ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ဒေသအခြေစိုက် စစ်တပ်ခေါင်းဆောင်များနှင့် ဌာနဆိုင်ရာ အရာရှိကြီးများက ဦးဆောင် ၍ ၆၇ နှစ် မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကျင်းပသော ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဗုံး နှစ်လုံး ပေါက်ကွဲသဖြင့် ရပ်နားလိုက်ရကြောင်း တာချီလိတ်မြို့နယ် ရဲစခန်း က ပြောသည်။
တာချီလိတ်မြို့ ဆန်ဆိုင်း ရပ်ကွက်ရှိ ရီဂျီးနား ဂေါက်ကွင်းတွင် ဒေသအခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်စိုး၊ ဒုရဲမှူးကြီး အုန်းကျော် တို့နှင့်အတူ ဌာနဆိုင်ရာ အရာရှိများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ယမန်နေ့က ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပနေစဉ် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
အာဏာပိုင်များ ပွဲစပြီး နံနက် ၇ နာရီခန့်တွင် ပထမတစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာမရရှိသော်လည်း ဒုတိယ ပေါက်ကွဲမှုတွင် ဂေါက်ကွင်းဝန်ထမ်း တဦးနှင့် ဂေါက်ကစားသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီးနောက် ပြိုင်ပွဲကိုပါ ရပ်နားလိုက်ရသည်ဟု ဆိုသည်။
“ချိန်ကိုက်ကို လုပ်ကြံဖောက်ခွဲတဲ့သဘောပါ။ ပထမတစ်လုံးပေါက်တာက နည်းနည်းဝေးတော့ မထိဘူး။ တပ်ကိုခေါ်ပြီးရှာခိုင်းတဲ့ အချိန် ဒုတိယ တလုံးထပ်ပေါက်တော့မှ ဝန်ထမ်းတဦးနဲ့ ကစားနေတဲ့လူတဦးထိသွားတာပါ”ဟု တာဝန်ကျ ရဲအရာရှိ တဦးက ဧရာဝတီ သို့ ပြောသည်။
ဒုတိယအကြိမ်ပေါက်ကွဲမှု၌ ဗုံးစများထိမှန်ကာ မျက်နှာနှင့် နောက်ကျောများတွင် ဒဏ်ရာရရှိသွားသော ဂေါက်ကွင်း ဝန်ထမ်း ကိုဇော်ရဲမင်းနှင့် ဦးအားဗြာတို့ကို ဆေးရုံသို့ ပို့ထားကြောင်း၊ အသက်အန္တရာယ်စိုးရိမ်စရာမလိုကြောင်း ရဲကပြောသည်။ လက်သည် တရားခံအား သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူရန် ရှာဖွေနေသည်ဟုလည်း ဆိုသည်။
အာဏာပိုင်များနှင့် နီးစပ်သူ တာချီလိတ်မြို့ခံတဦးကမူ“လုပ်တာကတော့ လူကြီးတွေကိုလုပ်တာ၊ ဒါပေမယ့် အချိန်ကကွက်တိမကျဘူးဖြစ်နေတဲ့ပုံ ရှိတယ်။ ပေါက်တဲ့နေရာက ကျင်းအမှတ် ၁၇ နားမှာ အဲဒီအချိန် လူကြီးတွေက ကျင်းအမှတ် ၁ နားမှာ စကစားတုန်း ရှိသေးတယ်။ ဒုတိယအလုံးက ကျင်းအမှတ် ၁၈ မှာ တပ်ကဝင်ရှာနေချိန်၊ ဝန်ထမ်းကအရင်သွားရှာရင်းကနေ ထိသွားတာ”ဟု ပြော သည်။
ပေါက်ကွဲမှုကြောင့် အာဏာပိုင်များက ဂေါက်ကွင်းအနှံ့ ရှာဖွေစုံစမ်းခြင်းများပြုလုပ်ခဲ့ပြီး ဂေါက်ကွင်းအနီးနှင့် မြို့တွင်းလမ်းတချို့တွင် လည်း ရှာဖွေစစ်ဆေးမှုများပြုလုပ်နေကြာင်း တာချီလိတ်မြို့ခံများက ပြောပြသည်။ ဂေါက်သီးရိုက်ပြိုင်ပွဲကို နောက်ရက်များ၌ ဆက်လက် ကျင်းပဖြစ်၊ မဖြစ်ကိုမူ မသိရှိရသေးပေ။
မတ်လ ၂၃ရက်နေ့ည ၁ နာရီခန့် ကလည်း တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်အနီးရှိ လမ်းဘေးဓာတ်တိုင်အား ကားတစ်စီးကဝင်တိုက်ခဲ့သဖြင့် ဓာတ်အားပေးစက် ပျက်စီးသွားပြီး ရပ်ကွက်အတွင်း မီးပျက်နေသည်ဟု ဆိုသည်။ ကားမောင်းသူနှင့် နှစ်ဦးမှာလည်း ဒဏ်ရာများ အသီးသီးရရှိသွားကြောင်း စုံစမ်းသိရှိရသည်။ ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသူ နှစ်ဦးအား မသင်္ကာမှုဖြင့် ရဲက စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
“အဲဒီကားမှာပါတဲ့ နှစ်ယောက်လုံးက ဆေးရုံမှာ တစ်ယောက်က ဒီတာချီလိတ်ဆေးရုံမှာ ချေထောက်ကျိုးလို့၊ နောက်တစ်ယောက် ကတော့ စိုးရိမ်ရတယ်ဆိုပြီး ထိုင်းဘက်ကမ်း မယ်ဆိုင်ဆေးရုံကိုပို့ထားတယ်။ သူတို့ကို ဗုံးထောင်ပြီး အလောတကြီးထွက်ပြေး တာလား ဆိုတဲ့သဘောနဲ့ စစ်တာ”ဟု မြို့ခံက ပြောသည်။
တာချီလိတ်မြို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်းနိုင်ငံနယ်စပ် မယ်ဆိုင်မြို့နှင့် မျက်နှာချင်းဆိုင်တွင်ရှိပြီး မူးယစ်မှောင်ခိုသမားများ ကျက်စားရာနေရာလည်းဖြစ်သည်။ ယခင်လလယ်ပိုင်း ကလည်း ယင်းမြို့နယ်တွင် စိတ်ကြွဆေးပြား ၈ သန်းခွဲ ကျော်နှင့် လက်နက် ခဲယမ်းများ ဖမ်းဆီးမိခဲ့သေးသည်။