘဲ အချက်အလက်တွေကို ဦးစားပေးပြီး မှတ်တမ်းတင်မယ်။ ပြီးရင် ဒီအပေါ်မှာ ကွန်ရက်အဖွဲ့တွေက ကောက်ချက်ဆွဲပြီး သုံးသပ်ချက်စာတမ်းကို ရွေးကောက်ပွဲအပြီး ထုတ်ပြန်သွားမှာဖြစ်ပါတယ်”ဟု ကိုဇော်မင်းက ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် မဲဆန္ဒနယ် ၄၈ နေရာအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် နိုင်ငံ ရေး ပါတီပေါင်း ၁၇ ပါတီ ဝင်ရောက်ပြိုင်မည်ဖြစ်သည်။
မြန်မာအစိုးရကလည်း ကုလ သမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ၊ အာဆီယံနိုင်ငံများ အပါအဝင် သတင်း မီဒီယာများကိုပါ ကြားဖြတ် ရွေးကောက်ပွဲသို့ လာရောက်လေ့လာ စောင့်ကြည့်ကြရန် တရားဝင်ဖိတ်ခေါ်ထားသည်။
ပြီးခဲ့သည့် အင်္ဂါနေ့က လွတ်လပ်သော ရွေးကောက်ပွဲများ ဆိုင်ရာ အာရှကွန်ရက်(ANFREL)၏ ညွှန်ကြားရေးမှူး Somsri နှင့် အဖွဲ့ဝင်နှစ်ဦးသည် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ရာ အာဏာပိုင်များက ပြည်နှင်ဒဏ်ပေး၍ ပြန်လည် နှင်ထုတ်ခဲ့သည်။
Somsri က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာအစိုးရအနေဖြင့် ရိုးသားမှုရှိရန် လိုကြောင်းပြောကြားသည်။