မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား အငြင်းပွားနေသည့် ရေပိုင်နက်အပေါ် ခုံရုံး၏ ဆုံးဖြတ်ချက်အရ ရေနံရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နိုင်မည့် ရေပြင်ဧရိယာ မြန်မာနိုင်ငံ ပိုမိုရရှိကြောင်း အစိုးရက ပြောဆိုလိုက်သည်။
ရေပိုင်နက် အငြင်းပွားမှု ကိစ္စတွင် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ အခြေစိုက် နိုင်ငံတကာ ရေကြောင်းဥပဒေဆိုင်ရာ ခုံရုံး (International Tribunal for Law of the Sea – ITLOS) ၏ ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံမှ ရှာဖွေနေသည့် ရေနံလုပ်ကွက်များနှင့် သဘာ၀ ဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများ ထိခိုက်မှု မရှိကြောင်း ယမန်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်းက ရှင်းလင်းတင်ပြသည်ဟု ယနေ့ထုတ် အစိုးရသတင်းစာများ၌ ရေးသားထားသည်။
ဒေါက်တာ ထွန်းရှင်က “ITLOS ရဲ့သတ်မှတ်ချက် နယ်နိမိတ်မျဉ်းအရ မိမိတို့ လုပ်နေတဲ့ AD-7, AD-8, AD-9 ရေနံလုပ်ကွက်တွေ လွတ်လွတ်ကင်းကင်း ဖြစ်တဲ့အပြင် ကမ်းနီးပိုင်း ရေနံထုတ်လုပ်ဖို့ အလားအလာရှိတဲ့ ရေပြင်ဧရိယာ ပိုမိုရရှိလာတာကို တွေ့ရှိရပါတယ်” ဟု ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ၏ ပင်လယ်ပြင် နှစ်နိုင်ငံ နယ်နိမိတ်နှင့်ပတ်သက်၍ ITLOS ၏ နှစ်ဘက်လျှောက်လှဲချက်အပေါ် ကြားနာ အပြီးသတ် ဆုံးဖြတ်ချက်ချပြီး ဖြစ်၍ မြန်မာနိုင်ငံက ရှာဖွေတွေ့ရှိထားသည့် A1/A3 သဘာဝဓာတ်ငွေ့ သိုက်များနှင့် ကင်းလွတ်မှု ရှိမရှိ အခြေအနေများကို ပြည်သူများ သိရှိနိုင်ရန် လွှတ်တော်မှ ဖြေကြားပေးရန် လွှတ်တော်ကိုယ်စားလှယ် ဦးလွန်းသီက လွှတ်တော်၌ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
နအဖအစိုးရ လက်ထက် စွမ်းအင်ဝန်ကြီးဟောင်းနှင့် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဦးလွန်းသီ၏ မေးခွန်းအပေါ် ဒေါက်တာ ထွန်းရှင်၏ ဖြေကြားချက်ကို အစိုးရသတင်းစာ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်မြေပုံများနှင့်တကွ ဖြေဆို ရှင်းလင်းထားသည်ကို တွေ့ရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အငြင်းပွားနေသည့် ရေမိုင်၂၀၀ ရရှိသွားကာ စီးပွားရေးဇုန်အဖြစ် သတ်မှတ်ပိုင်ခွင့် ရရှိသွားကြောင်း ITLOS ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။ ထိုနေရာ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်း၊ ထုတ်ယူသုံးစွဲခြင်းနှင့် တ ခြား လုပ်ဆောင်မှုများ ရရှိမည်ဖြစ်ကြောင်း၊ ရေပြင် မိုင်၂၀၀ ကျော် ဒေသသို့မူ နှစ်နိုင်ငံစလုံးမှ ဝင်ရောက် ခွင့်ရမည် ဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံသည် ရေမိုင် ၂၀၀ ထက် ကျော်လွန်ခြင်း မပြုရေး၊ ရခိုင် ပင်မကမ်းရိုးတန်းမှ ရေမိုင် ၅၀ အထိသာ ရပိုင်ခွင့် ပေးရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တောင်းဆိုခဲ့ပေမယ့် ITLOS က ပယ်ချခဲ့ပါတယ်” ဟု ဒေါက်တာ ထွန်းရှင်က ဆိုသည်။
အငြင်းပွားမှုအား ယခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ITLOS က အပြီးသတ် ဆုံးဖြတ်ပေးခဲ့သည်။ ၁၄ ရက်နေ့ နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့ အပိုင်ရရှိသွားသည့် ရေပြင်၌ ရေတပ်သငေ်္ဘဘာများ ချထားပြီး စတင်ကင်း လှည့်နေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာများ ကိုးကား၍ နိဉ္စရာ သတင်းဌာနက ရေးသားထားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားရှိ စိန့်မာတင်ကျွန်း ခေါ် အုန်းကျွန်းအနီး ဘင်္ဂလားပင်လယ်ပြင်၌ သဘာဝဓာတ်ငွေ့သိုက် အများအပြားရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီးနောက်ပိုင်းတွင် ထိုနေရာအား သူပိုင်၊ ကိုယ်ပိုင် အငြင်းပွားခဲ့ရာမှ ဖြေရှင်းပေးရန် ITLOS သို့ ၂၀၀၉ ခုနှစ်က တင်ပြခဲ့ခြင်း ဖြစ်သည်။
ရေပြင်ဧရိယာ မိုင် ၂၀၀ ဝန်းကျင်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးလိုက်ရခြင်းအပေါ် ပြည်သူများ၏ မကျေနပ်မှုမျာနှင့် အစိုးရ လုပ်ဆောင်ချက် အားနည်းသည်ဟု ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။
အစိုးရကမူ မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် မိမိတို့ ရေပြင်ဧရိယာ မဆုံးရှှုံးစေရန် နိုင်ငံတကာ ဥပဒေပညာရှင်များ၊ တိုင်းတာရေး ပညာရှင်များကို ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း ဒေါက်တာ ထွန်းရှင်က ဆိုသည်။
ထိုကိစ္စအား မကျေနပ်သည့် ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနိုင်ငံသား ရခိုင်၊ ဗမာ လူမျိုးများနှင့် တခြား တိုင်းရင်းသား လူမျိုးများက လူထုဆန္ဒပြပွဲများ လုပ်ဆောင်သွားမည်ဟု နယ်စပ်ဒေသခံ တချို့က ဧရာဝတီကို ပြောသည်။ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံးကလည်း လူထုလှှုပ်ရှားမှုများ လုပ်ဆောင်ကြရန် ကြေညာချက်ထုတ် ပြန်ထားကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသည် ရေပြင်အပိုင် ရရှိပြီးနောက် အောင်ပွဲခဲမှုများ နေရာအနှံ့လုပ်ဆောင်နေကြကြောင်း သိရပြီး နိုင်ငံခြားရေးဝန်ကြီး Mrs. Dipu Moni ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပြည်သူများအတွက် အောင်ပွဲတခုဖြစ်ကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေးလည်း ပိုမိုကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်း မတ်လ ၁၄ ရက်နေ့က ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံဘက်က ရေပိုင်နက် ဧရိယာကို အညီအမျှ ခွဲဝေပိုင်ဆိုင်လိုသော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကမူ နိုင်ငံတွင်း ရှိသည့် လူဦးရေနှင့် စီးပွားရေးအခြေအနေ အပေါ်မူတည်၍ ရေပိုင်နက်အတွင်းရှိ သယံဇာတကို အချိုးကျ ရလိုကြောင်း တောင်းဆိုရာမှ ဖြေရှင်းမရ ဖြစ်ခဲ့ကြသည်။
လူဦးရေ အချိုးကျအတိုင်း ဆုံးဖြတ်မည်ဆိုပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူဦးရေ သန်း ၂၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် သန်း ၅၀ ကျော်သာ ရှိသောကြောင့် အချိုးကျ ခွဲယူရမည့်ကိစ္စကို မကျေနပ်ရာမှ စတင်၍ ပြဿနာကြီးထွားခဲ့ကြသည်။
၎င်းရေပိုင်နက် အငြင်းပွားရာနေရာ၌ ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာဘက်က သဘာဝဓာတ်ငွေ့ တူးဖော်ရာတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ရေတပ် စစ်သင်္ဘောများ စေလွှတ်ခဲ့ပြီးနောက် နှစ်နိုင်ငံ အပြန်အလှန် ရေတပ်စစ်သင်္ဘောများ စေလွှတ်ရာမှ ပိုမို တင်းမာလာခဲ့ခြင်းဖြစ်သည်။
ITLOS ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဒေါက်တာထွန်းရှင်က တရားမျှတစွာ ဆုံးဖြတ်ဆောင်ရွက်ခဲ့သည့်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ပင်လယ်နယ်နိမိတ် အငြင်းပွားမှုအား ငြိမ်းချမ်းစွာ ဖြေရှင်းပြီးစီးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ထိန်းသိမ်းသွားနိုင်မည်ဟု ပြောဆိုထားသည်။