ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ Arakan Libration Party (ALP) ပါတီမှ ဒု ဥက္ကဌ ဦးခိုင်စိုးနိုင်အောင် ခေါင်းဆောင်သော အဖွဲ့သည် ဧပြီ လဆန်းတွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် ထိုင်း-မြန်မာ နယ်စပ်မှ မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့ က တရားဝင် စာပို့ကာ ကမ်းလှမ်းခဲ့သဖြင့် ယခုကဲ့သို့ ငြိမ်းချမ်းရေးဆွေးနွေးရန် အစီအစဉ် ဖြစ် ပေါ်လာခြင်းဖြစ်သည်ဟု ဦးခိုင်စိုးနိုင်အောင်က ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့ဝင်တဦးဖြစ်သည့် ဗိုလ်မှူးကြီးဟောင်း စောခင်စိုးက ကိုယ်တိုင်လာရောက် တွေ့ဆုံကမ်းလှမ်းခဲ့ပြီး နောက် ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့၏ လက်မှတ်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ကြား စာ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
မတ်လ ၃၁ ရက်နေ့တွင် စတင်သွားရောက်မည့် အဆိုပါ ဆွေးနွေးပွဲမှာ ပြည်နယ်အဆင့် ဆွေးနွေးပွဲဖြစ်ပြီး ယင်းဆွေးနွေးပွဲ နောက် ပိုင်းတွင် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများကို ဆက်လက်ဆွေးနွေးကြမည်ဟုလည်း သိရသည်။
“ပြည်နယ်အဆင့်ဆွေးနွေးတဲ့အခါ အဓိကအချက် ၆ ချက်ထည့်သွင်းဆွေးနွေးသွားဖို့ ရှိပါတယ်”ဟု ဦးခိုင်စိုးနိုင်အောင်က ပြောပြသည်။
ယင်း အဓိကအချက်များမှာ အပစ်အခတ် ရပ်စဲရေး၊ အပစ်အခတ် ရပ်စဲထားစဉ် ကာလအတွင်း နှစ်ဘက်တပ်ဖွဲ့ဝင်များသည် ကန့်သတ် နယ်မြေများအတွင်းသို့ လက်နက် ကိုင်ဆောင်၍ ဖြတ်သန်းသွားလာခြင်း မပြုရန်၊ အပစ်အခတ် ရပ်စဲထားစဉ် ကာလအတွင်း သတ်မှတ်ထားသော နယ်မြေအတွင်းမှ အစိုးရ စစ်တပ် အားလုံး ဆုတ်ခွာပေးရန်၊ ဆက်သွယ်ရေး ရုံးများ ဖွင့်လှစ်ရန်၊ ALP ရဲဘော် များအနေဖြင့် လက်နက် မကိုင်ဆောင်ဘဲ တနိုင်ငံလုံးသို့ လွတ်လပ်စွာ သွားလာခွင့် ပြုရန်၊ တပြည်လုံးအတိုင်းအတာ ဆောင် သော အပစ်အခတ် ရပ်စဲရေးကို ကျေညာပေးရန် စသည်တို့ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်ထောင်စု အဆင့်ဆွေးနွေးပွဲသို့ ရောက်လျှင် ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်နိုင်ရန်အတွက် သင့်လျော်သော နယ်မြေ ဒေသများကို တောင်းဆိုရန် အစီအစဉ်ရှိကြောင်းလည်း ဦးခိုင်စိုးနိုင်အောင်က ဆက်ပြောသည်။
“ပြည်နယ် ဖွံ့ဖြိုးရေးလုပ်နိုင်မယ့် နေရာတွေကို ကျနော်တို့ လျာထားတာ ရှိတယ်။ ပြည်သူတွေကို အထောက်အကူ အများဆုံး ပြုနိုင်မယ့်နေရာတွေကို တောင်းမယ်လို့ ရည်ရွယ်ထားတယ်”ဟု ၎င်းက ဆိုသည်။
ယခု ခရီးစဉ်၌ ထိုင်းမြန်မာ နယ်စပ်မှ သွားမည့် ဒု ဥက္ကဌ ဦးခိုင်စိုးနိုင်အောင်မှာ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ၎င်းနှင့်အတူ ခိုင်စံထွန်း အောင်၊ ခိုင်ဘုန်းမြတ်ဇော်၊ ခိုင်လှရွှေ၊ ခိုင်မင်းညို၊ ခိုင်ရဲလင်း၊ ခိုင်မျိုးထက်အေင်တို့ လိုက်ပါသွားကြမည် ဖြစ်သည်။
ALP ကို ၁၉၆၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တပ်ဖွဲ့ဝင်များသည် အိန္ဒိယ-မြန်မာ နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်နှင့် ထိုင်း-မြန်မာ နယ်စပ်ဒေသများကို အခြေပြု လှုပ်ရှားလျက် ရှိကြောင်း၊ ယခုငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ယင်းဒေသ သုံးခု စလုံးမှ အဖွဲ့ဝင်များသည် စစ်တွေမြို့တွင် ဧပြီလ ၂ ရက်နေ့ ၌ ပေါင်းဆုံကြမည် ဖြစ်ကြောင်း သိရသည်။