အပတ်စဉ်ထုတ် မော်ဒန်ဂျာနယ်အား မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဆောက်လုပ်ရေး အင်ဂျင်နီယာက အသရေ ဖျက်မှုဖြင့် တရားစွဲထားသည့် အမှုကို ကျေအေးရန် နှစ်ဖက်သဘောတူ လိုက်ကြောင်း သတင်းရရှိသည်။

အထက်မြန်မာပြည် တာဝန်ခံ အယ်ဒီတာ ဦးကျော်ရင်မြင့်က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်၊ ဆောက်လုပ်ရေး ညွှန်ကြားရေးမှူးချုပ် ဦးကျော်လင်းတို့နှင့် ယမန်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် အမှုကျေအေးရန် နှစ်ဖက်သဘောတူညီခဲ့ခြင်း ဖြစ်သည်။
“သူတို့ဖက်ကလည်း မီဒီယာတွေနဲ့ အဆင်ပြေချင်တာဆိုတော့ ကျေအေးတဲ့လမ်းကြောင်းကို ရွေးချယ်ပါတယ်။ ကျနော်တို့ဖက်ကလည်း တိုင်းပြည်ကရှေ့ကို သွားနေချိန်မှာ တဦးနဲ့တဦး သူ့ဖက်ကိုယ့်ဖက် လျှော့ပြီးတော့ ကျေအေးပြီးတော့ သွားကြတာ ကောင်းတယ်လို့ မြင်တဲ့အတွက်ကြောင့် ကျေအေးဖို့ သဘောတူခဲ့ပါတယ်” ဟု ဦးကျော်ရင်မြင့်က ဧရာဝတီကို ပြောသည်။
ယမန်နှစ် နိုဝင်ဘာလ ၄ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြခဲ့သော “လမ်းလွှဲလေးတော့ ကောင်းစေချင်” သတင်းဆောင်းပါးတွင် မြို့နယ်အင်ဂျင်နီယာက တံတားဖြတ်သန်းခ ကောက်ခိုင်းသည်ဟု ယာဉ်မောင်းတဦးကို ကိုးကား၍ သတင်းထောက် မသက်စုအောင်က ထည့်သွင်းရေးသားခဲ့သည်။
ထို့ကြောင့် သပိတ်ကျင်းမြို့နယ် ဆောက်လုပ်ရေးအင်ဂျင်နီယာ ဒေါ်နွဲ့နွဲ့ရီက မော်ဒန်ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးဝေလျှံနှင့် သတင်းထောက် မသက်စုအောင်တို့ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ သပိတ်ကျင်း တရားရုံးက ဆင့်ခေါ်သောကြောင့် အယ်ဒီတာနှင့် သတင်းထောက်တို့ ယခုလ ၆ ရက်နေ့က သပိတ်ကျင်းသို့ ပထမဆုံးသွားရောက်ပြီး အာမခံယူကာ ပြန်လာခဲ့ကြသည်။
အမှုကျေအေးရန် ညှိုနှိုင်းပြီးနောက် နေပြည်တော်ရှိ ဆောက်လုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်လင်းက မော်ဒန်ဂျာနယ်ကို တရားစွဲဆိုထားသူ အင်ဂျင်နီယာ ဒေါ်နွဲ့နွဲ့ရီအား အမှုပိတ်သိမ်းပေးရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
မော်ဒန်ကလည်း တရားစွဲခံရသည်အထိ ဖြစ်စေခဲ့သော ယင်းသတင်းဆောင်းပါးနှင့် ပတ်သက်၍ ယနေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် ၃၀၂၊ စာမျက်နှာ ၂ တွင် အမှားပြင်ဆင်ချက် ထည့်သွင်းဖော်ပြပေးခဲ့သည်။
အမှားပြင်ဆင်ချက်၌ တံတားကြေး ကောက်ခံရန် မြို့နယ်အင်ဂျင်နီယာက ခန့်အပ်ထားခြင်း မရှိကြောင်းနှင့် ငွေကြေးကောက်ခံ ခြင်းလည်း မရှိပါကြောင်း ပြင်ဆင်ဖတ်ရှုပေးရန်ဟူ၍ ရေးသားထားသည်။
ယနေ့ အမှုရုံးချိန်းရှိသည့်အတွက် မော်ဒန်ဂျာနယ် တာဝန်ခံအယ်ဒီတာ၊ သတင်းထောက်နှင့် ရှေ့နေများ သပိတ်ကျင်းသို့ သွားရောက်ခဲ့ကြသည်။
“ဒီနေ့ရုံးချိန်းက ကျေအေးဖို့အတွက် ဦးတည်ပြီး လုပ်ကြမှာပါ။ သက်ဆိုင်ရာ မြို့နယ်အင်ဂျင်နီယာကလည်း ကျေအေးဖို့ ဆောင်ရွက်ပေးမယ့် အနေအထားမှာ ရှိပါတယ်” ဟု ဦးကျော်ရင်မြင့်က ပြောသည်။
မော်ဒန်ဂျာနယ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ အမှုကို နှစ်ဖက်သဘောတူညီချက်အရ ကျေအေးလိုက်ပြီ ဖြစ်သော်လည်း ပြည်တွင်း အပတ်စဉ်ထုတ် The Voice Weekly ဂျာနယ်နှင့် သတ္တုတွင်း ဝန်ကြီးဌာနတို့မှာ အမှုမှာမူ စတင်ရင်ဆိုင်နေပြီ ဖြစ်သည်။
သတ္တုတွင်း ဝန်ကြီးဌာနအား ငွေကြေးအလွဲသုံးစား ပြုလုပ်သည်ဟု ရေးသားသဖြင့် The Voice Weekly ဂျာနယ်အား အသရေဖျက်မှုဖြင့် တရားစွဲဆိုထားသည့်အမှုကို ယမန်နေ့က ရန်ကုန်တိုင်း ဒဂုံမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ကြားနာခဲ့ကြောင်း၊ ဒဂုံတရားရုံးက လာမည့် ဧပြီလ ၄ ရက်နေ့တွင် ထိုအမှုအား ဒုတိယအကြိမ် ကြားနာရန် ချိန်းဆိုထားကြောင်း သိရသည်။