ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး ပါတီ) ၏ အတွင်းရေးမှူး ဗိုလ်မှူးကြီးဟောင်း ဦးအောင်သောင်းက ၎င်း၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် ပုတ်ခတ်ပြောဆိုမှုများ လုပ်ခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တရုတ်ယူနန်ဘုံကျောင်း တခုတွင် ယခုလ ၁၈ ရက်နေ့က ဒေသခံများကို မဲဆွယ်စည်းရုံးရေး ဟောပြောရာတွင် ၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာကို အားကိုးပြီး အမျိုးကို စောင့်ထိန်းခြင်းမရှိသူဟု ဦးအောင်သောင်း က စွပ်စွဲပြောဆိုခဲ့ကြောင်း ဒီမိုကရက်တစ်မြန်မာ့ အသံ(DVB) က ထုတ်လွှင့်သော ရုပ်သံအစီအစဉ်၌ တွေ့ရသည်။
“၉၀ ခုနှစ်က ပါတီတွေရဲ့ အခြေအနေကို ကြည့်ရင်သိနိုင်ပါတယ်။ ဟိုအားကိုး၊ ဒီအားကိုးနဲ့ အမျိုးကို ပစ်ထားတဲ့။ အမျိုးကို စောင့်ထိန်းခြင်းမရှိတဲ့ အပြုအမူတွေ၊ ဆောင်ရွက်ချက်တွေ အများကြီးရှိခဲ့တယ်”ဟု ဦးအောင်သောင်း က ဒေသခံတွေကို ပြောဆိုခဲ့သည်။
ထို့အတူ လွှတ်တော်တွင်လည်း ကြံ့ခိုင်ရေးပါတီကသာ အင်အားအကြီးဆုံးဖြစ်ခြင်းကြောင့် ဥပဒေကို စိတ်ကြိုက်ပြင်ဆင် နိုင်ကြောင်း တက် ရောက်လာသည့် ဒေသခံ ၈၀၀ ခန့်ကို ပြောဆိုခဲ့သည်။ ဦးအောင်သောင်း၏ မဲဆွယ်ပွဲကို ပြင်ဦးလွင်မြို့ပေါ်ရှိ ဒိုးပင်၊ ဖောင်းတော ရပ်ကွက်များမှ တရုတ်လူမျိုး အများစု တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးအောင်သောင်းသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တချို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန်အတွက် သမ္မတ ဦးသိန်းစိန် ဖွဲ့စည်း ပေးထားသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်သည့် အဖွဲ့တွင်ခေါင်းဆောင်တဦး အဖြစ်လည်း တာဝန်ယူထားသူ ဖြစ်သည်။
ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နေပြည်တော် မဲဆန္ဒနယ်များတွင် ရာနှုန်းပြည့် အနိုင်ရရှိမည်ဟု ယုံကြည်ထား သကဲ့သို့ အခြားလစ်လပ် မဲဆန္ဒနယ်မြေအားလုံးနီးပါးတွင်လည်း ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိလိမ့်မည်ဟု ယုံကြည်ထားကြောင်း ပြည်တွင်းဂျာနယ် တချို့ကိုလည်း ဦးအောင်သောင်း က ပြောဆိုထားသည်။
၎င်းသည် မကြာသေးမီက ရန်ကုန်အခြေစိုက် လျှပ်တပြက် ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေး ခရီးစဉ်တွင် ဒေသခံများ တခဲနက်ကြိုဆိုနေခြင်းများနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့သေးသည်။
“အရှေ့ အလယ်ပိုင်း ပုံသဏ္ဌာန်တွေဖမ်းနေတာပေါ့။ ရှိလည်းရှိမှာပေါ့။ လူထုတွေ တအားထောက်ခံတယ်ဆိုတဲ့ ပုံပန်းကို သူက ပြနေတာ ဒါက တော့ နိုင်ငံရေးအရ Image ကောင်းအောင်ပေါ့ဗျာ။ ဒါက လူထုတွေ တအားထောက်ခံတယ်။ ကြိုဆိုတယ်ပေါ့ဗျာ။ ဒါက လုပ်လို့ လွယ်တဲ့ ကိစ္စပါ။ အခုလည်းပဲ ဟိုက ဒီက ခေါ်ထားရင်ရပါတယ်။ မြို့ခံ၊ နယ်ခံတွေ ဘယ်လောက်ပေါတယ်ပေါ့။ အဲ့လိုနဲ့ သူ့ကိုမဲပေးမယ်လို့ ပြောလို့မရပါဘူး”ဟု လျှပ် တပြက် ဂျာနယ်တွင် ပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ ပြောဆိုခဲ့ကြောင်း၊ ထိုသို့ပြောဆိုနေသော် လည်း ယင်းခရီးစဉ်များတွင်ပင် တရားဥပဒေကို လိုက်နာမှုရှိမရှိ ဆန်းစစ်ရန်လိုအပ်ကြောင်း ဦးအောင်သောင်းက ပြောသည်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေးဟောပြောရာတွင် ပြည်သူများအတွက် လုပ်ဆောင်ပေးနိုင်မှုနှင့် ပတ်သက်၍ မည်သည့် ကတိမှ မပေးနိုင်သေးကြောင်း ပြောဆိုခြင်းများသည်၊ ရှေ့တွင် ပြည်သူ့အကျိုးကို လုပ်ဆောင်နေသူများအား သရော်သည့် သဘောမျိုး သက်ရောက်သည်ဟု ဦးအောင်သောင်းက မှတ်ချက်ပြု ပြောဆိုသည်။
“တကယ်တမ်းကျတော့ ဘာမှမပေးနိုင်ဘူး ဘာမှမလုပ်နိုင်ဘူး ဆိုတာတွေက ဘာကတိမှလည်း မပေးနိုင်ဘူးဆိုတာတွေက ကတိပေးထားတဲ့ သူတွေကို သရော်တာ။ ပြည်သူ့အကျိုးလုပ်နေတဲ့ သူတွေကို ကိုယ်မလုပ်နိုင်လို့ ဝေဖန်တဲ့သဘောလည်း ဆောင်တယ်။ တကယ်တမ်းကတော့ ဒါက မလုပ်သင့်ပါဘူး။ ပြည်သူ့အကျိူးပြုလုပ်တာကောင်းတယ် လို့ပြောရမှာပေါ့”ဟု ဦးအောင်သောင်း က ဖြေဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ကြံ့ခိုင်ရေးခေါင်းဆောင်တဦးက ယင်းသို့ ဝေဖန်ပြောဆိုမှုများရှိနေသကဲသို့ NLD ပါဝင်သော မဲဆန္ဒနယ် တချို့တွင် လက်နက်ဖြင့် တိုက်ခိုက်မှုများ၊ ပါတီဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်းများ၊ ပုဂ္ဂိုလ်ရေးအရ ဝေဖန် တိုက်ခိုက်သော ဗီစီဒီနှင့် စာရွက်စာတမ်းဖြန့်ဝေမှုများလည်း ရှိနေသည်။
မကြာခင်ရက်ပိုင်းအတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ် ကော့မှူးနှင့် ဒလ ဖြတ်သန်းသည့် ကားလမ်းတွင် ကော့မှူး ဒေသခံများ အလုပ် လက်မဲ့ ဖြစ်ရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ရန် လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိသွားလျှင် နိုင်ငံခြားတိုင်းပြည်များက ဝင်ရောက်ချယ်လှယ်မှုတွေ ရှိလာနိုင်ကြောင်း ပုတ်ခတ်ရေးသားသည့် စာများလျှို့ ဝှက်ဖြန့်ဝေမှုများ ရှိနေသည်ဟု ကော့မှူး မြို့နယ် NLD မဲအောင်နိုင်ရေးအဖွဲ့ တာဝန်ရှိသူ ဦးမြင့်သိန်း က ဧရာဝတီသို့ ပြောသည်။
ယမန်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးသို့ မဲဆွယ်စည်းရုံးရေး ခရီး သွားရောက်ခဲ့သေးသည်။
အလားတူ လှည်းကူးမြို့နယ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ပုတ်ခတ်သည့် မေးခွန်းများ၊ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ရည်ရွယ် သော ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် အကြောင်းအရာများ ပါဝင်သည့် စီဒီခွေများအားလျှို့ဝှက်ဖြန့်ဝေသူ တချို့ရှိနေသကဲ့သို့ ကြံ့ခိုင်ရေး ကိုယ်စားလှယ် တချို့မဲဆွယ်ရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက် မဲဆွယ်မှုများရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ မသမမှုများ များပြားနေခြင်းကြောင့်၊ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ ကော်မရှင် နှင့် အစိုးရတို့အနေဖြင့် တရားဝင် စာထုတ်ပြန်ခြင်း၊ သတိပေးခြင်းများ ပြုလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က RFA မြန်မာပိုင်း၌ အပတ်စဉ်ထုတ်လွှင့်လျက်ရှိသော ဒီမိုကရေစီနှင့် ခရီးကြမ်း အစီအစဉ်တွင် ထည့်သွင်းပြောဆိုသွားသည်။
“မသမာမှုလေးတွေကတော့ ဆက်ဖြစ်နေတယ်။ ဆက်ဖြစ်နေတယ်တင် မကဘူး၊ ထပ်တိုးဖြစ်နေတယ်လို့တောင် ပြောရမလား မသိဘူး။ ကျမတို့ကိုယ်စားလှယ် ဥတ္တရသီရိက ဦးမင်းသူကို လောက်လေးဂွနဲ့ ပစ်တယ်ဆိုပေမယ့် သူပစ်လိုက်တဲ့ဟာက သစ်သား အချွန်လေးနဲ့ပေါ့နော်။ ပစ်တာ ဦးမင်းသူကို မထိဘဲနဲ့ အနားက မိန်းကလေးတယောက်ကို ထိသွားတယ်။ အဲဒါတွေက တော့ နည်းနည်း လွန်လာပြီလေ။ ပုပ္ပသီရိနဲ့ ဒက္ခိဏ သီရိ ထင်တယ်။ အဲဒီ၂ နေရာမှာ ဆိုင်းဘုတ်တွေကို သူတို့ ဖျက်ဆီးတာပေါ့နော်။ ဓားနဲ့လှီးပြီးတော့ ထုတ်တာတွေ ဘာတွေဟာ အဲဒါ မဖြစ်သင့်ဘူး။ အထူးသဖြင့် နေပြည်တော်မှာ ဖြစ်တယ်ဆိုတာဟာ အင်မတန်မှ အကျည်းတန်တယ်”ဟု ပြောဆိုထားသည်။
လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီ နှင့် NLD ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲဆန္ဒနယ်မြေ ၄၈ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။