သတင်း မီဒီယာသမားများ လွတ်လပ်စွာ ထုတ်ဖော် ရေးသားနိုင်ခွင့် အတွက် လွတ်လပ်သော မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း ကို မကြာမီ ဖွဲ့စည်းသွားရန်စီစဉ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း ဖွဲ့စည်းပြီးပါက ပထမဆုံး တောင်းဆိုမည့် ကိစ္စသည် လက်ရှိရေးဆွဲနေသည့် မီဒီယာ ဥပဒေ ၌ သတင်းမီဒီယာသမား များအား ထိန်းချုပ်မည့် ဥပဒေ နှင့် မလိုအပ်သည့် ဥပဒေ ပုဒ်မ များအား ရုပ်သိမ်းပေးရေး၊ ပြင် ဆင်ပေးရေး စသည်တို့ကို တောင်းဆိုသွားမည်ဟု မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း ဖြစ်မြောက်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ရိုက်တာသတင်း ဌာန မှ ဦးအောင်လှထွန်း က ဧရာဝတီ ကို ပြောသည်။
“သတင်းထောက်တွေကို အပြည့်အ၀ အကာအကွယ်ပေးနိုင်မယ့် လွတ်လပ်တဲ့ သတင်းထောက်အသင်းကြီး တခုပေါ်ထွန်းဖို့ လုပ်ဆောင်သွားမှာပါ၊ လွတ်လပ်တဲ့မီဒီယာ ဖြစ်လာဖို့ အစိုးရလည်းပဲ အားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဦးအောင်လှ ထွန်းက ဆိုသည်။
ယနေ့ ခေတ် သတင်းမီဒီယာ သမားများသည် အင်တာနက် အသုံးပြုလုပ်ဆောင်ရသည့် အတွက် သတင်းထောက်များအား အချိန်မရွေး ဒုက္ခပေးနိုင်သည့် အီလက်ထရွန်နစ် အက်ဥပဒေ ကို ဖျက်သိမ်းပေးရေးကိုလည်း အဓိကထား လုပ်ဆောင် သွား မည်ဟု ၎င်းက ဆက်ပြောသည်။
၎င်းက“အီလက်ထရွန်နစ် ဥပဒေ က ယနေ့ခေတ် သတင်းသမားတွေ အကာအကွယ်ပေးရေး ကိစ္စအတွက် အရမ်း အရေးကြီး တယ်၊ ဥပမာ- ခလုတ် တချက်နှိပ်တာ မှားရင် ထောင် ၁၅ နှစ် ဆိုတဲ့ ဥပဒေမျိုးဟာ သတင်းသမားတွေအတွက် မထားသင့် ဘူး”ဟု ဆိုသည်။
မတ်လ ၂၄ ရက်နေ့က မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ အရေးပေါ် ညီလာခံတခုကို ခေါ်ယူ ကျင်းပခဲ့ပြီး ထိုညီလာခံ၌ မြန် မာနိုင်ငံ သတင်းစာဆရာများ အသင်း၊ မြန်မာနိုင်ငံ စာရေးဆရာများ အသင်း၊ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိသူများ အသင်း တို့ကို အသစ်ပြန်လည် ဖွဲ့စည်းသွားရန် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း မတ်လ ၂၅ ရက်နေ့ထုတ် အစိုးရ သတင်းစာများ၌ ရေး သား ထားသည်။
မီဒီယာ လောကအား ခေတ် စနစ်နှင့်လျော်ညီမည့် အပြောင်းအလဲများ လုပ်ဆောင်နေပြီး ယခုဖွဲ့စည်းမည့် အသင်းအဖွဲ့များမှ တဆင့် အနာဂတ်တွင် မီဒီယာ ဖက်ဒရေးရှင်းကြီး တခု သို့မဟုတ် မီဒီယာ အသင်းချုပ်ကြီး အဖြစ် ပူးပေါင်း အကောင်အ ထည် ဖော် ရပ်တည်နိုင်ရန် ဆောင်ရွက်ရေး ကြိုးစားနေခြင်းနှင့် ပတ်သက်၍လည်း ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း က ညီလာခံ၌ ပြောဆိုသွားသည်။
“ဖက်ဒရေးရှင်းကြီး (သို့မဟုတ် ) မီဒီယာ အသင်းချုပ်ကြီး တခု အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတယ်လို့ ကြားသိထား ပါတယ်၊ အဲဒီအတွက် အခြေခံ ခိုင်မာတဲ့ အဖွဲ့တွေ ကနဦး ပေါ်ပေါက်ဖို့ အခြေခံ စည်းမျဉ်းတွေ ရေးဆွဲ အတည်ပြုနိုင်ရေး အရင် လုပ်ရမယ်”ဟု ဦးကျော်ဆန်း က ဆိုသည်။
ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ခံ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့ကြီးအား ဖျက်သိမ်းရန် ညီလာခံ၌ သဘော တူညီမှု ရရှိခဲ့ကြောင်း သိရပြီး ထိုအဖွဲ့ အစား ပေါ်ပေါက်လာမည့် အထက်ပါ အဖွဲ့ အစည်း ၃ ဖွဲ့သည် မည့်သည့်ဌာန၏ လက်အောက်ခံ အဖွဲ့မှ မဟုတ်ဘဲ သီးခြား လွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်ကြောင်း သိရသည်။
ထိုအဖွဲ့အစည်းများသည် လွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်၍ အစိုးရအဖွဲ့၏ လက်အောက်ခံ၊ နိုင်ငံရေးပါတီများ ၏ လက် အောက်ခံ အဖွဲ့အစည်းများ မဟုတ်သည့် NGO အဖြစ် လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရကြမည်ဟုလည်း ဦးကျော်ဆန်း က ယင်း ညီလာခံ၌ ပြောဆိုသွားသည်။
မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း ဖြစ်မြောက်ရေး ကော်မတီ၏ ဥက္ကဋ္ဌ အဖြစ် သတင်းစာဆရာကြီး ဖိုးသောကြာ (ဦးခင်မောင်လေး )က ဆောင်ရွက်မည် ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ဝါရင့် သတင်းစာ ဆရာကြီးများ နှင့် သမ္မတ အကြံပေး ဦးကိုကိုလှှိုင် တို့ ပါဝင်ကြောင်း သိရသည်။
ထိုသို့ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း ဖွဲ့စည်းပြီးပါက လွတ်လပ်စွာ ရေးသားခြင်း၊ ထုတ်ဝေခြင်း တို့ လုပ်ဆောင်လာနိုင်မည် ဖြစ်၍ သတင်းမီဒီယာ သမားများ အနေဖြင့် မိမိတို့၏ ကျင့်ဝတ်များ စောင့်ထိန်းရေး၊ အကာအကွယ် ပေးရေးကိစ္စများ ကို အလေးထားမှုသည် အရေးကြီးသည့် ကိစ္စဖြစ်လာမည်ဟု ဦးအောင်လှထွန်းက ဆိုသည်။
သတင်းမီဒီယာ လွတ်လပ်ခွင့်အား ဆောင်ရွက်ပေးနေကြောင်း အစိုးရ တာဝန်ရှိသူ တချို့ကပြောဆိုနေပြီး တဘက်တွင်လည်း ဆင်ဆာ ဖြတ်တောက်မှု၊ သတင်းဂျာနယ် တချို့အား အရေးယူ တရားစွဲဆိုမှုများ လုပ်ဆောင်လျက် ရှိကြောင်း၊ ထိုကိစ္စများအား လျှော့ချရေးနှင့် မီဒီယာလွတ်လပ်ခွင့် အမြန်ဆုံး ဖြစ်ပေါ်ရေးအတွက် မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းကို အမြန် ဆုံး ဆောင်ရွက်သွားမည်ဟု သိရသည်။
လက်ရှိအစိုးရက မီဒီယာ ဥပဒေသစ်ကိုလည်း ရေးဆွဲနေပြီး ယခုနှစ်အတွင်း လွှတ်တော်၌ အတည်ပြု၍ လာမည့်၂၀၁၃ ခုနှစ် တွင် အသက်ဝင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ဖော်ပြောဆိုထားရာ ယင်းဥပဒေတွင် မီဒီယာ သမားများကို ပိုမို တင်း ကျပ် မှုများ ပါဝင်လာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။